ကျန်းမာရေးနှင့်ပါတ်သက်သောအရာများသည် ရှက်စရာမဟုတ်ပါ။

ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့စကားလိုပါပဲ ကျန်းမာမှသာ ကိုယ်သွားတိုင်းစိတ်ပါ၊ ကိုယ်လုပ်ချင်တာတွေကို လုပ်လို့ရမှာပါ။ မကျန်းမာရင်တော့ စိတ်ကသာ ရှိပေမယ့် ကိုယ်ကမလိုက်နိုင်ဘဲ ကိုယ့်ကိုကိုယ်အားမရဘဲ စိတ်တိုဒေါသထွက်ရတာ တစ်ဒုက္ခဖြစ်ရပြန်ပါတယ်။ ကျန်းမာရေးကိုလည်း ငွေနဲ့ဝယ်မရနိုင်ပါဘူးနော်။ အဲဒါကြောင့်ကျန်းမာခြင်းက လာဘ်တစ်ပါးလို့ပြောကြတာပါ။ ဒါပေမယ့် ကျန်းမာရေးက အရေးအင်မတန်ကြီးလှမှန်းသိကြပေမယ့် တစ်ခါတစ်လေကျတော့ မရှက်သင့်ဘဲ ရှက်တတ်ကြတဲ့မြန်မာလူမျိုးတွေမှာ မဖြစ်သင့်တာတွေလည်း ဖြစ်တတ်ကြပါတယ်။ ရှက်ရှက်နဲ့ဖုံးကွယ်ထားတတ်ကြလို့ အချိန်လွန်မှ သိပြီး အသက်ရှုံးဆုံးကြတာမျိုးတွေတောင် ရှိပါတယ်။ အဲဒါကြောင့် ကျန်းမာရေးနဲ့ပတ်သက်လာရင် ရှက်စရာမဟုတ်ပါဘူးဆိုတဲ့အကြောင်း ဒီဆောင်းပါးလေးနဲ့ဖော်ပြလိုက်ရပါတယ်။


မိန်းကလေးတွေမှာဆိုရင် ရှက်စရာအဖြစ်ဖုံးကွယ်ထားတတ်ကြတဲ့ ရောဂါအများစုက ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အပျိုဖော်ဝင်ချိန် ရာသီစက်ဝန်းပြဿနာ စတဲ့ရောဂါတွေက မရှက်သင့်ဘဲ ရှက်ရွံ့တတ်ကြတဲ့ရောဂါအမျိုးအစားတွေထဲမှာပါဝင်ပါတယ်။
အချို့သောရောဂါတွေဟာဆိုရင် ကင်ဆာလိုကြီးမားတဲ့ရောဂါအဆင့်ကိုရောက်သွားတဲ့အခါ အသက်အန္တရာယ်အထိဖြစ်လာနိုင်သလို၊ အပ်နဲ့ထွင်းရမယ့်နေရာမှာ ပုဆိန်နဲ့ပေါက်ရတာမျိုးတွေ မဖြစ်သင့်တာတွေ မဖြစ်ခင် ကုသဖို့ မရှက်မကြောက် ပြောပြသင့်ပါတယ်။
ရင်သားကင်ဆာရောဂါ
ရင်သားကင်ဆာဟာ အမျိုးသမီးတွေကြားမှာ အဖြစ်အများဆုံး ကင်ဆာတစ်ခုဖြစ်ပြီး အမျိုးသမီး ၂၅ ရာခိုင်နှုန်း ကနေ ၃၅ ရာခိုင်နှုန်း အထိ ခံစားနေရပါတယ်။ ရင်သားကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ စောစီးစွာ တွေ့ရှိရင် ကုသပျောက်ကင်းနိုင်ပါတယ်။ ဒါကြောင့် ရင်သားတွေကို ပုံမှန် စမ်းသပ်စစ်ဆေးခြင်းဟာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို စောစောသိရှိနိုင်ပါတယ်။ အမျိုးသမီးတွေ ကိုယ်တိုင်လည်း စမ်းသပ်သိရှိနိုင်ပါတယ်။
ပက်လက်လဲှပြီး ညာပုခုံးရဲ့အောက်မှာ ခေါင်းအုံးတစ်ခုကို ထားလိုက်ပါ။ ဘယ်ဘက်လက်မှာ လက်သုံးချောင်းနဲ့ အနည်းငယ်ဖိပြီး စက်ဝိုင်းပုံသဏ္ဍန် အပေါ်ကနေ အောက်ကို စမ်းသပ်ပါ။ ရင်ညွန့်ရိုးရဲ့ အပေါ်ပိုင်းနဲ့ အောက်ပိုင်း၊ ချိုင်းကြားတွေမှာ ရင်သားပြောင်းလဲမှုတွေကို အာရုံခံပါ။ဘယ်ဘက်ရင်သားစမ်းသပ်ဖို့အတွက် ညာဘက်လက်ကို အသုံးပြုပါ။ အသက် ၄၀ကနေ ၇၅နှစ်အတွင်း အမျိုးသမီးတွေဟာ တစ်နှစ်တစ်ကြိမ် ဒီစစ်ဆေးမှုခံယူသင့်ပါတယ်။ မိသားစုထဲမှာ မျိုးဥအိမ်ကင်ဆာ သို့မဟုတ် ရင်သားကင်ဆာရှိသူ မျိုးရိုးရှိတယ်ဆိုရင် မမ်မိုဂရမ်စစ်ဆေးမှုကို ပိုပြီးခံယူသင့်ပါတယ်။
အချိန်မီစစ်ဆေးမှုခံယူခြင်းကြောင့် စောစောသိတော့ စောစောကုသနိုင်တာမို့ အသက်အန္တရာယ်ကနေ စောစောကာကွယ်နိုင်ပါတယ်။
သားအိမ်ခေါင်းကင်ဆာ
အသက် ၂၁ နှစ်ကနေ၆၅ နှစ်အတွင်း အမျိုးသမီးတွေဟာ Pap Test (သားအိမ်ခေါင်းချွဲမြှေးစစ်ဆေးခြင်း)ကို သုံးနှစ်တစ်ကြိမ်ခံယူသင့်ပါတယ်။ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးစဉ်အတွင်း ဆရာဝန်တွေက သားအိမ်ခေါင်းမှာ ရှိတဲ့ဆဲလ်တွေကို ညင်သာစွာခြစ်ထုတ်ယူပြီး ပုံမှန်မဟုတ်တဲ့ကြီးထွားမှုရှိမရှိစစ်ဆေးမှာဖြစ်ပါတယ်။ အသက် ၃၀ နဲ့အထက်ဆိုရင် HPV စစ်ဆေးမှုနဲ့ပေါင်းပြီး ငါးနှစ်တစ်ကြိမ်စစ်ဆေးလို့ရပါတယ်။ HPV ဗိုင်းရပ်စ်ဟာ သားအိမ်ခေါင်းကင်ဆာဖြစ်လာစေနိုင်တဲ့ ရောဂါပိုးဖြစ်ပါတယ်။
သေဆုံးနှုန်းမြင့်ပေမယ့်သားအိမ်ခေါင်းက ကုရအလွယ်ဆုံးကင်ဆာတွေထဲမှာပါပါတယ်။ ဒါကြောင့်သင့်မှာသားအိမ်ခေါင်းကင်ဆာစဖြစ်နေပြီဆိုရင် တောင်မှ သားအိမ်ခေါင်းကင်ဆာအထိပြောင်းမသွားခင်ကုသပျောက်ကင်းနိုင်ပါတယ်။ အဓိကက မရှက်မကြောက်ဘဲ ပုံမှန်စစ်ဆေးမှုပြုလုပ်ဖု့ိပါပဲ။ သင့်ခန္ဓာကိုယ်မှာ မသင်္ကာတာမျိုးတစ်ခုခုတွေ့ရှိရာပါက ရှက်ကြောက်ပြီး ဖုံးမကွယ်ထားဘဲ စစ်ဆေးမှုပြုလုပ်သင့်ပါတယ်။
ရာသီစက်ဝန်းပြဿနာ
အပျိုဖော်ဝင်ကာစမှာ ရှက်တာရော၊ ကြောက်တာရောကြောင့်မိဘကိုလည်း မဖွင့်ပြောရဲဘဲ တတ်သလောက်မှတ်သလောက် ဖြေရှင်းတတ်တဲ့ အထဲမှာလည်း ရာသီစက်ဝန်းပြဿနာပါဝင်ပါတယ်။ မြန်မာမိဘတော်တော်များများက ထိုကိစ္စကြီးကို ၊အဖေ၊ မောင်၊ အကိုက စလို့ ဘယ်သူ့ကိုမှ မသိမမြင်စေနဲ့ဆိုပြီး ရှက်စရာကိစ္စတစ်ခုလို သင်ကြားပေးတတ်ကြတာကြောင့်လည်း ပါပါတယ်။ အမှန်တော့သမီးမိန်းကလေးမွေးထားသော မေမေများအနေနဲ့ မှန်ကန်တဲ့ကျန်းမာရေး ပုံစံတစ်ခုဖြစ်အောင် သင်ပြပေးသင့်ပါတယ်။ မိဘတွေကိုယ်တိုင်ကလည်း ဒါသည် ရောဂါမဟုတ်၊ ရှက်စရာမဟုတ် ၊ သဘာဝက ပေးတဲ့ပုံမှန်ဖြစ်စဉ်တစ်ခုလို လက်ခံပြီး သင်ပေးထားသင့်ပါတယ်။
မိဘက ကျန်းမာရေးနည်းလမ်းမှန်စွာ သင်ကြားပေးမယ်ဆိုရင် ထိုပြဿနာက ဘာဆိုးကျိုးမှဖြစ်လာနိုင်ပေမယ့် မိဘကိုယ်တိုင်က ရှက်ကြောက်စရာကိစ္စတစ်ခုလို သတ်မှတ်ပြီး မသင်ပြပေးထားဘူးဆိုရင် အမျိုးသမီး မျိုးပွားအဂါၤ ပိုးဝင်ခြင်း၊ ယောင်ရမ်းခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ ကိုယ်ဝန်ရှိတာမဟုတ်ဘဲ ရာသီသွေးထိန်ခြင်း၊ ရာသီသွေးဆင်းများခြင်း စတဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာတဲံအခါ ရှက်ကြောက်ခြင်းကြောင့် မိဘကို
ပွင့်လင်းစွာဖွင့်ဟပြောရဲမှာမဟုတ်ပါဘူး။ အဲဒါဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေရဲ့ အကျိုး ဆက်ကို
ခံစားရရုံတင်မကဘဲမလိုလားအပ်တဲ့ပြဿနာတွေပါ ဖြစ်လာနိုင်ပါသေးတယ်။
အထက်က ဖော်ပြသွားတဲ့ရောဂါတွေကတော့ လူသိများပြီး ဖြစ်ဖြစ်ချင်း ရှက်ကြောက်မှုကြောင့် ဖုံးကွယ်ထားတတ်တဲ့ ရောဂါများဖြစ်ပါတယ်။ ရှက်ကြောက်ပြီး ဖုံးကွယ်ထားနိုင်တဲ့အခြားသော ရောဂါတွေလည်း ရှိနေနိုင်ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ကျန်းမာရေးသည်သာ အရေးအကြီးဆုံးမို့ ရှက်ကြောက်ပြီး ဖုံးကွယ်ရာကနေ အသက်အန္တရာယ်ထိခိုက်လာတဲ့အထိ ဖြစ်ရတာမျိုးက မဖြစ်သင့်ပါဘူး။ အဲဒါကြောင့် ကျန်းမာရေးသည် လာဘ်တစ်ပါးမို့ ထိုလာဘ်ကို အဆုံးရှုံးခံလိုက်မယ်ဆိုရင်တော့ ကျန်တဲ့ စိတ်ကော ကိုယ်ကော၊ ကျန်တဲ့ဏ္ဍပေါင်းစုံမှာ လာဘ်ပွင့်နိုင်တော့မှာ မဟုတ်ပါဘူးလို့
သတိပေးရင်း ဒီဆောင်းပါးလေးကြောင့် သတိလေးတစ်ခုရသွားမယ်ဆိုရင်ပဲ ကျေနပ်ရပါတယ်။ #Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။