အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။

ကိုယ့်ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် လိုအပ်တဲ့အရာများ

မကြာခင်မှာ နှစ်သစ်ကိုရောက်ရှိတော့မှာမို့ ကိုယ့်အတွက် ရည်မှန်းချက်အသစ်တွေ ပြန်ပြီးချမှတ်လို့ လူတိုင်းကိုယ်စီပြင်ဆင်ကြတော့မယ်ထင်ပါတယ်။ နှစ်သစ်မှာမှ မဟုတ်ပါဘူး၊ ကိုယ့်အတွက် တကယ်ဖြစ်ချင်တဲ့၊ ဖြစ်လည်းဖြစ်နိုင်တဲ့ရည်မှန်းချက်တွေကို အောင်မြင်ဖို့ဆိုရင် သေချာတဲ့အချိန်ကာလတစ်ခု သတ်မှတ်ပြီး တိကျတဲ့လမ်းကြောင်းတွေနဲ့ ပန်းတိုင်တွေသတ်မှတ်ထားရမှာပါ။ အဲဒါကြောင့် ကိုယ့်ရည်မှန်းချက်တွေ အောင်မြင်ဖို့ရာအတွက် ထားရှိသင့်တဲ့စိတ်ထားတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) မိမိကိုယ်ကိုယုံကြည်ပါ။
အရင်ဆုံးလိုအပ်တာကတော့ ဘယ်သူကမှ ကိုယ့်ကိုမယုံကြည်ရင်တောင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်တဲ့စိတ်ထားပါပဲ။ ကိုယ်ဖြစ်အောင်လုပ်မယ်၊ ဖြစ်အောင်လုပ်နိုင်တယ်လို့ လက်ခံထားတဲ့စိတ်ရှိမှသာ ဘာမဆို ရင်ဆိုင်ရဲမှာဖြစ်ပါတယ်။ အဲဒါကြောင့် “ကိုယ်လုပ်နိုင်တယ်....၊ မဖြစ်ဖြစ်အောင် ကြိုးစားမယ်” ဆိုတဲ့ စိတ်ထားမျိုးထားပါ။

၂) အချို့စည်းမျဥ်းတွေကို ကျော်ပြီး တွေးကြည့်ပါ။
လူတိုင်း လုပ်နေကျ ဘောင်ထဲကနေ နေပြီး တွေးတောနေမယ့်အစား တရားလက်လွတ်မဟုတ်ဘဲ အခြားလူတွေလုပ်နေကျ မဟုတ်ဘဲကွဲထွက်မယ့်အရာမျိုးကို တွေးသင့်တဲ့အခါ တွေးတော့ ကြံစည်ရမှာပဲဖြစ်ပါတယ်။ တနည်းအားဖြင့် ဆန်းသစ်တာမျိုး၊ လမ်းသစ်ထွင်တာမျိုးတွေ လုပ်သင့်ရင် လုပ်ရမှာပဲဖြစ်ပါတယ်။

၃) ကျရှုံးမှာမကြောက်ပါနဲ့။
ဘယ်နေရာမှာမဆို ချက်ချင်းအောင်မြင်ပြီး အဆင်ပြေသွားတယ်ဆိုတာမျိုး မရှိပါဘူး။ ကျရှုံးမှုကြုံရင်ကြုံရမယ်၊ ဆုံးရှုံးမှုကြုံရင်ကြုံရမယ်၊ ကြိုးစားနေတဲ့ဘယ်သူမဆို အနိုင်၊ အရှုံး၊ အဆုံး၊ အမြတ်ကတော့ရှိမှာပါပဲ။ အဲဒါကြောင့် ကျရှုံးမှာကို ကြိုတွေးပြီး ကြောက်လန့်နေလို့မဖြစ်ပါဘူး။ ကိုယ်လုပ်နိုင်တာကို လုပ်ရမှာက ကိုယ့်တာဝန်၊ ကျရှုံးရင်လည်း ပြန်ပြီး အနိုင်ရအောင် ကြိုးစားရမှာလည်း ကိုယ့်တာဝန်ပါပဲ။

၄) အဆိုးမြင်သမားတွေရဲ့စကားကိုနားမယောင်ပါနဲ့။
နောက်တစ်ခုက ကိုယ့်ပတ်ဝန်းကျင်မှာ ဘာလုပ်လုပ်အဆိုးမြင်စိတ်၊ အဆိုးမြင်အတွေးနဲ့ လိုက်ပြီး ပြောဆိုတတ်သူတွေကို ရှောင်ဖို့ပါ။ အဲဒီလို အဆိုးမြင်းသမားတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ဝန်းရံပါများလာတဲ့အခါ သူတို့စိတ်ထဲက ဘာလုပ်လုပ်အပျက်သဘောဆောင်တဲ့အတွေး၊ အမြင်တွေက ကိုယ့်ကို လွှမ်းမိုးသွားတတ်ပါတယ်။ အဲဒီလိုမဟုတ်ရင်တောင် ကိုယ့်ရဲ့ ကြံစည်သမျှအစီအစဥ်အတွေးအခေါ်တွေကို သူတို့ရဲ့အထင်အမြင်ကြောင့် လုပ်ဆောင်ဖို့ရာ ပျက်စီးစေနိုင်ပါတယ်။

၅) တစ်စုံတစ်ခုတော့ရအောင်သင်ယူပါ။
ကျရှုံးမှုကြုံရလည်း ကျရှုံးမှုဆီကနေ သင်ခန်းစာတော့ရပါစေ၊ အောင်မြင်မှုကြုံလည်း အောင်မြင်မှုထံကနေ ကိုယ့်အတွက် အကျိုးရှိတာ တခုခုရပါစေ ။ ဘယ်လိုအခြေအနေပဲကြုံပါစေ ကိုယ့်အတွက် တန်ဖိုးရှိတဲ့အရာတစ်ခုခုတော့ရအောင် သင်ယူပါ။

၆) ကိုယ်အောင်မြင်ချင်တဲ့အရာအတွက် အားမလျှော့တမ်းကြိုးစားပါ။
ဒါကတော့ တနည်းအားဖြင့် အားမလျှော့တမ်းကြိုးစားချင်တဲ့စိတ် ဇွဲ ပါပဲ။ ကိုယ်တကယ်ဖြစ်ချင်တဲ့အရာအတွက်အမြဲကြိုးစားနေမယ့်စိတ်၊ ကျရှုံးမှုကြုံရလည်း လက်မလျော့ဘဲ တစိုက်မတ်မတ်ကြိုးစားမယ်ဆိုတဲ့စိတ်လည်းလိုပါတယ်။ ကောက်ရိုးမီးလို ဖြစ်ချင်စိတ်ရှိနေတုန်း ကြိုးစားပြီး သွေးအေးသွားရင် ဘာမှမလုပ်တော့တာမျိုး ဖြစ်လို့မရပါဘူး။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။