ကြင်နာတတ်တဲ့မိခင်တစ်ယောက်ဖြစ်စေဖို့ နည်းလမ်း ၅သွယ်

မိခင်တစ်ယောက်ဖြစ်ဖို့အကောင်းဆုံးအကြံပေးစကားမျိုး ကြားဖူးပါသလား။ ဒီဆောင်းပါးမှာတော့ အကောင်းဆုံးမိခင်တစ်ယောက်ဖြစ်နိုင်မယ့်နည်းလမ်းလေးတွေဖော်ပြပေးချင်ပါတယ်။ သင့်ရဲ့သားသမီးလေးတွေကို စိတ်ဓာတ်ခွန်အားပေးပြီး သူတို့ကို ချစ်ခင်ကြောင်းပြပါ။ သူတို့ကိုယ်သူတို့ယုံကြည်မှုရှိအောင် ကြိုးစားပေးခြင်းက ကြင်နာတတ်တဲ့မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့အချက်ပါပဲ။ မိခင်တိုင်းလိုလိုက အလုပ်သိပ်များတတ်သူတွေပါ။ အဲဒါကြောင့်ကိုပဲ အော်တတ်တဲ့မိခင်၊ ဆူတတ်တဲ့မိခင်၊ ပွစိပွစိလုပ်တတ်သူ၊ အဖြစ်ပြောင်းသွားတတ်ကြပါတယ်။ ဒါပေမယ့် အားလုံးလိုလိုကတော့ ကြင်နာတတ်သူတွေချည်းပါပဲ။ ဟုတ်ပါပြီ အဲဒါဆိုရင် ကြင်နာတတ်တဲ့မိခင်ဖြစ်ဖို့က သင့်ရဲ့စကားလုံးလေးတွေ၊ သင့်ရဲ့အပြုအမူလေးတွေကို သတိထားရွေးချယ်လိုတာနဲ့ ဖြစ်လို့ရပါတယ်။ ဘယ်လိုလုပ်ကြည့်ရမလဲ ဖတ်ကြည့်လိုက်ပါနော်။


၁) ကလေးတွေကို မအော်မိအောင်ထိန်းပါ။
ကလေးတွေကို ဒေါသထွက်တဲ့အခါ ကြင်နာမှုတွေကို ပြတင်းပေါက်ကနေလွှင့်ပစ်လိုက်မိသလိုပါပဲ။ ကြင်နာမှုတွေဘယ်ရောက်လို့ရောက်သွားမှန်းတောင်မသိတော့ပါဘူး။ သင်ကိုယ်တိုင်လည်း အော်ပြီးကာမှ စိတ်မကောင်းဖြစ်နေတတ်တယ်မဟုတ်လား။ အဲဒီ့တော့ မအော်ခင်ချုပ်ထိန်းကြရင်မကောင်းဘူးလား။ အသက်ကိုပြင်းပြင်းရှုသွင်းတာ အခါခါလုပ်ကြည့်လိုက်ပါ။ ပြီးမှ လေသံအေးအေးလေးနဲ့ ကလေးကို ရှင်းပြဖို့ ကြိုးစားကြည့်ပါနော်။
၂) ကလေးတွေဘက်ကနေ တွေးတော စဉ်းစားကြည့်ပါ။
ကြင်နာခြင်းဆိုတာက အခြားတစ်ဖက်ကို တွေးတောပေးခြင်းပါပဲ။ အဲဒါကြောင့် ကိုယ့်ရဲ့ကလေးတွေနေရာကနေ စဉ်းစားပေးကြည့်လိုက်ပါ။ ဒေါသထွက်မယ့်အစား ကိုယ်ချင်းစာပေးလိုက်တဲ့အခါ အကြင်နာတရားဖြစ်ပေါ်လာပါလိမ့်မယ်။ သူတို့ရဲ့အပြူအမူတွေ၊ ခံစားချက်တွေက သင့်ရဲ့အခုအရွယ်နဲ့ မအပ်စပ်လို့ မှားတယ်လို့ထင်နေပေမယ့် သူတို့အရွယ်တုန်းကတော့ သင်လည်း သူတို့လိုပြုမူခဲ့တာပဲမဟုတ်လား။ အဲဒါကြောင့် ကလေးတွေကို ကိုယ်ချင်းစာပြီး သူတို့နေရာကနေ ဝင်တွေးပေးလိုက်ပါ။ အဲဒါဆို ကလေးကို နားလည်အောင် ဘယ်လိုပြောပြနိုင်မလဲ ဆိုတဲ့အဖြေပါ သင်တခါတည်းရသွားပါလိမ့်မယ်။
၃) ချစ်ခင်ကြောင်းပြပါ။
သင့်ကလေးရဲ့ ပါးပြင်ကို နမ်းတာ၊ “အချစ်ဆုံးလေး….” လို့ပြောလိုက်တာ၊ချစ်ခင်ကြောင်း တဖွဖွပြောပေးတာ စတဲ့အပြုအမူမျိုးနဲ့ ကလေးကို ချစ်ခင်ပြတာက သင့်ကိုကြင်နာတတ်တဲ့မိခင်တစ်ယောက်ဖြစ်စေပါတယ်။ အဲဒါအပြင် သင်အဲလိုချစ်ခင်ပြခြင်းကြောင့်လည်း သင့်ကလေးနဲ့ ပိုရင်းနှီးစေသလို၊ သင့်ကလေးရဲ့စိတ်ခံစားချက်ကိုလည်း မြင့်တင်ပေးနိုင်ပါတယ်။ သင့်ကလေးမှာ ကိုယ့်ကိုကိုယ်ပိုပြီး ယုံကြည်မှုရှိလာစေသလို ပိုလည်း ရဲဝင့်လာနိုင်ပါတယ်။ ဘယ်ကိစ္စမဆိုလည်း သင့်ကို ရင်ဖွင့်တိုင်ပင်ဖို့ ဝန်မလေးတော့ပါဘူး။
4. ငြင်းဆန်ရမယ့်ကိစ္စမျိုးမှာ သတိပေးလိုက်ပါ။
ပထမတစ်ခါ သင်သတိပေးထားပြီးသားကိစ္စမျိုး ဒါမှမဟုတ် သင်ငြင်းဆန်သင့်တဲ့ ကိစ္စမျိုးမှာ မဖြစ်မနေ ငြင်းဆန်ပါ။ “ဟုတ်ပြီ ဖုန်းသုံးတာကို ဒီနေ့လုံးဝခွင့်မပြုနိုင်ဘူးလို့ ပြောထားပြီးသားနော်။ ကြိုတင်ပြောပြထားတာကိုမှ သားနားမထောင်ရင်တော့ မေမေဒေါသထွက်မိမှာပဲ” ကလေးနဲ့ကိုယ်နဲ့ ပဋိပက္ခမဖြစ်ခင် ကြိုတင်သတိပေးထားလိုက်တာက ကလေးလည်း နားလည်ပါလိမ့်မယ်။ မိခင်ဒေါသမထွက်ခင် မှာကြားထားတာကို လိုက်နာခြင်းက မိခင်ဒေါသကို ထိန်းပေးမယ်ဆိုတာ သူနားလည်မှာပါ။ အဲလိုမဟုတ်ဘဲ သတိပေးတားမြစ်ထားတဲ့ကြားက လုပ်လာရင်တော့ ကလေးကို သူမှတ်သားထားစေမယ့် အပြစ်တခုခုပေးဖြစ်အောင်ပေးပါ။ ဒါသည် သင့်နဲ့သင့်ကလေးကြားမှာ နားလည်မှုတခုထားရှိတဲ့သဘောပါပဲ။ သင်တားမြစ်သတိပေးထားသားနဲ့ လုပ်မိရင် အပြစ်ခံရမှာကို သူသိသွားတဲ့အခါ နောက်အခေါက်တွေမှာ သင်နဲ့ကလေးကြားမှာ အချင်းများစရာမလိုတော့ပါဘူး။
၅) ပွေ့ဖက်ပေးပါ။
ကလေးကို ပွေ့ဖက်ပြီး ချစ်ခင်ကြောင်းပြသခြင်းက ကလေးနဲ့သင့်ကို ပိုပြီးချစ်ခင်ရင်းနှီးစေနိုင်သလို၊ ကြင်နာတတ်တဲ့မိခင်တစ်ယောက်ဖြစ်ဖို့ နည်းလမ်းတစ်ခုပါပဲ။ သင့်ကိုကလေးက ချစ်ခင်ရင်းနှီးနေတဲ့အခါ သင့်ကို ဘာမဆိုရင်ဖွင့်တိုင်ပင်တတ်လာပါတယ်။ အဲဒါကြောင့်ကိုပဲ ကလေးရဲ့အမှန်အမှားကို သင်က အသေးစိတ်သွန်သင်ဆုံးမခွဲခြားပြနိုင်ပါတယ်။ အဲဒါက သင့်ကလေးရဲ့တစ်ဘဝလုံးအတွက်လိုအပ်တဲ့ အမှားပြုပြင်ပေးနိုင်မယ့်နည်းလမ်းတစ်ခုပါပဲ။
ကလေးကို ရင်အုပ်မကွာ ပြုစုစောင့်ရှောက်နိုင်တဲ့အရွယ်မှာ ကလေးရဲ့အမှားအမှန်ကို သင်ခွဲခြားပေးနိင်မှာပါ။ ဒါပေမယ့် ကလေးအရွယ်ရောက်လာတဲ့အခါမှာတော့ သင့်နဲ့သင့်ကလေးဆက်ဆံရေးကို ပိုပြီးခိုင်မြဲစေဖို့ ထက်က နည်းလမ်းတွေက အများကြီးအသုံးဝင်ပါလိ့မ်မယ်နော်။ ကြင်နာတတ်တဲ့မိခင်တစ်ယောက်က ကလေးရဲ့ဘဝတစ်လျှောက်လုံးကို ကြင်နာစွာဖေးမခြယ်လှယ်ခွင့်ရလာပါလိမ့်မယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။