လက်တွဲဖော်ကောင်းဆိုတာ……

ဘဝမှာ လက်တွဲဖော်မရှိဘဲ တစ်ဦးတည်းရှင်သန်ဖို့က မဖြစ်နိုင်ဘူးလို့ ဆိုတတ်ကြပါတယ်။ ဘုရားရှင်တောင်မှ ပါရမီဖြည့်ဖက်ရှိမှ ပွင့်နိုင်တယ်ဆိုတဲ့ စာသားတောင် ရှိပါသေးတယ်။ တကယ်တော့ ဘဝမှာ တစ်ဦးတည်းရှင်သန်လို့ မရဘူးလို့တော့မဟုတ်ပါဘူး။ ကာယကံရှင်နဲ့သာ သက်ဆိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် မိသားစုရယ်၊ မျိုးဆက်ရယ်၊ အသိုင်းအဝန်းရယ်လို့ ရှိတဲ့အခါမှာတော့ အထောက်အကူရလိုရငြားဆိုတဲ့စိတ်လေးနဲ့ ဘဝအတွက်လက်တွဲဖော်လိုတယ်လို့ပြောကြတာဖြစ်ပါတယ်။ ကိုယ့်ဘဝမှာ ကိုယ်ကအမြဲတမ်းကျန်းမာသန်စွမ်းနေလို့ ကိုယ့်အားကိုယ်ကိုးခဲ့တယ်ဆိုရင်တောင် ကိုယ့်ဘဝရဲ့နေဝင်ချိန်မှာ ကိုယ်ကဘယ်လိုမှ စွမ်းသာတော့မယ်မထင်ပါဘူးနော်။ အဲဒီ့အခါမှာ ငွေကြေးအရ၊ လိုချင်တပ်မက်မှုအရ ကိုယ့်အနားမှာ ကိုယ်ခြွေနိုင်လို့ ရံတဲ့အရံတွေထက် ကိုယ့်ရဲ့သွေးသားအရင်းအခြာတွေရှိနေတဲ့အခါ ကိုယ်ထံက လိုချင်လို့အနားကပ်နေသူတွေထပ်စာရင်တော့ ပိုသာနိုင်တယ်ဆိုတဲ့ ယေဘုယျအကြောင်းပြချက်ကြောင့်လည်းဖြစ်ပါတယ်။


ဘယ်သူမဆို ကိုယ်မစွမ်းသာတော့တဲ့အချိန်မျိုးမှာ ကိုယ့်ဆီက အကျိုးတစ်စုံတစ်ရာမျှော်ကိုးပြီး အနားကပ်နေတဲ့သူတွေက ကိုယ့်ကို ရင်ထဲကစေတနာပါပါနဲ့ ပြုစုစောင့်ရှောက်ချင်ကြမှာမဟုတ်ပါဘူး။ ကိုယ့်ဆီက ရစရာရှိတာရပြီးတဲ့အခါ ကိုယ့်ကိုလည်း ပစ်ထားခဲ့ဖို့ ဝန်လေးမှာမဟုတ်ပါဘူးနော်။ အဲဒါကြောင့် မိသားစုဆိုတဲ့ ကိုယ်တိုင်ပြုစုပျိုးထောင်ခဲ့တဲ့သားသမီးတွေကသာ ကိုယ့်အနားမှာ ကျန်ရစ်နိုင်မှာဖြစ်ပါတယ်။

အဲဒီ့လို အကြောင်းအရာကိုရှေ့ရှုပြီး ဘဝမှာ လက်တွဲဖော်မရှိဘဲ မဖြစ်နိုင်ဘူးလို့ အကြမ်းဖျင်းသတ်မှတ်ကြတာပါ။ ဒါပေမယ့်လည်း ဘဝရဲ့လက်တွဲဖော်က ကိုယ့်အတွက် စစ်မှန်တဲ့လက်တွဲဖော်ဖြစ်ဖို့လည်း လိုပါသေးတယ်။ ကိုယ့်ဘဝအတွက် အဆိပ်အတောက်လို လက်တွဲဖော်ဖြစ်နေခဲ့ရင်တော့ ကိုယ့်ဘဝတစ်လျှောက်လုံး ဘဝအဆုံးသတ်ချိန်အထိ ထိုမကောင်းတဲ့လက်တွဲဖော်ရဲ့ ဒဏ်ကို ခံစားသွားရမှာဖြစ်ပါတယ်။

အဲဒါဆိုရင် ဘဝရဲ့လက်တွဲဖော်ကောင်းဖြစ်နေခဲ့ရင်တော့ ကိုယ့်ဘဝရဲ့အိုမင်းမစွမ်းချိန်မှာတောင် တစ်ယောက်ကိုတစ်ယောက်ဖေးမရင်း ကူညီရင်း အတူအိုမင်းရင်း ဘဝရဲ့နောက်ဆုံးနေ့ရက်ကို ဖြတ်သန်းသွားနိုင်ပါလိမ့်မယ်။ တချို့တွေက ငွေကြေးချမ်းသာသူမျိုးကို ရွေးချယ်ခြင်းက ဘဝအတွက် အာမခံရှိတယ်လို့ ပြောတတ်ကြပါတယ်။ တကယ်တော့ ငွေကြေးချမ်းသာတဲ့သူကို ကိုယ့်ဘဝရဲ့လက်တွဲဖော်အဖြစ် ရွေးချယ်ခြင်းက လက်တွဲဖော်အစစ်ကိုရခြင်းမရခြင်းနဲ့ မသက်ဆိုင်ပါဘူး။ ငွေကြေးချမ်းသာတိုင်းလည်း ကိုယ့်ဘဝရဲ့လက်တွဲဖော်ကောင်းဖြစ်ချင်မှဖြစ်မှာပါ။

ဘဝဆိုတာက အမြဲတစေ ကောင်းမွန်တဲ့အခြေအနေမျိုးနဲ့ကြုံမှာမဟုတ်သလို၊ အမြဲလို ဆိုးတဲ့အခြေအနေမျိုးနဲ့လည်း ကြုံနေရမှာမဟုတ်ပါဘူး။ နိမ့်တလှည့်မြင့်တလှည်မို့ ကိုယ့်နိမ့်ကျချိန်မှာ ကိုယ်လက်ကို ခပ်လွယ်လွယ်မလွှတ်ချမယ့်သူမျိုး၊ ကိုယ်မြင့်မားနေချိန်မှာ ကိုယ်နဲ့အတူပျော်ရွှင်ပေးမယ့်လူမျိုးသာဖြစ်သင့်ပါတယ်။ ငွေကြေးချမ်းသာခြင်းက ဘဝမှာ အမြဲတစေတည်မြဲနိုင်မယ့်အရာမဟုတ်လို့ ငွေကြေးစည်းစိမ်ကို ကြည့်ပြီးဘဝလက်တွဲဖော်အဖြစ်ရွေးချယ်တဲ့အခါ စဉ်းစားရမှာက တချိန်ချိန်မှာ ထိုငွေကြေးစည်းစိမ်တွေမရှိတော့တဲ့အခြေအနေမျိုးမှာဆိုရင်ကော ကိုယ်က သူ့ကို ရှေ့ဆက်လက်တွဲနိုင်ပါ့မလားဆိုတာပါပဲ။

ငွေကြေးစည်းစိမ်ဆိုတာက နှစ်ယောက်အတူကြိုးစားရှာဖွေနိုင်တဲ့အရာဖြစ်ပေမယ့် သစ္စာရှိခြင်းမရှိခြင်းကတော့ ငွေနဲ့မဝယ်နိုင်ပါဘူး။ အဲဒါကြောင့် ငွေကြေးချမ်းသာတဲ့လက်တွဲဖော်ထက် ကိုယ့်ဘဝရဲ့နေဝင်ချိန်ရောက်တဲ့အထိ ပျော်စရာရှိအတူပျော်ပေးမယ့်သူ၊ ငိုစရာရှိ နှစ်သိမ့်ပေးမယ့်သူ၊ အားငယ်ရင် အားပေးမယ့်သူ၊ အခက်အခဲတွေကို အတူရင်ဆိုင်ဖြေရှင်းမယ့်သူ၊ ကိုယ့်အောင်မြင်မှု့ကို အတူပီတိဖြစ်၊ ပျော်ရွှင်ပေးမယ့်သူ၊ ကိုယ့်အိပ်မက်တွေကို သူနဲ့အတူ ဆက်ပြီးရှင်သန်ခွင့်ပေးမယ့်သူဖြစ်ဖို့သာ အရေးကြီးပါတယ်။
ငွေကြေးချမ်းသာစည်းစိမ်ပေါများ အခြွေအရံပေါများတဲ့အခြေအနေမျိုးမှာ အတူရှိနေပေးခြင်းက မသိသာပေမယ့် နိမ့်ကျ၊ ဆင်းရဲ၊ ရှုံးနိမ့်ချိန် ဘေးမှာ အတူရှိနေပေးတဲ့ ဘဝလက်တွဲဖော်က ပိုပြီး စစ်မှန်တယ်လို့ ပြောနိုင်ပါတယ်။ အဲဒါကြောင့် စစ်မှန်တဲ့ဘဝလက်တွဲဖော်ဆိုတာက သင်အောင်မြင်ချိန်အတူ ဝမ်းသာပေးမယ့်သူဖြစ်သလို၊ သင်နိမ့်ကျချိန်မှာလည်း သင့်လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားမယ့်သူမျိုးသာဖြစ်ပါတယ်လို့ဖော်ပြလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။