လောင်းကစားစွဲနေလျှင် ဘယ်လိုဖြတ်မလဲ။

သင့်ပတ်ဝန်းကျင်မှာ လောင်းကစားအသည်းအသန် မက်တဲ့သူမျိုးမြင်ဖူးမှာပါ။ လောင်းကစားကို နှစ်သက်ခုံမင်နေသူဆိုရင် လောင်းကစားကိုဘယ်သူကမှ ဖြတ်ပေးလို့မရသလို၊ ဘယ်လိုနည်းလမ်းနဲ့မှ ပြတ်အောင်လုပ်ဖို့မလွယ်ပါဘူး။ ဒါပေမယ့် သင်ကိုယ်တိုင်ကိုက တကယ်ပြတ်ချင်ပါတယ်ဆိုရင်တော့ သင့်အတွက် နည်းလမ်းလေးတွေရှိပါတယ်။ ၁) ကိုယ့်စိတ်ကိုထိန်းပါ။ လောင်းကစားကြောင့် ဘဝတွေပျက်ရတယ်၊ အကြွေးတွေတင်နေပါတယ် စိတ်ညစ်လို့တကယ်ပြတ်ချင်ပါတယ်ဆိုတဲ့စိတ်လေး အမှန်တကယ်ရှိဖို့တော့လိုပါတယ်။ အဲဒီ့တော့ သင့်ကိုသင် လောင်းကစားတကယ်ပြတ်ချင်ရင် လောင်းကစားဆိုတဲ့အသံကြားတာနဲ့ ထပြီးထိပ်ဆုံးက မလောင်းမိဖို့ သတိပေးပါ။ ကိုယ့်စိတ်ကိုကိုယ်ထိန်းပါ။ ၂) လောင်းကစားပတ်ဝန်းကျင်ကို ဝေးဝေးရှောင်ပါ။ သင့်ပတ်ဝန်းကျင်မှာ လောင်းကစားနဲ့ပတ်သက်တာမှန်သမျှကို ယောင်လို့တောင် အနားမသွားမိပါစေနဲ့။ အသံကြားတာနဲ့ ယွစိစိဖြစ်နေတဲ့ သင့်စိတ်ကိုထိန်းပါ။ ကြည့်ရုံကြည့်မှာပါ……လို့တွေးလိုက်တာနဲ့ သင့်စိတ်က ၅၀ရာခိုင်နှုန်းလောက်ပြန်စိတ်ပါဖို့သေချာနေပါပြီ။ အဲဒီ့တော့ လောင်းကစားလုပ်မိဖို့လွယ်သွားပါတယ်။ ဒါကြောင့် လောင်းကစားလုပ်တတ်တဲ့ပတ်ဝန်းကျင်ကိုရှောင်၊ လောင်းကစားလုပ်ဖို့ဆွယ်တဲ့အပေါင်းအသင်းကိုရှောင်ရပါမယ်။ ၃) နည်းနည်းလေးပဲလုပ်မှာပါ ဆိုတဲ့စိတ်ကို လုံးဝဖျောက်ပါ။ အရင်လိုဘဝပျက်အောင်၊ အကြွေးတွေတင်အောင်မလုပ်တော့ပါဘူး၊ ဒါပေမယ့် နည်းနည်းလောက်တော့ လုပ်အုံးမယ် ဆိုရင်တော့ သင်ဘယ်တော့မှ ဒီနွံထဲကလွတ်မှာမဟုတ်ပါဘူး။ လောင်းကစားက အရက်လို နည်းနည်းချင်း မျှင်းဖြတ်လို့ရတဲ့အရာမဟုတ်တာကို မှတ်ထားပါ။ နည်းနည်းလောက်လုပ်စ ရှိရင် များများပြန်ဖြစ်လာတာပါပဲ။ အဲဒီ့တော့ လောင်းကစားကို လုံးဝကိုအစပြန်မလုပ်မှ ရမှာပါနော်။ ၄) ကိုယ်ကိုကိုယ် သတိပေးနေပါ။ အမြဲ သင့်ကိုသင် alrm လုပ်နေဖို့ လိုပါတယ်။ လောင်းကစားလုပ်ဖို့ ဆွယ်တဲ့သူဖြစ်ဖြစ်၊ ကိုယ်တိုင်ကိုက လောင်းကစားလုပ်ဖို့ တွေးမိနေရင်ဖြစ်ဖြစ် ကိုယ့်ကိုကိုယ်သတိပေးပါ။ “လောင်းကစားလုံးဝမလုပ်တော့ဘူး……..လောင်းကစားလုံးဝမလုပ်တော့ဘူး” ဆိုတဲ့စကားကို စိတ်ထဲကနေ ထပ်တလဲလဲ ရေရွတ်ပါ။ စိတ်က အဲဒီ့အပေါ်အာရုံစိုက်မိရင် လောင်းကစားအပေါ်အာရုံမေ့သွားပါလိမ့်မယ်။ ၅) ဦးနှောက်ကို အလုပ်ပေးနေတာတစ်ခုခုလုပ်ပါ။ လောင်းကစားသမားတော်တော်များများက အလုပ်မရှိတာတွေ့ဖူးပါတယ်။ အလုပ်ရှိရက်နဲ့ လောင်းကစားလုပ်သူရှိရင်လည်းရှိမှာပါ….အကြမ်းဖျင်းပြောရရင်တော့ လောင်းကစားသမားတွေက အလုပ်မရှိတော့ ငွေရမယ့်အလွယ်နည်းကို ရှာရင်း လောင်းကစားလုပ်မိသွားတာမျိုးပါ။ အဲဒီ့တော့ စိတ်ကိုအားနေအောင်မထားပါနဲ့၊ ဦးနှောက်ကို ချက်စ် ဆော့တာမျိုး၊ ဂိမ်းဆော့နေတာမျိုး တစ်ခုခုလုပ်လိုက်ပါ။ လောင်းကစားကို စိတ်ရောက်မိတဲ့အခါမျိုးမှာပေါ့။ ၆) အလုပ်တစ်ခုလုပ်ပါ။ အလုပ်မရှိလို့ ငွေကို အလွယ်နည်းနဲ့လိုချင်လို့ လောင်းကစားဝိုင်းတွေချည်းသွားမိနေတယ်ဆိုရင် အလုပ်တစ်ခုလုပ်ပါ။ ကိုယ့်အတွက် ငွေလည်းရ အာရုံလည်းပြောင်းသွားတာမျိုးဖြစ်အောင်ပါ။ အလုပ်ကပြန်လာတာနဲ့ တခြား ဝါသနာပါရာတစ်ခုခုကိုလုပ်နေလိုက်ပါ။ ၇) အာရုံပြောင်းပစ်ပါ။ တစ်ချို့ကျတော့ အလုပ်လုပ်တယ်။ ရလာသမျှ ငွေတွေကို လောင်းကစားဝိုင်းမှာ သွားပြီး ဆော့ကြတာတွေ့ဖူးပါတယ်။ အဲဒါကတော့ သူတို့ကိုယ်တိုင်ကိုက အပြောသာရှိပြီး လက်တွေ့မရှိလို့ပါ။ ပြီးတော့ ပိုက်ဆံရလာတာနဲ့ လောင်းကစားသွားလုပ်မယ့်အာရုံကို လက်ခံထားလို့ပါ။ သင်ကတကယ်ဖြတ်ချင်တဲ့သူဆိုရင်တော့ လောင်းကစားလုပ်ချင်စိတ်ပေါ်လာတိုင်း တခြားကို အာရုံပြောင်းပစ်ဖို့လိုပါတယ်။ တစ်ခါပေါ်လာတိုင်းတစ်ခါ မရရအောင်ဖျောက်မယ်စိတ်ထားပါ၊ အခါခါပေါ်လာတိုင်း အခါခါဖျောက်ပါ။ ကိုယ့်စိတ်ကို နိုင်အောင်ထိန်းနိုင်မှသာ ဘယ်နေရာမှမဆို တိုးတက်နိုင်မယ့်သူဖြစ်လာမှာပါ။ စိတ်အလိုလိုက်ပြီး လုပ်ချင်ရာလုပ်ရင်တော့ ဘယ်တော့မှ မတိုးတက်နိုင်ပါဘူး။ အထက်ပါအချက်တွေကို ဖော်ပြပေးထားပေမယ့် ကိုယ်တိုင်တကယ်လုပ်ကြည့်ပြီး တကယ်ကို စိတ်ပိုင်းဖြတ်နိုင်မှ ပြတ်မှာပါ။ လောင်းကစားကို နိုင်တဲ့စိတ်ဖြစ်အောင် အကျင့်လုပ်ပြီး မွေးမြနိုင်မှ လောင်းကစားအကျင့်က ပျောက်မှာပါ။ အားလုံးပဲ လောင်းကစားနဲ့ကင်းပါစေ။


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။