ကျွန်တော်မချေတတ်ပါဘူး။

လောကကြီးမှာ လူရယ်လို့ဖြစ်လာရင် တစ်ယောက်နဲ့တစ်ယောက် စိတ်ဓါတ်တွေ၊ ခံယူချက်တွေ၊ အတွေးအခေါ်တွေ အမျိုးမျိုး ကိုယ်စီရှိတတ်ကြပါတယ်။ ပွင့်လင်းလာတဲ့ အခုခေတ်ကြီးမှာ ကိုယ့်ဘဝသည်ကိုယ်ပိုင်တာမို့ ကိုယ်ကြိုက်တာလုပ်ခွင့်ရှိတယ် ဆိုတဲ့ ခံယူချက်တွေ ရှိလာကြပါပြီ။ ထိုအတွေးအခေါ်ကလည်း အတိုင်းအတာ တစ်ခုထိ တကယ်ကောင်းတယ်လို့ ထင်ပါတယ်။


ဟိုးအရင်တုန်းကဆို မိသားစု၊ စီးပွားရေး၊ ယဉ်ကျေးမှု အစရှိတဲ့ ခေါင်းစဉ်ပေါင်းမြောက်များစွာကြား ကိုယ်လုပ်ချင်ခဲ့တာတွေ ကိုယ်ဖြစ်ချင်တာတွေကို ကွယ်ဝှက်ပြီး အသက်အရွယ်ကြီးလာတဲ့အခါမှ ငါမလုပ်ခဲ့ရလေခြင်းဆိုပြီး နောင်တရခဲ့သူတွေအများကြီးပါ။ အခုခေတ်မှာတော့ ကိုယ်ဖြစ်ချင်တာတွေကို လုပ်ဖို့ပိုပြီးရဲလာကြတယ်။ အချို့ သောပုတ်ခတ်မှုတွေကို လျစ်လ ျုရှုတတ်လာကြတယ်။ ဝေဖန်မှုတွေကို ကြံကြံခံနိုင်အောင် အားမွေးလာကြတယ်။ တကယ့်ကို သိပ်ကောင်းတဲ့ ခေတ်ရဲ့ အပြောင်းအလဲ တစ်ခုလို့ ခံစားမိပါတယ်။
ဒါပေမယ့် ထိုပုတ်ခက်မှုတွေ၊ ဝေဖန်မှုတွေကို မမှုတော့အောင် နေထိုင်ဖို့ ကြိုးစားရင်း အချို့ သောသူတွေရဲ့ စိတ်ဓါတ်တွေက တဖြည်းဖြည်းမာကျောခက်ထန်လာကြတယ်။ အဲ့ဒီရဲ့ နောက်ကွယ်မှာ တော်ရုံတန်ရုံ လူအသစ်တွေဆို ရှောင်လာတယ်၊ စကားကောင်းကောင်းပြောချင်မှပြောမိတော့တယ်၊ တော်တော်များများလူတွေကို မျက်လုံးထဲကို မထည့်ထားတော့ဘူးဆိုတဲ့ အသွင်တဖြည်းဖြည်း မသိမသာ ပြောင်းလဲလာတတ်ကြပါတယ်။ အခုခေတ် အခေါ်အဝေါ်နဲ့ ပြောရင် ခပ်ချေချေ ဖြစ်လာတယ်ပေါ့ဗျာ။
အခုခေတ် လူငယ်တွေအများကြားမှာဆိုရင် အရာအားလုံးကို ဂရုမစိုက် အလေးမထားတဲ့ ပုံစံ သူတို့ပြောတဲ့ "ခပ်ချေချေ" ပုံစံကို အားပေးအားမြောက်ပြုလာတာတွေပါတွေ့ရပါတယ်။ ရုပ်ရှင်တွေထဲမှာဆိုလည်း ဂရုမစိုက်တတ်တဲ့ အထာပုံစံနဲ့ နေတဲ့ မင်းသား မင်းသမီးစတိုင်လ်ဆို အားလုံးကကြွေကြတာပဲလေ။ တကယ်လည်း ဟုတ်သယောင်ယောင်ရှိပါတယ်။
ခေတ်ရဲ့ ရေစီးကြောင်းအရ သူများကို ကောင်းကောင်းစကားပြန်မပြောတာကိုပဲ ဂုဏ်ယူစရာပုံစံနဲ့ ပြောလာကြတာကို သတိထားမိပါတယ်။ စာရေးသူက နောက်ပြန်ဆွဲတဲ့ လူလို့ပဲ ပြောရမလားတော့ မသိဘူးဗျ။ ကိုယ်က ခပ်ချေချေ ပဲလို့ ပြောရမှာကိုး မဝံ့ရဲတာပါ။ အိမ်ကအမေသိလို့ရှိရင် ခါးပါတ်ပဲဖြစ်ဖြစ်၊ အဝတ်လှမ်းတဲ့တုတ်ပဲ ဖြစ်ဖြစ် အပီတွယ်မှာလေ (တော်သေးတာပေါ့ အသက်တွေလည်းကြီးလာလို့)။
သူငယ်ငယ်ကသင်ပေးခဲ့တာ ငယ်သူကို သနားကြင်နာရမယ်၊ ရွယ်တူကို လေးစားရမယ်၊ ကြီးသူကို ရိုသေရမယ် ဆိုပြီး မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုကိုသင်ပေးခဲ့တာကိုးဗျ။ ဘယ်သူ့ကိုတော့ ဘာအကြောင်းကြောင်မို့ ဘယ်လိုလေး ချေလိုက်ပါလို့ သင်ပေးခဲ့တာမှမဟုတ်တာ။ စကားပြောယဉ်ကျေးရမယ်၊ ကူညီလို့ရသလောက်ကူညီရမယ်၊ ကိုယ်ကဘယ်လောက်ချမ်းသာသာ ဘယ်လောက်အောင်မြင်မြင် အနေအထိုင် ပိပိပြားပြားရှိရမယ် ၊ အားလုံးကိုတန်းတူဆက်ဆံရမယ် ဆိုတဲ့ အရာတွေကို တတွတ်တွတ် သင်ပေးခဲ့တာကြောင့် အဲ့ဒီလို ခပ်ချေချေပဲ ဆိုတဲ့ အရာကို ခေတ်စားနေသည့်တိုင်အောင် ပြောမဝံ့တာတော့ အမှန်ပါ။
ကိုယ့်ဘဝကိုယ်ပိုင်လို့ ကိုယ်လုပ်ချင်သလို လုပ်လို့ရတာမှန်ပေမယ့်လည်း ဒီတိုတောင်းတဲ့ ဘဝလေးမှာ ဆင်းရဲသူပဲဖြစ်ဖြစ် ချမ်းသာသူပဲဖြစ်ဖြစ် နာမည်ကြီးသူပဲဖြစ်ဖြစ် နာမည်မကြီးသူပဲဖြစ်ဖြစ် ကိုယ့်အပေါ်ကောင်းတဲ့သူ မကောင်းတဲ့သူ အားလုံးကို တန်းတူဆက်ဆံ လက်ကမ်းကူညီနိုင်ဖို့ ကြိုးစားရင်း အဓိပ္ပါယ်ရှိသော ဘဝကြီးကို လေ ျှာက်လှမ်းကြဖို့ ကိုယ့်ကိုကိုယ် တိုက်တွန်ရင်း ဒီခံစားချက်လေးကိုဝေမ ျှလိုက်ပါတယ်။
အားလုံးပဲ ပျော်ရွှင်သောဘဝလေးဖြစ်ပါစေ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။