ကိုယ့်ကိုကိုယ်ပိုချစ်ဖို့ကြိုးစားပါ။

လူတိုင်းမှာ အတ္တတော့ရှိတတ်ကြတာချည်းပါပဲ။ အတ္တအနည်းနဲ့ အများသာ ကွာသွားတာဖြစ်ပါတယ်။ ကိုယ့်ရဲ့အတ္တကြောင့် တဖက်သားကို ထိခိုက်တဲ့အထိဖြစ်သွားတယ်ဆိုရင်တော့ မကောင်းပါဘူး။ အခြားသူရဲ့အတ္တကြောင့် ကိုယ်က ခံလိုက်ရတယ်ဆိုရင်လည်း မကောင်းပြန်ပါဘူး။ ကိုယ့်ရဲ့အတ္တကို လျှော့ချထားတဲ့အခါမှာလည်း အတ္တကြီးတဲ့လူမျိုးနဲ့တွေ့ရတဲ့အခါ ကိုယ်ကခံရတဲ့သူဖြစ်သွားတတ်ပြန်ပါတယ်။ ကိုယ်က အတ္တကြီးတာပဲ ကောင်းပါတယ်လေ….လို့ တွေးပြီး အတ္တကြီးပြန်ရင်လည်း ကိုယ်တစ်ယောက်ကောင်းစားမှာသေချာပေမယ့် ပတ်ဝန်းကျင်အတွက်မကောင်းနိုင်ပါဘူး


။ အဲဒါအပြင် “ငါကောင်းစားရင် ပြီးတာပဲ…..” ဆိုတဲ့လူတွေများလာတဲ့အခါ သင်တောင်နေစရာမရှိတော့လောက်အောင် ခံဖက်ကဖြစ်သွားနိုင်ပါတယ်။ အဲဒါကြောင့် လောကကြီးမှာ အတ္တကြီးလွန်းတာလည်း မကောင်းသလို၊ အတ္တနည်းလွန်းတာလည်း မကောင်းပြန်ပါဘူး။ လူမှန်ရင်တော့ အတ္တနဲ့မကင်းကြပေမယ့် ကိုယ့်ရဲ့အတ္တကြောင့် အခြားသူမထိခိုက်စေဖို့ ကိုယ်ကစသတိထားသင့်တယ်လို့ထင်ပါတယ်။ ကိုယ့်လိုမျိုး အခြားသူကို မထိခိုက်စေလိုသူတွေများလာမယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်က ပိုပြီးနေပျော်စရာကောင်းလာမယ်မဟုတ်လား။
အဲဒီ့တော့ အတ္တဆိုတာမျိုးက များလွန်းလည်းမကောင်း နည်းလွန်းလည်း ခံဖက်ဖြစ်တာမို့ ရှိသင့်သလောက်ပဲ ရှိသင့်ပါတယ်။ အဲဒီ့နေရာမှာ အတ္တနဲ့ ကိုယ့်ကိုကိုယ်ချစ်တဲ့စိတ်ကို ခွဲခြားပြချင်ပါတယ်။ အတ္တဆိုတာက ကိုယ့်ကိုကိုယ်ချစ်တဲ့စိတ်လွန်ကဲခြင်းလို့ သတ်မှတ်နိုင်ပါတယ်။ လူတိုင်းက ကိုယ့်ကိုကိုယ်ချစ်တဲ့စိတ်တော့ရှိဖို့လိုပါတယ်။ ဒါပေမယ့် အထက်ကပြောထားသလိုပဲ များလွန်းရင်တော့ ထိခိုက်စရာတွေဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် မများလွန်း မနည်းလွန်းဘဲ ကိုယ့်ကိုကိုယ်ချစ်ဖို့တော့ လိုပါတယ်။
ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်းဆိုတာက ကိုယ့်စိတ်တွင်းက တကယ့်ပျော်ရွှင်မှုကိုအလေးထားခြင်းနဲ့ ကိုယ့်ကိုကိုယ်အရေးကြီးဆုံးလို့ ဦးစားပေးခြင်းဆိုတဲ့ အရာနှစ်မျိုးနဲ့ သက်ဆိုင်ပါတယ်။
ကိုယ့်စိတ်တွင်းက တကယ့်ပျော်ရွှင်မှု
ကိုယ့်စိတ်ချမ်းသာဖို့ ကိုယ်အလေးထားမယ်၊ ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်မယ်၊ ကိုယ်ပျော်ရွှင်မှုကို ကိုယ်တန်ဖိုးထားမယ်၊ ကိုယ့်လွတ်လပ်မှုကို အခြားသူကိုမထိခိုက်စေဘဲ အသုံးချမယ်။ ဒီနှစ်မှာ အရမ်းကို ဆိုးဝါးခဲ့တယ်လို့ထင်ရင် နောက်နှစ်သစ်မှာ ပိုပျော်ရွှင်အောင်နေမယ်၊ ဒီနှစ်မှာ ကိုယ်ရည်မှန်းထားတာလေးတွေ အကုန်မဖြစ်လာနိုင်သေးရင် နောက်နှစ်မှာ ဖြစ်အောင်ကြိုးစားမယ် စသဖြင့်ပေါ့။ ကိုယ့်ဘဝအတွက်နဲ့ အခြားသူကို လုံးဝထိခိုက်မှုမရှိဘဲ ကိုယ့်ကိုကိုယ်ပိုပြီး ချစ်ခင်စိတ်၊ ပိုပြီးတန်ဖိုးထားတဲ့စိတ်လေးနဲ့ နေမယ်လို့ ဆုံးဖြတ်တဲ့စိတ်လေးပါပဲ။
ဘဝမှာ နေပျော်တဲ့သူတွေက ကိုယ့်စိတ်ကိုကိုယ်သိပြီး ကိုယ့်စိတ်လေးကို ထိန်းချုပ်သင့်တာထိန်းချုပ်၊ ပြုပြင်သင့်တာပြုပြင်၊ ဖြေသိမ့်သင့်တာဖြေသိမ့်တတ်တဲ့သူတွေဖြစ်ပါတယ်။ ကိုယ်မတတ်နိုင်တဲ့ကိစ္စတွေမှာ အလကားစိတ်ညစ်မခံတတ်ပါဘူး။ ကိုယ်မပြုပြင်နိုင်တဲ့ကိစ္စတွေမှာ အလကားအချိန်ကုန်မခံပါဘူး။ အဓိကက ကိုယ်မထိန်းချုပ်နိုင်တဲ့ကိစ္စတွေပါ။ ကိုယ့်တန်ဖိုးကို ကိုယ်သိပြီး ကိုယ့်ကိုတန်ဖိုးထားတဲ့သူတွေကသာ ကိုယ့်ဘဝကို နေပျော်စေတယ်ဆိုတာကိုလည်း နားလည်ကြပါတယ်။ အခြားသူတစ်ယောက်ကို ရူးရူးမူးမူးချစ်ခင်ဖို့ထက် ကိုယ့်ကိုကိုယ်လှပအောင်နေထိုင်မယ်၊ ကိုယ့်ကိုကိုယ်ကျန်းမာအောင်နေထိုင်မယ်၊ ကိုယ့်ကိုစိတ်ညစ်စေတဲ့အရာတွေကို ခေါင်းထဲကထုတ်ပစ်မယ် စတဲ့နည်းလမ်းတွေက ကိုယ့်ကိုကိုယ် ပိုချစ်နိုင်တဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။ “To fall in love with yourself is the first secret to happiness.” လို့ ရုပ်ရှင်သရုပ်ဆောင် Robert Morley ပြောခဲ့သလိုပါပဲ။ ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်းက ပျော်ရွှင်ဖို့အတွက် ပထမဆုံးလျှို့ဝှက်ချက်ပါပဲ။ ထိုစကားက အရမ်းမှန်ပါတယ်။ တကယ်တော့ ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်းက အတ္တကြီးခြင်းမဟုတ်ပါဘူးနော်။ ကိုယ်ကျန်းမာဖို့၊ ကိုယ်ပျော်ရွှင်ဖို့၊ ကိုယ်စိတ်ချမ်းသာဖို့၊ ကိုယ်ရည်မှန်းထားတာလေးတွေဖြစ်လာအောင်ကြိုးစားဖို့ စသဖြင့် ကိုယ်လုပ်ဆောင်နိုင်တဲ့အရာလေးတွေကိုသာ အာရုံထားပြီး ကိုယ့်ဘဝကိုနေပျော်အောင်ကြိုးစားခြင်းက ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်းတစ်မျိုးပါပဲ။ အဲဒါကြောင့် ကိုယ့်ကိုကိုယ်ချစ်ခင်တဲ့သူကသာ တကယ်ပျော်ရွှင်နိုင်တာပါ။
ကိုယ့်စိတ်ပျော်ရွှင်ချင်လို့ အရာဝတ္ထုတခုခုနဲ့ ဒါမှမဟုတ် တစုံယောက်ကြောင့် လုပ်ယူတာမျိုးမဟုတ်ပါဘူး။ ဥပမာ သင်က စိတ်ကြွဆေးသုံးမှ သင့်စိတ်ဓာတ်တွေတက်ကြွနေတယ်လို့ထင်နေတယ်ဆိုရင် အဲဒါ ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်းမဟုတ်ပါဘူး။ မကြာခင်စိတ်ကြွဆေးစွဲလာမယ်၊ သင့်ကျန်းမာရေးထိခိုက်မယ်၊ သင့်အလုပ်တွေထိခိုက်မယ်၊ သင့်မိသားစု၊ ပတ်ဝန်းကျင်ကို တနည်းနည်းနဲ့ဒုက္ခပေးနိုင်လာမယ် စသဖြင့် ပြန်ရမယ့်ရလဒ်က သင့်အတွက် နစ်နာစရာတွေချည်းပါပဲ။ အဲဒါကို သင်က စိတ်ကြွဆေးသုံးရတာပျော်စရာလို့ထင်နေရင် သင်မှားနေပါတယ်။ တကယ်တော့ အဲဒါက ပျော်ချင်ယောင်ဆောင်ထားတဲ့ဒုက္ခတွေပဲဖြစ်ပါတယ်။ သင့်ကိုသင် ဒုက္ခပေးနေတာပဲဖြစ်ပါတယ်။ အဲဒီလိုပဲ အရက်သောက်မှ စိတ်ပျော်တယ်ထင်နေလို့ အရက်ချည်းသောက်နေမယ်ဆိုရင်လည်း နောက်ဆက်တွဲပြဿနာတွေရှိလာနိုင်ပါတယ်။ အရက်စွဲလာမယ်၊ ကျန်းမာရေးထိခိုက်လာမယ်၊ လူမှုရေး၊ အလုပ်ခွင် စတဲ့ဆိုးကျိုးတွေကို သင်ပဲခံစားလာရမယ်ဆိုရင် သင်ပျော်ဖို့ဖြစ်ပါ့မလား။ သင့်ကိုသင်ဒုက္ခပေးခြင်းပါပဲ။
သင့်စိတ်တွင်းမှာ တကယ်ပျော်ရွှင်နေတာမျိုးကို ပြောချင်တာဖြစ်ပါတယ်။ အဲဒီ့အတွက် သင့်ကိုသင် တကယ်ပျော်ရွှင်ဖို့အရေးကြီးတယ်လို့ သတ်မှတ်ထားသင့်ပါတယ်။
သင့်ကိုသင်အရေးကြီးတယ်လို့ ဦးစားပေးခြင်း
သင့်ကိုသင်အရေးကြီးတယ်လို့ သင့်စိတ်ထဲသတ်မှတ်ခိုင်းတာက သင့်အတွက်သင်ပဲကြည့်ပြီး အတ္တကြီးတာနဲ့ အဓိပ္ပါယ်ခြင်း မတူပါဘူးနော်။ အတ္တကြီးတာက ကိုယ့်အတွက်ဆို ဘယ်သူပဲထိခိုက်ပါစေ ကိုယ်သာဖို့၊ ကိုယ်ရဖို့သာ ပဓာနထားတာပါ။ ကိုယ့်ကိုကိုယ်အရေးကြီးတယ်ဆိုတာကတော့ သင်ပျော်ရွှင်ဖို့၊ သင့်စိတ်ခံစားချက်တွေကောင်းမွန်ဖို့၊ သင့်အလုပ်တွေပြီးမြောက်ဖို့၊ သင်ရည်မှန်းထားတာတွေဖြစ်လာဖို့ စသဖြင့် အခြားသူကို မထိခိုက်စေဘဲ သင့်ကိုယ်သင်အရေးအကြီးဆုံးလို့သတ်မှတ်ထားမှဖြစ်ပါလိမ့်မယ်။ ဥပမာ။ သင့်ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ယူသတ်မှတ်ထားတဲ့အချိန်ကို တစုံတယောက်က သူ့ရဲ့အရေးမကြီးတဲ့ကိစ္စတွေအတွက် အကူအညီတောင်းလာတယ်ဆိုပါတော့။ သူ့အတွက်လည်း သေရေးရှင်ရေးမဟုတ်တဲ့ကိစ္စဖြစ်တဲ့အတွက် သင်မကူညီလည်း ဘာမှမဖြစ်သွားနိုင်ပါဘူး။ အဲဒီလိုကိစ္စမျိုးမှာ သင်ကအရေးကြီးတယ်လို့ သတ်မှတ်ဖို့ဆိုလိုချင်တာပါ။ အခြားသူရဲ့ဘာမှအရေးမကြီးတဲ့ကိစ္စအတွက်နဲ့ သင့်လေ့ကျင့်ခန်းလုပ်မယ့်အချိန်ကို မဖျက်ပစ်သင့်ပါဘူး။
သင်စာဖတ်ဖို့အချိန်ယူထားတယ်ဆိုပါတော့….အခြားတစ်ယောက်ယောက်က သင့်စာဖတ်ကိုအချိန်¬မှာ ဘာမှမဟုတ်တဲ့ကိစ္စတွေအတွက် အကူအညီတောင်းလာတယ်ဆိုရင် သင်မကူညီလိုက်ရင် သူ့အတွက် အခြားတစ်ယောက်က ကူညီပေးလို့ရနိုင်ပါတယ်။ ဒါပေမယ့် သင်ကတော့ ကူညီလိုက်ရင် သင့်စာဖတ်မယ့်အချိန်ဖျက်လိုက်ရမှာဖြစ်ပါတယ်။ အဲဒီလိုကိစ္စမျိုးမှာ သင့်ကိုသင်ဦးစားပေးလိုက်ပါ။ သူတို့အကူအညီတောင်းတဲ့အချိန်က သင့်အတွက်အားလပ်နေတဲ့အချိန်ဖြစ်တယ်ဆိုရင်တော့ သင်ကူညီပေးချင်ပေးဖို့ အဆင်ပြေမှာပါ။ ဒါပေမယ့် သင့်ရဲ့အရေးကြီးတဲ့အချိန်နဲ့ အခြားသူရဲ့အရေးမကြီးတဲ့ကိစ္စနဲ့ယှဉ်လိုက်တဲ့အခါ သင့်အချိန်ကို သင်အသုံးချနိုင်ဖို့ သင့်ကိုသင်ဦးစားပေးဖို့၊ သင့်ကိုသင်အရေးကြီးတယ်လို့ သတ်မှတ်စေချင်တာဖြစ်ပါတယ်။
အဲဒါမှ သင့်ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်နိုင်တဲ့အခါ သင်ပိုကျန်းမာပျော်ရွှင်မယ်၊ သင်ပျော်ရွှင်ဖို့ သင်နှစ်သက်တဲ့ ဝါသနာတခုခုလုပ်ဖို့ အချိန်ရှိလာတဲ့အတွက် သင်ပိုပြီးဖန်တီးနိုင်စွမ်းကောင်းလာသလို သင်လုပ်ချင်တာလေးတွေလုပ်နေရလို့ သင်ပျော်ရွှင်မယ်၊ သင့်ကိုသင်စိတ်တိုင်းကျလာပါလိမ့်မယ်။
သင်ပျော်ရွှင်နေမှ သင့်ဘဝကြီးအဓိပ္ပါယ်ရှိနေတယ်လို့ သင်ခံစားရပါမှ သင့်ကိုသင်ကျေနပ်နိုင်ပါလိမ့်မယ်။ အဲဒါဆိုရင် သင့်ဘဝက ပိုနေပျော်စရာကောင်းပါလိမ့်မယ်။ အဲဒီ့အခါ ပိုပြီး သင်ရည်မှန်းထားတာတွေကို ထိရောက်စွာလုပ်နိုင်လာပါလိမ့်မယ်။ တနည်းအားဖြင့် သင့်ကိုသင်ဦးစားပေးခိုင်းတာပါ။
အဲလိုမဟုတ်ရင်တော့ အခြားသူတွေရဲ့ကိစ္စအ၀၀ကို လိုက်ကူညီရင်း၊ ကူညီမဆုံးရင်းနဲ့သာ သင့်အတွက်ဘာမှ မတိုးတက်လာဘဲ အချိန်အလကားကုန်ဆုံးသွားရပါလိမ့်မယ်။ အားနာပြီး အခြားသူကို ဦးစားပေးလိုက်တာက သင့်ကိုယ်သင် အားမရဖြစ်စေပါတယ်။ သင်လုပ်ချင်နေတာတွေ လုပ်ဖို့ အချိန်မရဖြစ်နိုင်ပါတယ်။ သင့်မှာ တဖက်လူကို ကူညီနေရင်း သင်လုပ်ချင်တာတွေအတွက် နောက်ဆံငင်နေရပါလိမ့်မယ်။ အဲဒီ့အခါ သင့်ကိုသင် စိတ်တိုမိပါလိမ့်မယ်။ မကျေမနပ်ဖြစ်လာပါလိမ့်မယ်။ သင်ရည်မှန်းထားတာတွေလည်း ဖြစ်လာနိုင်ပါတယ်။
အဲဒါကြောင့် ကိုယ့်ကိုကိုယ်ချစ်ခင်ဖို့အတွက် ကိုယ့်စိတ်တွင်းက တကယ်ပျော်ရွှင်မှုကို နားလည်ဖို့လိုပါတယ်။ အခြားသူတွေကို ကိုယ့်ကြောင့်မထိခိုက်စေဘဲ ကိုယ့်ကိုကိုယ်ဦးစားပေးဖို့လိုပါတယ်။ ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်းက အတ္တကြီးခြင်းနဲ့မတူဘူးဆိုတာကို ဖော်ပြလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။