ကျရှုံးမှုကနေ ဘယ်လိုအကျိုးအမြတ်ရအောင်ယူမလဲ။

ကျရှုံးမှုတွေနဲ့ ကြုံရတဲ့အခါ စိတ်ညစ်မယ်၊ စိတ်ဓာတ်ကျမယ်၊ မျှော်လင့်ချက်တွေကင်းမဲ့သလိုခံစားရမယ် စသည်ဖြင့် ခံစားချက်ပေါင်းစုံနဲ့ ဗလောင်ဆူနေမိမှာပါပဲ။ လူတိုင်းနီးပါး ကျရှုံးမှုတွေကို ရင်ဆိုင်ခဲ့ဖူးကြမှာပါ။ ကျရှုံးမှုတွေ ကြုံရတိုင်းလည်း အခါခါ စိတ်ညစ်၊ စိတ်ဓာတ်ကျနေရုံနဲ့တော့ မပြီးသေးပါဘူးနော်။ ပြန်လည် အားတင်းပြီး ရှေ့ဆက်ကြရမှာ လူတိုင်းလိုလိုပါ။ ဒါပေမယ့် ကျွန်တော်တို့တော့ ရှေ့မဆက်ချင်တော့လောက်အောင် ခြေကုန်လက်ပန်းကျနေပါပြီဆိုပြီ လက်တော့ မလျှော့လိုက်မိပါစေနဲ့။


ဘာဖြစ်လို့လဲဆိုတော့ လက်လျှော့လိုက်တဲ့သူမှသာ တကယ့်ကျရှုံးမှုကို ပိုင်ဆိုင်သွားမှာပါ။ တခါတရံ အောင်မြင်မှုဆိုတာမျိုးက ကျရှုံးမှုနဲ့ လက်တကမ်းအကွာလေးမှာတင် ရှိနေတတ်ပါတယ်။ ယူတတ်ဖို့ပဲလိုတာပါနော်။ ကျရှုံးနေပါတယ်ဆိုမှ ဘယ်လိုလုပ် အောင်မြင်မှုက လက်တစ်ကမ်းမှာရှိမှာလဲလို့မေးစရာရှိပါတယ်။ ကျွန်တော်တို့ဖေ့ဘုတ်မှာ မြင်နေကျ ကာတွန်းလေးတစ်ခုလိုပေါ့။ စိန်တူးသမားလေးက စိန်တွေရမလားလို့ တူးလာလိုက်တာ နောက်ဆုံးတော့ ဘာစိန်မှ မရှိပါလားဆိုပြီး နောက်ဆုတ်လိုက်ကာမှပဲ သူမတူးလိုက်ရတဲ့ လက်တစ်ကမ်းအကွာမြေကြီးထဲမှာတော့ စိန်တွေ ရှိနေတတ်တာမျိုးကို မြင်ယောင်ကြည့်လိုက်ပါ။ ဘယ်လောက်ရင်နာစရာကောင်းလိုက်မလဲ။ အပင်ပန်းခံကြိုးစားလာပြီးမှတော့ ဘာလို့လက်လျော့အရှုံးပေးပြီး နောက်ဆုတ်မှာလဲ။ အောင်မြင်တဲ့အထိ ကြိုးစားပြီး ဆက်သွားရမှာပါ။

ဘယ်လိုပြောပြောပါ…..ကျရှုံးမှုနဲ့ ကြုံနေတဲ့အချိန်မှာတော့ စိတ်ဓာတ်ကျနေပြီး အရာအားလုံး မျှော်လင့်ချက်ဆိတ်သုန်းနေတတ်ပါတယ်။ အဲဒါဆိုရင် မျှော်လင့်ချက် ဆိတ်သုန်းသလို ခံစားနေရတာလဲ ကိုယ့်ရဲ့စိတ်ပါပဲ။ ကြိုးစားပါမယ်ဆိုပြီး ထက်သန်နေတတ်တာလဲ ကိုယ့်ရဲ့စိတ်ဓာတ်ပါပဲနော်။ ကိုယ့်ရဲ့စိတ်ကို စိတ်ဓာတ်ကျခြင်းထဲမှာပဲ နှစ်ထားရင် ပြန်ကို နလန်ထူနိုင်တော့မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ကိုယ့်စိတ်ကို ကိုယ်တိုင်ပဲပြန်မြှင့်တင်လိုက်ပါ။
ဘယ်လိုမြှင့်တင်ရမလဲဆိုတော့ သင်ကျရှုံးသွားတဲ့ ဖြစ်ရပ်အပေါ်မှာ သင့်ရဲ့အားနည်းချက်ကို ရှာပါ။ ကိုယ့်ကိုကိုယ်မလိမ်ပါနဲ့၊ အမှန်အတိုင်းမြင်အောင် ကြည့်တတ်ဖို့လိုပါတယ်။ ဥပမာ။ ဆယ်တန်းစာမေးပွဲကျတယ်ဆိုပါတော့ ဘယ်ဘာသာမှာအားနည်းသွားခဲ့သလဲ၊ ထိုဘာသာကို ပြန်ပြီး ပိုင်နိုင်အောင်ကြိုးစားပါ။ အလုပ်သစ်အင်တာဗျူးမှာ ကိုယ်အရွေးမခံရဘူးဆိုပါတော့ ဘာကြောင့်လဲ သုံးသပ်ပါ။ ထိုအမှားမျိုးနောက်အင်တာဗျူးတွေမှာ မဖြစ်ပါစေနဲ့တော့။
ကိုယ့်ရဲ့ကျရှုံးမှုဖြစ်ရပ်မှာ ကိုယ့်ရဲ့အားနည်းချက် ဒါမှမဟုတ် အမှားကိုမြင်လာပြီဆိုရင် သင်ခန်းစာယူလိုက်ပါ။ ကိုယ့်ကိုကိုယ်ပြုပြင်ပါ။ အားနည်းချက်ကို အားသာချက်ဖြစ်အောင် ပြောင်းလဲပါ။ လေ့ကျင့်ယူပါ။ ထိုကျရှုံးမှုကနေ သင့်ရဲ့အားနည်းချက်တွေ၊ အမှားတွေကို သိမြင်လာပြီး ပြုပြင်နိုင်လိုက်ပြီဆိုရင် အဲဒါသည် ကျရှုံးမှုကနေရတဲ့ ဆုလဒ်ပါပဲ။

သင်သိထားဖို့က ဘယ်အရာမှာမဆို အကောင်းအဆိုးဒွန်တွဲလာတတ်ပါတယ်။ ခုသင်ကျရှုံးနေခြင်းသည် နောင်တစ်ချိန်အောင်မြင်ဖို့ သင်ခန်းစာယူတာဖြစ်ပါစေ။

“အောင်မြင်တဲ့သူတစ်ယောက်က သူ့ရဲ့အမှားတွေကနေ အမြတ်တစ်ခုခုရအောင်သင်ယူပြီး မတူညီတဲ့နည်းလမ်းတစ်ခုနဲ့ နောက်တစ်ကြိမ်ထပ်ကြိုးစားလေ့ရှိတယ်” လို့ စာရေးဆရာ Dale Carnegie ကပြောဖူးပါတယ်။
အဲဒါကြောင့် ကျရှုံးမှုကြောင့် စိတ်ဓာတ်ကျနေတဲ့အခါ သင်မှတ်ထားရမှာက ကျရှုံးမှုဆိုတာ သူချည်းသက်သက်မလာပါဘူး။ သင်ယူတတ်ရင် သင်ခန်းစာကောင်းကောင်းရစေပါလိမ့်မယ်။ အဲဒီ့သင်ခန်းစာက နောင်တစ်ချိန်သင်အောင်မြင်ဖို့ ဖြစ်ပါစေနော်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။