ကူညီမှုနဲ့မထိုက်တန်သောလူများ

ကူညီတတ်တာ ကောင်းတဲ့အကျင့်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ကူညီတဲ့အခါမှာ ကူညီသင့်တဲ့လူရယ် မကူညီသင့်တဲ့လူရယ်လို့ ခွဲခြားနားလည်ဖို့လည်း လိုပါသေးတယ်။ အချို့တွေက ကိုယ့်အတွက်ကိုယ်ပါ အနစ်နာခံပြီး တဖက်သားကို စာနာနားလည်ပြီး ကူညီပေးတတ်တဲ့စိတ်ဓာတ်ကို ခုတုံးလုပ် အသုံးချတတ်ကြပါတယ်။ အဲဒီလို ကူညီပေးမှန်းသိလို့ အခွင့်အရေးယူတတ်သူတွေက ကူညီမှုနဲ့ မထိုက်တန်တဲ့သူတွေဖြစ်ပါတယ်။ မကူညီပေးသင့်တဲ့လူကို ကူညီပေးမိခြင်းက သင့်ကိုပါ အမျိုးမျိုးဒုက္ခပေးနိုင်သလို၊ အမျိုးမျိုးသောပုံစံနဲ့ ထိခိုက်နစ်နာစေပါလိမ့်မယ်။ အဲဒါကြောင့်လူတွေကို ကူညီခြင်းက ကောင်းပါတယ်။ ဒါပေမယ့် ကိုယ်ကူညီလိုက်တဲ့လူမျိုးက ဘယ်လိုလူမျိုးလဲဆိုတာတော့ သေချာသုံးသပ်သင့်ပါတယ်။ ဘယ်လောက်ကူညီပါစေ…….ကူညီခြင်းကို အလွဲသုံးစားလုပ်ပြီး အခွင့်အရေးယူတတ်တဲ့လူတွေကို ယေဘုယျအားဖြင့်ဖော်ပြပေးလိုက်ပါတယ်။


၁) ငွေကြေးဆိုင်ရာအရှုပ်အရှင်းများတဲ့သူ
ဒီနေ့ခေတ်မှာ အတွေ့များတဲ့ပြဿနာတွေထဲမှာ ငွေကြေးဆိုင်ရာပြဿနာတွေလည်း အပါအဝင်ပါပဲ။ ငွေဆိုတာ ကိုယ်ကိုင်တွယ်နိုင်ရင် ကိုယ့်ကိုအကျိုးပေးမှာဖြစ်ပေမယ့် ကိုယ်က ငွေရဲ့ခိုင်းတာကို ပြန်ခံရရင်လည်း ကိုယ့်ကိုဒုက္ခလှလှပေးနိုင်ပါတယ်။ ငွေကို အမျိုးမျိုးလှည့်ပတ်ပြီး လည်သလိုလုပ်စားတတ်သူမျိုးကို သင်ကူညီမိရင် ငွေကူညီရင် ငွေဆုံးမှာဖြစ်ပြီး ငွေမကူညီနိုင်လို့ အခြားသောတနည်းနည်းနဲ့ကူညီပေးလိုက်ခြင်းက သင့်ကိုပါ ဒုက္ခပေးသွားမှာဖြစ်ပါတယ်။ ဥပမာ။ ငွေချေးငှားရာတွင် အာမခံလက်မှတ်ထိုးပေးလိုက်တာမျိုး။ ငွေချေးငှားရာတွင် အဖော်အဖြစ်လိုက်ပေးလိုက်တာမျိုး (မျက်မြင်သက်သေအဖြစ်ပါဝင်ပတ်သက်နိုင်ပါတယ်)
ထိုကဲ့သို့ ငွေကို လွယ်လွယ်ရလွယ်လွယ်သုံးတတ်သူမျိုးက ဘယ်တော့မှ ငွေသခင်မဖြစ်လာနိုင်တော့ပါဘူး။ ငွေကခိုင်းတာလုပ်ရတဲ့ ငွေကျွန်သာဖြစ်နိုင်ပါတော့တယ်။ ငွေကျွန်ဖြစ်လာတဲ့နောက်တော့ တဖက်သားဒုက္ခရောက်အောင်လုပ်ဖို့လည်း ဝန်မလေးတော့ပါဘူး။ အဲဒါကြောင့် ငွေကြေးဆိုင်ရာကို ခပ်လွယ်လွယ်နဲ့အရှုပ်အရှင်းလုပ်တတ်သူမျိုးကို မကူညီသင့်ပါဘူး။

၂) ဟန်ဆောင်လိမ်ညာတတ်တဲ့သူ
ထိုလူမျိုးကလည်း သင့်ပတ်ဝန်းကျင်မှာရှိနေခဲ့ရင် သင့်ကို သူ့ရဲ့အစစ်အမှန်ပုံစံအတိုင်းဆက်ဆံမှာ မဟုတ်ဘဲ အမြဲလို သူ့ရဲ့ဟန်ဆောင်မျက်နှာဖုံးနဲ့သာဆက်ဆံနေမှာဖြစ်ပါတယ်။ အဲဒီ့အတွက် သင့်ရဲ့ခံစားချက်၊ သင့်ရဲ့နေ့စဉ်ဖြတ်သန်းမှု၊ သင့်ရဲ့ကိုယ်ရေးကိုယ်တာ၊ သင့်ရဲ့အလုပ်ခွင်၊ လူမှုပေါင်းသင်းဆက်ဆံရေး စတဲ့အရာအားလုံးနဲ့ပတ်သက်တဲ့ ခံစားချက်ကလည်း ဟန်ဆောင်တာဖြစ်နေတဲ့အတွက် သင့်ကို တနည်းနည်းနဲ့ဒုက္ခဖြစ်စေမယ့်သူမျိုးဖြစ်နိုင်ပါတယ်။ များသောအားဖြင့် ထိုလူမျိုးတွေက မကောင်းမြင်စိတ်လည်းများပါတယ်။ အဲဒါကြောင့်လည်း သူတို့က အားလုံးကို ဟန်ဆောင်လိမ်ညာနေတာဖြစ်ပါတယ်။ သူတို့လိုပဲလို့ လူတိုင်းကိုလည်း ယုံကြည်ထားတတ်တဲ့အတွက် သင်အခက်ကြုံနေချိန် မကူညီတတ်သလို သင့်ဒုက္ခကိုတောင်ပြန်ပြီး အားရကျေနပ်နေတဲ့သူတွေဖြစ်လာနိုင်ပါတယ်။

၃) အမှားမပြင်ချင်တဲ့သူ
တချို့တွေက အမှားကိုစေတနာနဲ့ထောက်ပြတာကို မလိုလားပါဘူး။ ဝေဖန်အပြစ်တင်တာနဲ့ ကောင်းစေချင်လို့ ထောက်ပြတာက ကွဲပြားပါတယ်။ မကောင်းတဲ့အမြင်နဲ့ဝေဖန်ပြောဆိုတာက ခေါင်းထဲမထည့်သင့်ပေမယ့် ကောင်းစေချင်တဲ့စေတနာနဲ့ပြောပြတဲ့စကားမျိုးကတော့ ခေါင်းထဲထည့်ပြီး ကိုယ့်ကိုကိုယ်ပြုပြင်လိုက်မယ်ဆိုရင် ကိုယ့်ဘ၀ ပိုတိုးတက်နိုင်ပါတယ်။ တချို့တွေက အဲဒီလို ထောက်ပြတာကို လုံးဝမနှစ်သက်ပါဘူး။ တနည်းအားဖြင့် အမှားမပြင်ချင်တဲ့သူမျိုးလို့ပြောနိုင်ပါတယ်။ လူတိုင်းကအမှားနဲ့မကင်းပေမယ့် အမှားကိုအမှန်ပြင်ချင်စိတ်ရှိရင် အမှားနည်းလာပါတယ်။ ဒါပေမယ့် အမှားမပြင်ချင်တဲ့သူမျိုးကိုတော့ ဘယ်နှစ်ခါပဲ သင်ပြုပြင်ပါ့မယ်လို့မျှော်လင့်နေပါစေ သူ့ကိုယ်သူမှားတယ်မထင်တဲ့အတွက် အမှားကိုသာ အမှန်ထင်ပြီး သင့်စေတနာအရာထင်မှာမဟုတ်ပါဘူး။ အဲဒီလိုလူမျိုးကို သင်ပြတ်သားစွာစွန့်လွှတ်မှသာ သင့်ဘဝမှာ လုပ်စရာရှိတာတွေဆက်လုပ်သွားနိုင်မှာပါ။

၄) ဘယ်အရာမှထိရောက်အောင်မြင်အောင်လုပ်ချင်စိတ်မရှိတဲ့သူ
တချို့လူတွေ သက်တောင့်သက်သာနေရတဲ့အခြေအနေကို တစ်သက်လုံးလိုချင်တတ်ကြပါတယ်။ အဲဒါကြောင့်ကိုပဲ ဘယ်လိုခက်ခဲတဲ့အရာကိုမှ ကြိုးစားချင်စိတ်မရှိတော့ပါဘူး။ အဆင်သင့်သလို နေလိုက်တာမျိုးပေါ့။ ပြင်းထန်စွာကြိုးစားပြီး ကိုယ်လိုချင်တာရအောင် ဇွဲရှိစွာကြိုးစားမယ်ဆိုတာမျိုး သူတို့ဘဝမှာမရှိပါဘူး။ အဲဒီလိုလူမျိုးတွေကို သင်ကပြုပြင်လာနိုးနဲ့ ပေါင်းသင်းပတ်သက်နေရင်တော့ သင့်ဘဝရဲ့အချိန်တွေသာ ကုန်ဆုံးသွားပါလိမ့်မယ်။ တစ်သက်လုံးပြုပြင်မှာမဟုတ်ပါဘူး။ အဲဒီလိုအပေါင်းအသင်းမျိုးကို သင်ပြတ်သားစွာစွန့်လွှတ်သင့်ပါတယ်။ သင့်ဘဝမှာသင်ဖြစ်ချင်တာတွေကိုလုပ်ဖို့ အချိန်တွေပါ သူ့ကြောင့်ဆုံးရှုံးသွားရပါလိမ့်မယ်။ သူ့လို လက်သာရာအေးဆေးနေဖို့ သူကတောင်သင့်ကိုတိုက်တွန်းနေပါလိမ့်မယ်။

၅) စေတနာကိုနားမလည်တဲ့သူ
ကိုယ်ကတော့စေတနာနဲ့ ကောင်းစေချင်လို့ ကူညီလိုက်တာပါပဲ။ ဒါပေမယ့် သူကတော့လူတိုင်းကို မျက်ရည်ချုနေတတ်တဲ့လူမျိုးဖြစ်နေရင် သင့်စေတနာလောက်တော့ သူ့အတွက် လောက်တောင်မလောက်ဘူးဖြစ်နေမှာပါ။ သင့်စေတနာအတွက် တကူးတကကျေးဇူးတင်နေမယ့်သူမျိုးမဟုတ်တဲ့အပြင် သင့်စေတနာကိုလည်း နားလည်မှာမဟုတ်ပါဘူး။ သူ့ကိုယ်သူလည်း ပြုပြင်ဖို့၊ စေတနာကြောင့်အကူအညီရခဲ့တာကို သူ့ဘဝအတွက် ထိရောက်စွာအသုံးချဖို့ နားလည်မှာမဟုတ်ပါဘူး။ အဲဒီလို စေတနာကိုနားမလည်တဲ့သူမျိုးကို သင်က သနားငဲ့ညှာနေခြင်းက သင့်ကိုသင် ရှေ့ရောက်ဖို့ မကြိုးစားဘဲ အချိန်သက်သက်ဖြုန်းနေတာနဲ့သာတူပါတယ်။ သူတို့ကို သင်စေတနာထားနေပြီး ငဲ့ညှာနေခြင်းက သင့်ဘဝအတွက် လုပ်စရာရှိတာတွေမလုပ်ဖြစ်တော့ပါဘူး။
အားလုံးပဲ ကူညီသင့်တဲ့လူကို ကူညီနိုင်ကြပြီး မကူညီသင့်တဲ့လူတွေ၊ ကူညီတတ်တဲ့သူကို အသုံးချတတ်တဲ့ လူ့အခွင့်အရေးသမားတွေရဲ့ဘေးရန်ကနေ ရှောင်နိုင်ကြပါစေလို့ ရေးသားဖော်ပြလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။