ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေဖို့ ဘယ်လိုပြင်ဆင်သင့်သလဲ။

အရည်အချင်းတစ်ခုအနေနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာဖို့ ကိုယ်တိုင်လုပ်ယူနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ်ယုံကြည်မှုမြင့်တင်ဖို့မတိုင်ခင် သိထားသင့်တဲ့အရေးကြီးတဲ့အချက်တွေရှိပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့အတွက် အကောင်းမြင်တဲ့စိတ်ရှိဖို့လိုအပ်ပါတယ်။ စိတ်ရှည်ဖို့လည်းလိုအပ်ပါတယ်။ တစ်ရက်ထဲနဲ့ ဖြစ်လာနိုင်တာမျိုးမဟုတ်ပါဘူး။ သင့်ကိုသင်ယုံကြည်မှုရှိတဲ့လူတစ်ယောက်ဖြစ်လာအောင် ကြိုးစားမယ်လို့ဆုံးဖြတ်ပြီးတဲ့နောက်မှာတော့ တကယ်ယုံကြည်မှုရှိလာအောင် လက်မလျှော့ဘဲ ဆက်ကြိုးစားဖို့လိုပါတယ်။ အဲဒီ့အတွက်အဓိက လုပ်သင့်တဲ့အချက် ၃ချက်ရှိပါတယ်။


၁) စိတ်ရှည်ဖို့
၂) အကောင်းမြင်ဖို့
၃) ကတိတည်ဖို့လိုပါတယ်။
အဲဒီ့အချက်၃ချက်ကို ပြင်ဆင်ပြီးပြီဆိုရင်တော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာအောင်ဘယ်လိုလုပ်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁)အများအမြင်မှာ နှစ်လိုဖွယ်ကောင်းပြီး ကိုယ့်အတွက်သက်တောင့်သက်သာရှိတဲ့အဝတ်အထည်မျိုးကို ဝတ်ဆင်ပါ။
အဲဒါက အပေါ်ယံကိစ္စဖြစ်ပေမယ့် ကျွန်တော်တို့ဝတ်စားဆင်ယင်ပုံကိုမြင်လိုက်တာနဲ့ ကျွန်တော်တို့ဘယ်သူဖြစ်တယ်ဆိုတာကို ဖော်ပြပေးနိုင်တဲ့ ပုံရိပ်ဖြစ်ပါတယ်။ အများအမြင်မှာ တင့်တယ်အောင်ဝတ်ဆင်ထားတဲ့အခါ သင်ကိုယ်တိုင်လည်း သင့်ကိုသင်နှစ်သက်မှာဖြစ်ပါတယ်။ သင့်ကိုသင်နှစ်သက်နေခြင်းက သင့်ကိုသင် အကောင်းမြင်စိတ်ကိုဖြစ်စေပါတယ်။ အဲဒီ့အကောင်းမြင်စိတ်က သင့်ကိုပိုပြီးယုံကြည်မှုရှိနေစေပါတယ်။ သက်တောင့်သက်သာလည်းမဖြစ်၊ အများအမြင်မှာလည်းမတင့်တယ်တဲ့ ဝတ်စားဆင်ယင်မှုမျိုးကို ဝတ်ဆင်ထားပြီး လူအများကြားသွားတဲ့အခါ သက်တောင့်သက်သာမဖြစ်သလို၊ သင့်ကိုသင်မလုံသလိုခံစားနေရပါလိမ့်မယ်။ အဲဒါက သင့်ကိုမကောင်းတဲ့စိတ်ခံစားချက်ကိုဖြစ်စေပါတယ်။ အဲဒီ့အခါ စိုးရိမ်မှု၊ ပူပန်မှုနဲ့ သင့်ကိုသင်ယုံကြည်မှုလျော့ကျစေပါတယ်။
အများအမြင်မှာ တင့်တယ်ဖို့နဲ့ သက်တောင့်သက်သာရှိဖို့အတွက် ဒီဇိုင်နာတွေနဲ့အထူးတလည်ပြင်ဆင်ဖို့မဆိုလိုပါဘူး။ ငွေကုန်ကြေးကျလည်းများစရာမလိုဘဲ ရိုးရှင်းပါတယ်။ ရာသီဥတုနဲ့ ကိုက်ညီပြီး သင်နဲ့လိုက်ဖက်တဲ့ဝတ်စားဆင်ယင်မှုမျိုး၊ အကြောင်းအရာနဲ့လည်း သင်တော့်လိုက်ဖက်မယ့် ဝတ်စားဆင်ယင်မှုမျိုး၊ သင်နဲ့လည်း fit ဖြစ်တဲ့ဝတ်စားဆင်ယင်မှုမျိုး၊ သင့်ရဲ့ပုဂ္ဂိုလ်ရေးနဲ့ ကိုက်ညီမယ့် ဝတ်စားဆင်ယင်မှုမျိုး စသည်ဖြင့်ပေါ့။ အပေါ်ယံဝတ်စားဆင်ယင်တဲ့ကိစ္စက အသေးအဖွဲလို့ထင်ရပေမယ့် သင်ကဘယ်လိုလူဖြစ်တယ်ဆိုတာကို အခြားသူတွေကိုပေးနိုင်မယ့် ပထမဆုံးအမြင်ဖြစ်တာကြောင့် အရေးကြီးတဲ့အထဲမှာပါပါတယ်။

၂) ကိုယ့်ကိုကိုယ် သေချာသတ်မှတ်ပါ။
ကိုယ့်ကိုကိုယ်အတည်ပြုခြင်းက အကောင်းမြင်စေပြီး ကိုယ့်ကိုကိုယ်စိတ်ဓာတ်မြင့်တင်ခြင်းပါပဲ။ အကောင်းမြင်စိတ်နဲ့ ကိုယ့်ကိုကိုယ်အတည်ပြုခြင်းက မကောင်းတဲ့အမြင်တွေကိုအစားထိုးလိုက်ပြီး ကိုယ့်ကိုကိုယ်သံသယဝင်နေတာတွေကို ပပျောက်စေပါတယ်။ လူအများကြားသင်က စကားပြောရမယ်ဆိုပါတော့ ငါလုပ်နိုင်ပါ့မလား….လို့ ကိုယ့်ကိုကိုယ်သံသယဝင်လိုက်တာနဲ့ သင်မလုပ်နိုင်တော့ပါဘူး။ အဲဒါကြောင့် ငါလုပ်နိုင်တယ်…ငါ့ကိုငါယုံကြည်တယ်လို့ ကိုယ့်ကိုကိုယ်အကောင်းဘက်အတည်ပြုခြင်းက သင့်ကိုအကောင်းမြင်စိတ်ဖြစ်လာစေပါတယ်။ အံ့အားသင့်စရာကောင်းလောက်အောင် သင်လုပ်နိုင်သွားတာကိုလည်း သင်သိလာပါလိမ့်မယ်။

၃) သင့်ကိုသင်ပြန်ဆန်းစစ်ပါ။
ကိုယ့်ကိုကိုယ်ဂရုစိုက်ခြင်းက ဘယ်တော့မှ လျစ်လျူမရှုသင့်တဲ့ကိစ္စပါ။ ကျွန်တော်တို့တွေက အလုပ်တွေနဲ့ အခြားသောလုပ်စရာတွေများလာတဲ့အခါ ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဘာလို့ ကိုယ့်ကိုကိုယ်ဂရုစိုက်သင့်တာလဲ။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်းက ကိုယ့်ကိုကိုယ်ဂရုစိုက်ခြင်းနဲ့ ဆက်စပ်နေလို့ပါပဲ။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်းက တချို့အရာတွေပေါင်းစပ်မှုပေါ်မူတည်နေတာပါ။ ဥပမာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှု၊ လူမှုရေးပိုင်းဆိုင်ရာ အဆင်ပြေမှု၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာမှုစသည်ဖြင့်ပေါ့။ ထိုအပိုင်း၃ပိုင်း ညီမျှနေဖို့လိုပါတယ်။
သင့်ကိုသင်ဂရုစိုက်တဲ့အခါ သင့်ကိုသင်ကျေနပ်မှုရှိပြီး သင့်ကိုသင်ယုံကြည်မှုရှိပါလိမ့်မယ်။
ဥပမာ သင့်ဝိတ်များနေတယ်လို့ထင်ရင် သင့်ရဲ့ဝိတ်ကိုထိန်းသိမ်းဖို့ လုပ်တာမျိုး၊ ဒါမှမဟုတ် သိပ်မဝဘူးလို့ထင်ရစေတဲ့ အဝတ်အစားမျိုး ဝတ်ဆင်တာမျိုး၊ သင့်ကိုယ်ကချွေးနံ့နံတယ်ထင်ရင် သင်ချွေးနံ့ကို ကာကွယ်ပေးမယ့် အမွှေးနံတစ်ခုခုဖြန်းတာမျိုး၊ ဒါမှမဟုတ် ချွေးနံ့ပျောက်စေတဲ့သဘာဝနည်းလမ်းတစ်ခုခုသုံးကြည့်တာမျိုး စသည်ဖြင့် သင့်ကိုသင်ယုံကြည်မှုရှိစေမယ့် ဂရုစိုက်မှုမျိုးလုပ်သင့်ပါတယ်။

၄) သင့်ကိုယ်သင် ယုံကြည်ပါ။
သင့်ကိုသင်ယုံကြည်မှုရှိဖို့ ကြိုးစားတဲ့အခါမှာ အဓိကအရေးကြီးဆုံးက သင့်ကိုသင်ယုံကြည်ဖို့ပါပဲ။ ဘယ်လောက်ပဲ သင့်ကိုယ်သင်ယုံကြည်မှုရှိချင်ပေမယ့် ဘာလုပ်လုပ် သင့်ကိုသင် လုပ်နိုင်ပါ့မလား…..ဖြစ်နိုင်ပါ့မလားလို့ အမြဲသံသယဝင်နေမယ်ဆိုရင် ဘယ်လိုလုပ်ဖြစ်နိုင်ပါတော့မလဲ။ တစ်ခုခုလုပ်မယ်ဆိုရင် သင်လုပ်နိုင်တယ်လို့ သင့်ကိုသင်ယုံကြည်ပါ။ သင့်ရဲ့ရည်မှန်းချက် ဒါမှမဟုတ် သင်သတ်မှတ်ထားတဲ့အရာတစ်ခုခုပေါ့။

၅) အကောင်းမြင်စိတ်ရှိတဲ့လူတွေနဲ့ ဝန်းရံပါ။
သင့်ပတ်ဝန်းကျင်၊ သင်အလုပ်ခွင်၊ သင့်အပေါင်းအသင်းစတဲ့လူတွေမှာ အကောင်းမြင်စိတ်ရှိတဲ့သူမျိုးနဲ့သာ ဝန်းရံသင့်ပါတယ်။ အကောင်းမြင်စိတ်မရှိတဲ့သူတွေနဲ့သာ ဝန်းရံထားတဲ့အခါ သင်ဘာလုပ်လုပ် “အဆင်ပြေမယ်မထင်ပါဘူး” “လုပ်နိုင်မှာမဟုတ်ပါဘူး” “ ဖြစ်လာမယ်မထင်ပါဘူး” “နင်လုပ်နိုင်လို့လား…..ငါတော့မထင်ပါဘူး” စတဲ့အဲလိုအပျက်သဘောဆောင်တဲ့လူတွေသာများလာရင် သင်လည်း သင့်ကိုသင် သံသယဝင်တဲ့စိတ်တွေတဖွားဖွားဖြစ်လာနိုင်ပါတယ်။ သင့်ကိုသင်ယုံကြည်ချင်ပေမယ့်လည်း သူတို့ပြောသမျှ သင်နားယောင်လာပြီး သင့်ကိုသင်ယုံကြည်မှုတည်ဆောက်လို့ရမှာမဟုတ်ပါဘူး။ အဲဒါအပြင် သင့်ကိုသင်ယုံကြည်မှုတောင် ဆုံးရှုံးသွားနိင်ပါတယ်။
အဲဒါကြောင့် သင့်ပတ်ဝန်းကျင်မှာ အကောင်းမြင်စိတ်ရှိတဲ့သူတွေနဲ့ ဝန်းရံဖို့လည်း လိုပါတယ်။
အထက်ကဖော်ပြထားတဲ့အချက်လေးတွေလုပ်ကြည့်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့ ကြိုးစားကြည့်လိုက်ပါနော်။
https://www.thoughtsabove.com/how-to-boost-self-confidence-5-easiest-steps-ever/ လင့်မှဘာသာပြန်ဖော်ပြထားပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။