လက်မထပ်မီ သူသည် ကိုယ်နှင့်သင့်တော်သောသူတစ်ယောက် ဟုတ်မဟုတ် ဘယ်အချက်တွေကို စဉ်းစားသင့်သလဲ။

လက်မထပ်မီ ကိုယ့်ချစ်သူက ကိုယ်နဲ့တစ်ဘဝလုံး လက်တွဲသွားလို့အဆင်ပြေပါ့မလား။ သူ့ရဲ့အကျင့်စရိုက်တွေက ကိုယ်နဲ့အဆင်ပြေပါ့မလား၊ ကိုယ်ကကော အမြဲနားလည်ပေးနေရမှာလား။ စသည်ဖြင့် စဉ်းစားသင့်တဲ့အချက်တွေကအများကြီးပါပဲ။ ကိုယ်နဲ့တစ်ဘဝလုံးလက်တွဲလို့မဖြစ်နိုင်မယ့်သူကို လက်ထပ်မိရင် နောင်တရမှာထက် ပြင်လို့မရတော့ပါဘူး။ သားသမီးတွေရလာတဲ့အခါ ပိုပြီးဆိုးတဲ့အခြေအနေတွေကို သားသမီးတွေကပါ ခံစားလာရနိုင်ပါတယ်။ အဲဒါကြောင့် ချစ်သူကို လက်မထပ်မီ စဉ်းစားတွေးတောသင့်တဲ့အချက်လေးတွေဖော်ပြပေးလိုက်ပါတယ်။


၁) ကိုယ်၊ နူတ်၊ အမူအယာကြမ်းတမ်းသူဟုတ်မဟုတ်
အရင်ခေတ်တုန်းကတော့ ကိုယ့်ချစ်သူရဲ့ မိဘအသိုင်းအဝန်းကိုပါ လေ့လာကြပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ချစ်လို့လက်ထပ်ပေမယ့် မရှောင်လွှဲနိုင်ဘဲ ပတ်သက်ရမှာက သူ့အသိုင်းအဝန်းမဟုတ်လား။ အဲဒါကြောင့် သူ့ရဲ့မိသားစုအသိုင်းအဝန်းက ဘယ်လိုအကျင့်မျိုး၊ အတွေးအခေါ်မျိုး၊ အပြုအမူမျိုး ရှိသလဲဆိုတာကိုပါ လေ့လာတတ်ကြပါတယ်။ တကယ်လည်း အဲဒီ့အတွေးအခေါ်က မှန်တယ်လို့ အက်မင်ကတော့ထင်ပါတယ်။ သူကသူပဲ၊ သူ့အသိုင်းအဝန်းက သူ့အသိုင်းအဝန်းပဲလို့မထင်လိုက်ပါနဲ့နော်။ သင်မပတ်သက်ချင်လဲ ပတ်သက်ရမှာမို့ သူ့မိသားစုအသိုင်းအဝန်းကပါ ကိုယ်နဲ့ အတွေးတူ၊ အမြင်တူဖြစ်နေတော့ ကိုယ့်မိသားစုနဲ့ သူ့မိသားစု နှစ်စု တစ်စိတ်ဖြစ်တော့ ပိုမကောင်းဘူးလား။ တစ်ချို့မိန်းကလေးတွေမြင်ဖူးပါတယ်။ ချစ်သူကိုချစ်လို့ မျက်လုံးမှိတ်လက်ထပ်လိုက်ကြပါတယ်။ သူ့မိသားစုအသိုင်းအဝန်းရဲ့အတွေးအခေါ်က တစ်မျိုးဖြစ်နေတော့ တစ်ခုခုဆို ကိုယ့်ဘက်မှာ ဘယ်သူမှမရှိနေတော့ပါဘူး။ သူကိုယ်တိုင်ကဘယ်လောက်ပဲ အတွေးအခေါ်မတူပါစေ (မတူတဲ့သူလည်း ရှိတော့ရှိမှာပါ) တစ်သက်လုံးဒီအသိုင်းအဝန်းထဲမှာနေလာတာ၊ ဒီအတွေးအခေါ်မျိုးတော့ ပါလာမှာပါပဲ။ ကိုယ်ကတော့ သူ့မျက်နှာတစ်ရွာထင်ပြီးလိုက်လာပေမယ့် သူကအချိန်တန် သူ့မိသားစုအသိုင်းအဝန်းရဲ့အတွေးအခေါ်မျိုးဖြစ်လာတဲ့အခါကျ ကိုယ်က ဘယ်လိုလုပ်မလဲ။ တစ်ချို့ဆို အိမ်တွင်းအကြမ်းဖက်မှုတွေလိုမျိုးတောင် ကြုံတတ်ပါသေးတယ်။ အဲလိုလူမျိုးရဲ့ မိဘအသိုင်းအဝန်းကိုပြန်ကြည့်တဲ့အခါ ထိုကဲ့သို့ အိမ်ထောင်ဘက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်တတ်နေတာမျိုးကိုလည်း တွေ့ရတတ်ပါသေးတယ်။ (အားလုံးကိုတော့မဆိုလိုပါဘူးနော်) တစ်ချို့ကျတော့လည်း ကိုယ်ထိလက်ရောက်ကျူးလွန်တတ်တဲ့မိသားစုက ဆင်းသက်လာတာမှန်ပေမယ့် ထိုအပြုအမူကို စက်ဆုပ်လွန်းလို့ သူ့အလှည့်ကျ မဖြစ်အောင် ကြိုးစားပြီးထိန်းချုပ်နေထိုင်တတ်တဲ့သူမျိုးလည်းမြင်ဖူးပါတယ်။ တရားသေတော့ပြောလို့မရပေမယ့် အကြမ်းဖျင်းတော့ ကိုယ့်ချစ်သူရဲ့မိသားစုအသိုင်းအဝန်းကိုလည်း လေ့လာသင့်ပါတယ်။
၂) လိမ်ညာတတ်သူလား
ဘာမှမဟုတ်တဲ့အသေးအဖွဲလေးတွေကအစ လိုက်လိမ်နေတတ်သူလား။ အဲဒါဆိုရင်တော့ အခါခါ အလိမ်ခံဖူးတယ်ဆိုရင် စိတ်မချရတော့ပါဘူးနော်။ သင်နဲ့လက်ထပ်ပြီးလည်း သူကအသေးအဖွဲကအစလိမ်နေမှာပါ။ သူ့အတွက်က ဘာမှမဟုတ်ပေမယ့် ကိုယ်ကတော့ အမြဲကိုယ့်ကိုလိမ်နေမှာပဲဆိုတော့ စိတ်နဲ့ သံသယတွေဝင်၊ ဒေါသတွေထွက်၊ စိတ်ဖိစီးရမှာသေချာပါတယ်။
၃) ကြင်နာတတ်သူ၊ ကိုယ်ချင်းစာစိတ်ရှိသူလား
ချစ်သူနဲ့တွေ့တဲ့အချိန်လေးကြင်နာပြတာကို အထင်မကြီးပါနဲ့အုံးနော်။ ချစ်သူဘဝဆိုတာ တွေ့ချင်ရုံလေးတွေ့ရတာပါ။ တစ်နေ့လုံးတစ်ဘဝလုံးဖြတ်သန်းရတာမဟုတ်လို့ သူ့ရဲ့ကောင်းကျင့်၊ ဆိုးကျင့်ကို အတပ်မသိနိုင်သေးပါဘူး။ သင့်နဲ့တွေ့တဲ့အချိန်လေးလောက်တော့ သူက သင်အထင်ကြီးအောင် ဟန်ဆောင်နေနိုင်ပါတယ်။ သင့်အပေါ်မှာ ကြင်နာရုံနဲ့လည်း ကြင်နာတယ်ဆုံးဖြတ်လို့မရသေးပါဘူး။ အခြားသူများအပေါ်ကော ညှာတာတတ်ရဲ့လား၊ ကိုယ်ချင်းစာတတ်ရဲ့လား၊ ဆိုတာမျိုးကိုလေ့လာပါ။ အဲလို အခြားသူများအပေါ် ကြင်နာတတ်သူ၊ ကိုယ်ချင်းစာတတ်သူက သင့်အပေါ်လည်း ကြင်နာပေးမှာပါ၊ ကိုယ်ချင်းစာပေးမှာပါ။ အဲဒါမှ အခြားသူများအပေါ် ကူညီသလို၊ အိမ်ထောင်ပြုပြီးလို့ ကိုယ်ကအိမ်အလုပ်နဲ့ရှု့ပ်နေရင် ကိုယ့်ကိုကူညီပေးချင်စိတ်ရှိလာတာမျိုးဖြစ်နိုင်မှာပါ။ ကိုယ့်အပေါ်စိတ်ရှည်တာမျိုး၊ ကိုယ့်ကို ကိုယ်ချင်းစာပေးတာမျိုးပေါ့။
၄) အပြောနဲ့အလုပ်ညီတဲ့သူလား
တစ်ချို့တွေက အပြောကတော့ ကောင်းပါတယ်။ ဘာဝယ်ပေးမယ်….၊ ဘာမလုပ်တော့ဘူး၊ ကတိတွေလည်းပေးတတ်ပါသေးတယ်။ တကယ်တမ်းကျတော့ ဘာဖြစ်လို့…ညာဖြစ်လို့ဆိုပြီး လက်တွေ့ဖြစ်မလာနိုင်တဲ့သူမျိုးကို သတိထားပါ။ သမီးရည်းစားဘဝမှာတောင် သင့်ကိုကတိပေးထားတာတွေမတည်နိုင်ဘူးဆိုရင်တော့ စိတ်ချပါ သင်နဲ့လက်ထပ်ပြီးလည်း သူ့ကတိတွေကို တည်အောင်ထိန်းမှာမဟုတ်ပါဘူး။ အဲလိုလူမျိုးကို အချစ်တစ်ခုတည်းကြောင့်တော့ မျက်စိစုံမှိတ်မယုံလိုက်ပါနဲ့။ သင့်ကိုတကယ်ချစ်ပြီး သင့်နဲ့အတူ ဘဝမှာရင်ဆိုင်ဖြတ်သန်းမယ့်သူဆိုရင်တော့ သင်ပြောသမျှ၊ သင်ရဲ့အတွေးအခေါ်သူ့အတွေးအခေါ်ကို ညှိယူပါလိမ့်မယ်။ သင့်စကားကို အလေးအနက်ထားပါလိမ့်မယ်။ ပြုပြင်သင့်တာ သင်ပြောစရာတောင်မလိုဘဲ သူ့ဟာသူပြုပြင်ပါလိမ့်မယ်နော်။ (အဓိပါ္ပယ်မရှိကလေးကလားဆန်ဆန် လိုက်လျောခိုင်းတာမျိုးကိုမဆိုလိုပါဘူးနော်။ သင်နဲ့သူရဲ့ဘဝအတွက် ပြောင်းလဲသင့်တာပြုပြင်သင့်တာမျိုးကို မပြုပြင်မလိုက်လျော၊ ကတိမတည်တာကို ဆိုလိုချင်တာပါ)
၅) အတွေးအခေါ်ခြင်းတူတဲ့သူလား၊ ညှိယူလို့ရတဲ့သူလား
မတူညီတဲ့လူနှစ်ယောက်က တစ်ဘဝလုံးပေါင်းသင်းနေထိုင်ရမှာမို့ အတွေးအခေါ်တွေတူဖို့လည်းလိုပါတယ်။ မတူရင်တောင် အပြန်အလှန်ညှိယူလို့ရမရ လေ့လာသင့်ပါတယ်။ များသောအားဖြင့် အမျိုးသမီးတွေကတော့ ကိုယ်လေးစားရတဲ့အတွေးအခေါ်မျိုးရှိတဲ့သူကို ပိုပြီးရွေးချယ်တတ်ကြပါတယ်။ ကိုယ့်အတွေးအခေါ်နဲ့သူ့အတွေးအခေါ်ချင်းညှိယူလို့ရမှာသာ ကိုယ့်ဘဝတစ်ခုလုံး တိုင်ပင်ဆွေးနွေးပြီး အတူတကွဖြတ်သန်းနိုင်မှာပါ။ ချစ်သူရည်းစားဘဝမို့ လက်မခံချင်ခံချင်နဲ့ လက်ခံပေးလိုက်ရင် တကယ်လက်တွေ့ဘဝဖြတ်သန်းတဲ့အခါမှာ သဘောထားကွဲလွဲမှုတွေဖြစ်လာပြီး အထင်သေးမှုတွေ၊ မလေးစားမှုတွေ၊ ငြိုငြင်မှုတွေအများကြီးဖြစ်လာနိုင်ပါတယ်။ အဲဒီ့အခါကျမှ ပြုပြင်ယူလို့မရနိုင်တော့ပါဘူး။
၆) လိုတာထက်ပိုပြီး သဝန်တိုတတ်သူလား
တစ်ချို့တွေက သမီးရည်းစားဘဝမှာ အူတိုတတ်တာကို “ငါ့ကိုချစ်လို့ပဲ….” ဆိုပြီး လက်ခံပေးတတ်သလို၊ ပျော်တောင်ပျော်တတ်ပါသေးတယ်။ လိုတာထက်ပိုပြီး အူတိုတတ်လာပြီဆိုရင်တော့ အိမ်ထောင်ရေးမှာ သာယာဖို့မလွယ်တော့ပါဘူး။ ကိုယ်ထိုင်ရင်ထိုင်နေလို့၊ ထရင်ထနေလို့ ထင်သလိုလိုက်စွပ်စွဲပြီး တစ်ကမ္ဘာလုံးနဲ့မတွေ့ရဘဲ အိမ်ထဲမှာချည်း နေရင်တောင် ကိုယ့်အရိပ်နဲ့ကိုယ်ဖောက်ပြန်တယ်ထင်တတ်တာတော့ စိတ်ရောဂါတစ်မျိုးလို့တောင် ပြောလို့ရပါတယ်။ အဲလိုလူမျိုးဟုတ်မဟုတ် လက်မထပ်ခင်ကြိုတင်လေ့လာသင့်ပါတယ်။ ထိုသူမျိုးကိုတော့ ဝေးဝေးရှောင်တာအကောင်းဆုံးပါပဲ။ လက်ထပ်မိရင် နောင်တကလွဲပြီး ဘာမှမရနိုင်ပါဘူးနော်။
၇) အကျင့်စာရိတ္တနဲ့ ကိုယ့်ကျင့်တရားကောင်းတဲ့သူလား
ဒီအချက်ကလည်း အရေးကြီးတဲ့အချက်ထဲမှာပါပါတယ်။ ကိုယ့်ကိုတော့ချစ်ပါရဲ့…..အကျင့်စာရိတ္တမကောင်းဘဲ အခြားသူများရဲ့ပစ္စည်းတွေ၊ ငွေတွေ အခြားသောအရာတွေကို မတော်လောဘဇောနဲ့တိုက်တတ်သူမျိုးကြောင့် သင့်ဘဝချမ်းသာနေရင်တောင် စိတ်တော့ချမ်းသာရမှာမဟုတ်ပါဘူးနော်။ အဲဒီလိုပါပဲ ကိုယ်ကျင့်တရားမကောင်းတဲ့သူဖြစ်ပြန်တော့ ကိုယ့်ရှေ့မှာတော့ ကိုယ့်ကိုအရမ်းတွေချစ်ပြ၊ ကိုယ်နောက်ကွယ်ရောက်ပြန်တော့ အခြားမိန်းမတွေ၊ အခြားယောကျာ်းတွေနဲ့ ရှု့ပ်ဖို့ဝန်မလေးပြန်ရင်လဲ သင့်ဘဝက ပူလောင်နေရမှာပါ။
အထက်ပါအချက်တွေကတော့ လူတစ်ယောက်ရဲ့အကျင့်တရားတွေနဲ့ ဆက်စပ်ပြီး ဖြစ်သင့်တာကို ရေးပြထားတာဖြစ်ပါတယ်။ ကိုယ်ရဲ့အိမ်ထောင်ဘက်ဖြစ်လာမယ့်သူက အထက်ပါအချက်တွေအပြင် အခြားသောအချက်တွေလည်း ရှိချင်ရှိနေအုံးမှာပါ။ ကောင်းတာလား…..ဆိုးတာလားဆိုတာတော့ ကိုယ်တိုင်ရဲ့ဆုံးဖြတ်ချက်ပဲမို့ ဆင်ခြင်သင့်တာဆင်ခြင်နိုင်အောင် ရေးသားဖော်ပြပေးလိုက်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။