ကျောင်းချိန်ပြီးသွားလျှင် ကျောင်းသားတွေအနေနဲ့ ဘာတွေဆက်လုပ်သင့်ပါသလဲ။

ခုလက်ရှိ ခေတ်ရဲ့တိုးတက်မှုတွေက မြန်ဆန်လွန်းတဲ့အတွက် ခေတ်ကိုအမှီလိုက်နိုင်ဖို့ကို အချိန်နဲ့တပြေးညီကြိုးစားလာကြရပါတယ်။ အဲဒီ့အခါ ကျောင်းသားလူငယ်တွေလေးတွေပါ ခေတ်ကိုအမှီလိုက်နိုင်ဖို့ ကျောင်းချိန်ပြီးတာနဲ့ အခြားနည်းပညာသင်တန်းများ၊ ဘာသာစကားသင်တန်းများပါ တက်ထားကြရပါတော့တယ်။ အချိန်နဲ့တပြေးညီတိုးတက်ချင်လာတာနဲ့အမျှ အချိန်နဲ့တပြေးညီ ဖိစီးလာကြတော့တာပါပဲ။ ကျောင်းချိန်ပြီးတာနဲ့ ကျောင်းသားတွေအနေနဲ့ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးအတွက် ဆက်လုပ်သင့်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁) စိတ်လွတ်ကိုယ်လွတ်နားပါ။ ကျောင်းမှာ စာတွေကို အာရုံစိုက်လာရတဲ့အတွက် အိမ်ရောက်တဲ့အချိန်တစ်နာရီလောက်ကို စိတ်လွတ်ကိုယ်လွတ်အနားယူသင့်ပါတယ်။ အဲဒါမှသာ နောက်ထပ်အာရုံစိုက်ရမယ့်ကိစ္စတွေမှာ အာရုံစူးစိုက်မှုအားကောင်းလာမှာဖြစ်ပါတယ်။ ကျောင်းကပြန်၊ တခြားသင်တန်း တန်းတက်၊ ကျူရှင်ဆက်တက် စသည်ဖြင့် လုပ်လိုက်ခြင်းက ဦးနှောက်ကို ပိုပြီး ဖိစီးလာအောင်လုပ်လိုက်တာဖြစ်တဲ့အတွက် ဦးနှောက်ရဲ့အာရုံစိုက်နိုင်စွမ်းကျဆင်းလာပါတယ်။ ၂) ရေချိုးပါ။ ရေချိုးပစ်လိုက်တာက လန်းဆန်းသွားစေနိုင်ပါတယ်။ ဆက်လုပ်မယ့်အလုပ်တွေကိုလည်း အာရုံစိုက်မှုပိုကောင်းပါတယ်။ ၃) စာဖတ်ပါ။ စာဖတ်တဲ့ကလေးတစ်ယောက်ကို စာအုပ်တွေက ထိန်းကျောင်းပေးသွားနိုင်ပါတယ်။ စာဖတ်ရင်း အလိုလိုသုံးသပ်ဖြစ်နေတဲ့အတွက် သူ့ဘဝမှာ သူ့ကိုယ်သူသုံးသပ်ဖို့ အကျင့်ရပြီးသားဖြစ်စေပါတယ်။ အဲဒါကြောင့် မကောင်းတာလုပ်မိရင်တောင် ပြုပြင်ဖို့ ပြောစရာမလိုတော့ပါဘူး။ စိတ်ကိုလည်း တည်ငြိမ်စေတဲ့အတွက် စာဖတ်တဲ့ကလေးက အလိုလိုတည်ငြိမ်ပြီးသားဖြစ်နေစေပါတယ်။ ၄) သီချင်းနားထောင်ပါ။ စိတ်အပန်းဖြေဖို့အတွက် သီချင်းနားထောင်ပါစေ။ ကျောင်းကပြန်လာတဲ့အချိန်မှာ တစ်နာရီနှစ်နာရီခန့်က သူတို့စိတ်ကြိုက်လုပ်ချင်ရာလုပ်ခွင့်ပေးထားခြင်းက စာလုပ်သင့်တဲ့အချိန်မှာ စာလုပ်ဖို့အတွက် ပိုပြီးနာခံတတ်စေပါတယ်။ အဲဒီ့တော့ စိတ်အပန်းဖြေဖို့သီချင်းနားထောင်တာမျိုးလုပ်ခွင့်ပေးပါ။ ၅) အားကစားလုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုလုပ်ပါစေ။ သူတို့စိတ်ပါဝင်စားတဲ့အားကစားတစ်ခုခုလုပ်ပါစေ။ ဘောလုံးကန်တာမျိုး၊ ကြက်တောင်ရိုက်တာမျိုး၊ ရေကူးတာမျိုး၊ ဘောလီဘောပုတ်တာမျိုး စသည်ဖြင့် တစ်ခုခုကို စိတ်ပါလက်ပါ လုပ်ပါစေ။ အဲဒါက သူတို့ကို စိတ်ဖိစီးမှုကနေ လွတ်မြောက်စေပါတယ်။ ၆) ဝါသနာပါရာ တစ်ခုခုလုပ်ခွင့်ပေးပါ။ သီချင်းရေးတာ ဝါသနာပါရင် သီချင်းရေးတာမျိုး၊ ပန်းချီဆွဲတာ ဝါသနာပါရင် ပန်းချီဆွဲတာမျိုး၊ သူဝါသနာပါရာတစ်ခုခုကို ဖန်တီးခွင့်ပေးလိုက်ပါ။ ကိုယ်လုပ်ချင်တာလေးလုပ်နေရတဲ့အတွက် ပင်ပန်းတယ်လို့မထင်ဘဲ အပန်းဖြေသလိုဖြေစေပါတယ်။ စိတ်ကူးဉာဏ်လည်း ကွန့်မြူးလာနိုင်ပါတယ်။ ၇) မိဘကို ဝိုင်းကူခိုင်းပါ။ အမေဟင်းချက်နေတဲ့အချိန် သားသမီးကို ဝိုင်းကူခိုင်းတာမျိုးက မိဘနဲ့လည်း ပိုပြီး နွေးထွေးချစ်ခင်လာနိုင်သလို အမေဖြစ်သူ အိမ်အလုပ်တွေအလုပ်နိုင်တဲ့အချိန်မျိုးမှာ အကူအညီဖြစ်စေနိုင်ပါတယ်။ ဟင်းချက်ရင်း ဘယ်လိုချက်ပြုတ်ရတယ်၊ ဘာတွေထည့်သုံးရတယ် စသည်ဖြင့် သူတို့နဲ့ ပေါ့ပေါ့ပါးပါးလေးပြောပြရင်း သင်ပေးပြီးသွားဖြစ်သွားစေမှာပါ။ အိမ်သန့်ရှင်းရေးလုပ်ခိုင်းတာမျိုးလည်း လုပ်ခိုင်းလို့ရပါသေးတယ်။ အဲဒါမှ နောက်ဆို မိဘကိုယ်တိုင်မလုပ်ဖြစ်တဲ့အချိန်မျိုးမှာ သူတို့အသိစိတ်ဓာတ်လေးနဲ့သူတို့ လုပ်ဖြစ်သွားမှာပါ။ ၈) အပင်စိုက်ခိုင်းပါ။ သားသမီးအတွက် ကိုယ်ပိုင်အပင်လေးတွေစိုက်ခွင့်ပေးပါ။ ပန်းပင်လေးတွေ၊ သီးပင်စားပင်လေးတွေစိုက်တာမျိုးပေါ့၊ သူတို့ကိုယ်ပိုင်အပင်ကို သူတို့ဂရုစိုက်မိတဲ့အချိန်ဟာ သူတို့ရဲ့ စိတ်ဖိစီးမှုတွေပြေလျော့စေတဲ့အချိန်ပါပဲ။ ပန်းပင်လေးတွေဆိုလည်း ပန်းပွင့်လာတဲ့အချိန်မှာ ရတဲ့ခံစားချက်မျိုး၊ အသီးအနှံလေးတွေ သီးပွင့်လာတဲ့အချိန်မှာ ရတဲ့ခံစားချက်မျိုးကို ခံစားတတ်သွားရင် စိတ်ဓာတ်လည်း နူးညံ့ပျော့ပျောင်းသွားတတ်ပါသေးတယ်။ သဘာဝကိုခံစားတတ်တဲ့စိတ်တွေ၊ အပင်တွေကို ချစ်ခင်တတ်တဲ့စိတ်တွေ ဖြစ်လာတဲ့အခါ ပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြေအောင် ဂရုစိုက်တတ်တဲ့ သားသမီးလေးတွေဖြစ်လာမှာပါ။ အဲလိုမျိုး သဘာဝကိုခံစားတတ်ပြီး စိတ်သဘောထားပျော့ပျောင်းသွားတဲ့သူမျိုးက ကြမ်းတမ်းရိုင်းစိုင်းတဲ့စကားလုံးတွေနဲ့ ရိုင်းစိုင်းသူဖြစ်မလာနိုင်တော့ပါဘူး။ သူတို့ရဲ့စိတ်ဖိစီးမှုတွေကိုလည်း ပြေလျော့ပြီးသားလည်းဖြစ်၊ ယဉ်ကျေးလိမ္မာတဲ့ကလေးငယ်လေးတွေလည်း ဖြစ်အောင် ပျိုးထောင်ပြီးသားဖြစ်တာပေါ့။ ကျောင်းစာအပြင် တခြားသောသင်တန်းတွေအတွက် ကျောင်းသားလူငယ်တွေကို အချိန်စီမံပေးဖို့ မိဘများမှာ တာဝန်ရှိပါတယ်။ အချိန်ကို စနစ်တကျစီမံပေးနိုင်မှသာ ဖိစီးမှုကင်းဝေးမှာဖြစ်ပြီး တိုးတက်သင့်သလောက်တိုးတက်မှာလည်းဖြစ်ပါတယ်။ #BAWA101


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။