ကိုယ့်ကိုယ်ကိုယ်သာယှဉ်ပြိုင်ပါ။

လူတော်တော်များများက အခြားသူတွေကိုသာ ကြည့်ပြီး နှိုင်းယှဉ်တတ်ကြပါတယ်။ အခြားသူနဲ့ ပြိုင်ရတာက အင်မတန်လွယ်ပါတယ်။ “သူကတော့ လစာဘယ်လောက်ရပြီ၊” “သူကတော့ ကားဝယ်လိုက်ပြီ” “သူကတော့ ဘာရာထူးဖြစ်နေပြီ” “အမလေး သူကတော့ ဘာအဆင့်မှမရှိပါဘူး” စသဖြင့် အခြားသူတစ်ယောက်ကို မြင်ရတာနဲ့ အခြားသူတစ်ယောက်ကို ဝေဖန်ရတာက အရမ်းကိုလွယ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မြင်အောင်ပြန်ကြည့်ရတာကျတော့ အင်မတန်ခက်ပါတယ်။ “သူက လစာ… ဘယ်လောက်.ရနေပြီ၊ ငါက ဘာလို့မရသေးတာလဲ” လို့တွေးတာက လူတိုင်းတွေးတတ်ပါတယ်။ ဒါပေမယ့် “သူက အဲဒီလောက်လစာရအောင် အဲဒါနဲ့တန်တဲ့အရည်အချင်းရှိတာကိုး” လို့ ဘယ်သူကမှ သိပ်မတွေးတတ်ကြပါဘူး။


“ကိုယ်တိုင်လည်း အဲဒီလောက်လစာလိုချင်တယ်၊ သူ့လိုအရည်အချင်းရှိအောင်ကြိုးစားရမယ်” လို့တော့ သိပ်မတွေးဖြစ်ကြပါဘူး။ တကယ်တော့ အခြားလူတစ်ယောက်ယောက်က ကိုယ့်ထက် သာလွန်နေတဲ့ အရည်အချင်းတခုခုကို မြင်ရတွေ့ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ့်အမှန်အတိုင်းပြန်မေးသင့်တာပါ။ အခြားသူက ကိုယ့်ထက်သာလွန်သွားတာက သူ့အရည်အချင်းနဲ့သူပါ။ ကိုယ်က ကိုယ့်အရည်အချင်းကို ကိုယ်တိုင်တိုးတက်အောင်လုပ်နိုင်မှသာ ကိုယ့်ဘဝလည်းတိုးတက်လာမှာပါ။ အခြားသူကိုကြည့်ပြီး အားကျနေရုံနဲ့လည်း ကိုယ့်အရည်အချင်းမတိုးတက်လာနိုင်ပါဘူး။ အဲဒီလိုပါပဲ…အခြားသူကိုကြည့်ပြီး “ရမှာပေါ့….သူက နောက်ကနေကူညီမယ့်သူရှိတာကိုး” လို့ မစ္ဆရိယစိတ်များနေရုံနဲ့ ကိုယ့်အချိန်ကုန်တာပဲရှိမှာပါ။ အဓိကကတော့ အခြားသူတွေ တိုးတက်လာခြင်းသည် သူတို့ကြိုးစားမှုကြောင့်သာပါပဲ။ (ဘယ်လိုနည်းလမ်းနဲ့ ကြိုးစားလဲဆိုတော့ လူရဲ့အတွေးအခေါ်နဲ့ အကျင့်စာရိတ္တပေါ်မှာသာမူတည်ပါတယ်)
ကိုယ်ရဲ့မတိုးတက်ခြင်းသည် ကိုယ့်ရဲ့အရည်အချင်းကို တိုးတက်အောင်မကြိုးစားခြင်းကြောင့်ပါပဲ။ အခြားသူနဲ့ယှဉ်ပြိုင်ဖို့ထက် ကိုယ့်ကိုယ်ကိုယ်ယှဉ်ပြိုင်ဖို့က ပိုအရေးကြီးသလို ပိုပြီးလည်း ကိုယ့်ဘဝအတွက် အကျိုးရှိစေပါတယ်။ အခြားသူကို ယှဉ်ပြိုင်ခြင်းက ကိုယ့်ကို ပူလောင်စေပြီး မနာလိုစိတ်ဖြစ်စေနိုင်ပါတယ်။ အခြားလူနဲ့ယှဉ်ဖို့ိထက် မနေ့က ကိုယ်ထက် ဒီနေ့ကိုယ်ကပိုပြီး အသိပညာ၊ ဗဟုသုတဖြစ်ဖြစ်၊ အရည်အချင်းတစ်ခုခုဖြစ်ဖြစ် တိုးတက်လာဖို့သာ အရေးကြီးပါတယ်။ တစ်နေ့နည်းနည်းတိုးတက်လာရာကနေမှသာ အချိန်တစ်ခုအရောက်မှာ ကိုယ်က အရည်အချင်းနဲ့ဲပြည့်ဝလာမှာဖြစ်ပါတယ်။ ကိုယ့်အရည်အချင်းတိုးတက်လာလေလေ ကိုယ့်ဘဝကလည်း မြင့်မားလာလေလေဖြစ်မှာပါ။ အခြားသူရဲ့အထောက်အပံ့ကို မရလေလေ ကိုယ်ကပိုပြီး အခြားသူထက်ကို အချိန်ပိုပေး၊ နှစ်ဆပိုကြိုးစားရမှာဖြစ်ပါတယ်။ သင့်ဘဝရဲ့နောက်ထပ် အဆင့်တစ်ခုကို မြင့်ချင်လေလေ သင့်ရဲ့စွမ်းရည်ကလည်း ပိုပြီးတိုးတက်ဖို့လိုလေလေပါပဲ။ ဘာမှအရည်အချင်းမရှိတဲ့လူတစ်ယောက်က နောက်ထပ်မြင့်မားတဲ့အဆင့်ကိုရောက်ရင်တောင် ရှိထားတဲ့အရည်အချင်းနဲ့ အဆင့်ခြင်းမတူတန်လို့ ခပ်မြန်မြန်ပဲ ပြန်ပြုတ်ကျတဲ့အဖြစ်ကို ရောက်ရပါလိမ့်မယ်။
ဥပမာ။ ဘွဲ့ရပြီးပြီးခြင်း အလုပ်လျှောက်တဲ့အခါ အလုပ်အတွေ့အကြုံမရှိလို့ သင့်လစာ တစ်သိန်းခွဲပဲရတယ်ဆိုရင် ငါးနှစ်ခန့်အချိန်ကြာပြီးတဲ့အခါ သင့်လစာက တစ်သိန်းခွဲပဲဖြစ်နေလို့မရတော့ပါဘူး။ တစ်နေရာရာမှာတော့ သင်ကျွမ်းကျင်နေဖို့လိုပါတယ်။ တစ်နေရာရာမှာ ဆရာကျတဲ့အထိ ကျွမ်းကျင်နေတဲ့အရည်အချင်းရှိဖို့ သင့်ကိုသင်ပြိုင်ရမှာပါ။ လစာတစ်သိန်းခွဲကနေ လစာ ၅သိန်းလောက်ရလာနိုင်ဖို့ ကြားထဲကအချိန်တစ်ခုမှာ သင့်ကိုသင် တက်သင့်တဲ့သင်တန်းတက်မယ်၊ အလုပ်ကို အတွေ့အကြုံများများရအောင် ကြိုးစားမယ်၊ အလုပ်ပိုကျွမ်းကျင်လာအောင် လေ့လာမယ်ဆိုရင် အချိန်တစ်ခုအရောက်မှာ သင်ပိုမြင့်တဲ့နေရာတစ်ခုတော့ သေချာပေါက်ရလာမှာပါ။ အဲဒီလိုပိုမြင့်တဲ့နေရာတစ်ခုရောက်လာအောင် အခြားဘယ်သူကိုမှ မနိုှုင်းယှဉ်ဘဲ သင့်ကိုသင်သာ ပြိုင်ဖို့လိုတာပါ။ အဲဒီလိုမဟုတ်ဘူး။ ဘွဲ့ရပြီးပြီးခြင်းတုန်းကတော့ လစာတစ်သိန်းခွဲ၊ ၆လလောက်အလုပ်လုပ်ပြီး နောက်ထပ်အလုပ်တစ်ခုက ထိုရာထူးနဲ့ပဲ လစာနှစ်သိန်းပေးလို့ အလုပ်သွားလျှောက်မယ်ဆိုရင် လစာနှစ်သိန်းတော့ရပါလိမ့်မယ်။ ပြောချင်တာက အချိန်တစ်ခုမှာ ကိုယ့်အရည်အချင်းပိုတိုးတက်လာအောင်မကြိုးစားဘဲ အခြားသူကိုတုလို့ လစာများရာအလုပ်လိုက်လျှောက်နေတိုင်း ကိုယ့်အရည်အချင်းနဲ့မတန်ရင် ရနိုင်မှာမဟုတ်ပါဘူး။
အခြားသူကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်အားမရခြင်းက ကိုယ့်အတွက်လုပ်သင့်တာလုပ်ဖို့ အချိန်ကုန်သွားစေပါတယ်။ ကိုယ့်အခြေအနေမှန်ကို ကိုယ်တိုင်သေချာသိပါ၊ အမှန်အတိုင်းလက်ခံပြီး ကြိုးစားပါ။ ဘွဲ့ရပြီးပြီးခြင်း ကွန်ပျုတာမကျွမ်းကျင်သေးတဲ့ကိုယ်က ၆လလောက်နေပြီးအလုပ်ရတဲ့အခါ ကွန်ပျူတာကျွမ်းကျင်သွားတယ်ဆိုရင် ကိုယ့်အရည်အချင်းတိုးတက်လာတာပါပဲ၊ အဲဒီ့ကနေမှ အင်္ဂလိပ်စာပိုပြီး ပြောရဲဆိုရဲရေးတတ်ပြောတတ်လာတယ်ဆိုရင် ကိုယ့်အရည်အချင်းတိုးတက်လာခြင်းပါပဲ။ ကိုယ့်အခြေအနေကနေ ကိုယ်ပိုပြီးတိုးတက်သွားဖို့သာ ကိုယ့်ကိုယ်ကိုယ်ပြိုင်ပါ။
လူတိုင်းဟာ အခြေအနေချင်းမတူကြတဲ့အတွက် ကြိုးစားရတဲ့အခြေအနေချင်းမတူနိုင်သလို ရလဒ်ခြင်းလည်းမတူညီနိုင်ပါဘူး။ နေမင်းရဲ့အလင်းနဲ့ နေမင်းကထွန်းတောက်နေချိန်ရှိသလို၊ လမင်းကလည်း သူ့အချိန်ရောက်မှ သူထွန်းတောက်နိုင်တာဖြစ်ပါတယ်။ “Don’t compare yourself with other. There is no comparison between the sun and the moon . They both shine when it is their time.” သူ့အချိန်နဲ့သူ တောက်ပရတာပါပဲ။ မတူညီတာကို သွားပြီးနှိုင်းယှဉ်နေလို့မဖြစ်နိုင်ပါဘူး။ အဓိကက ကိုယ့်ရဲ့ကြိုးစားမှုကိုသာ
မြင့်တင်ထားပါ။ ဒီနေ့ထက် မနက်ဖြန်မှာ ပိုတော်နေဖို့ ကိုယ့်ကိုယ်ကိုယ်အမြဲသတိပေးပါ။ တာထွက်ခြင်းက မတူတဲ့အတွက် ပန်းဝင်တာခြင်းကလည်း တူနိုင်မှာမဟုတ်ဘူးဆိုတာသတိရပါ။ ပန်းတိုင်ခြင်းကလည်း မတူနိုင်ပါဘူး။ ကိုယ်ရည်မှန်းထားတဲ့ပန်းတိုင်ကိုသာ ကိုယ့်အတွက် အချိန်နောက်မကျမီ ပန်းဝင်နိုင်ဖို့ အာရုံထားပါ။ အခြားသူနဲ့ ကိုယ့်ဘဝကို နှိုင်းယှဉ်လိုက်မိတာနဲ့ သင့်ကိုသင်အားမလိုအားမရဖြစ်လာပါတော့တယ်။ အဲဒီ့နောက်မှာတော့ သင့်ကိုယ်သင်သိမ်ငယ်လာမယ်၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားနည်းလာမယ်။ အဲဒီ့အခါ သင်လုပ်သင့်လုပ်ထိုက်တာတွေလုပ်ဖို့ကို ခွန်အားမရှိတော့သလိုဖြစ်လာပါလိ့မ်မယ်။ အချိန်လည်းကုန်၊ လူလည်း သိမ်ငယ်လာပြီး သင်လုပ်နိုင်တာတွေကိုပါ မလုပ်နိုင်တော့သလို၊ အခြားသူတွေပိုသာသွားလေလေ သင်ကကျန်ခဲ့လေလေဖြစ်နေမှာပါ။ “Ability is what you’re capable of doing. Motivation determines what you do. Attitude determines how well you do it.” – Lou Holtz ပြောခဲ့တဲ့စာသားလိုပါပဲ။ ဘာလုပ်နိုင်တယ်ဆိုတာကိုသိတာက စွမ်းရည်ဖြစ်ပြီး စိတ်ဓာတ်တက်ကြွခြင်းက သင့်ကိုဘာလုပ်ရမယ်လို့ဆုံးဖြတ်ပေးတာပါ။ ဘယ်လောက်ထိလုပ်မယ်ဆိုတာကတော့ သင့်သဘောထားပေါ်မူတည်တာပါပဲ။ ကိုယ်လုပ်နိုင်တာကဘာလဲဆိုတာကို သိဖို့လိုအပ်ပါတယ်။ အခြားသူတွေလုပ်နိုင်တာက အခြားသူတွေရဲ့ကိစ္စပါ။ ကိုယ့်အတွက်က မနေ့ကကိုယ်ထက် ဒီနေ့ပိုသာချင်တယ်ဆိုရင် ကိုယ်ဘာလုပ်နိုင်တယ်ဆိုတာကို ကိုယ်သိဖို့လိုပါတယ်။ ကိုယ်လုပ်နိုင်တာကိုသိတဲ့အခါ စိတ်ဓာတ်တက်ကြွစွာနဲ့ အောင်မြင်အောင်လုပ်နိုင်တယ်လို့ ယုံကြည်မှုရှိဖို့က လုပ်မယ်လို့ဆုံးဖြတ်ပေးတာပါ။ ကျရှုံးမှုတွေအခါခါနဲ့ရင်ဆိုင်ရတိုင်း အဆုံးထိပန်းဝင်အောင်ကြိုးစားမယ်လို့ဆုံးဖြတ်ချက်ချပြီး ကြိုးစားတာက သင့်ရဲ့စိတ်သဘောထားပါ။ အဲဒါမှ သင်က သင်လျှောက်နေတဲ့လမ်းကြောင်းမှာ အောင်မြင်မှာပါ။ ဘဝဆိုတာ ၁၀ရာခိုင်နှုန်းကသာ မထင်ထားသလိုဖြစ်ပြီး ကျန်တဲ့ ၉၀ရာခိုင်နှုန်းကတော့ ဖြစ်ပျက်လာတဲ့၁၀ရာခိုင်နှုန်းကို သင်ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့အပေါ်မူတည်နေတာဖြစ်ပါတယ်။
အဲဒါကြောင့် ခုလက်ရှိသင့်အခြေအနေကိုသိပါ။ သင်လုပ်နိုင်တာက ဘာလဲဆိုတာ သိပါ။ ထိုအခြေအနေပေါ်မူတည်ပြီး သင်လုပ်နိုင်တာကိုသာ သင့်ကိုယ်သင်ယှဉ်ပြိုင်ပြီး အကောင်းဆုံးဖြစ်အောင်လုပ်ပါ၊ အစွမ်းကုန်ကြိုးစားပြီး “မနေ့ကငါထက် ဒီနေ့ ပိုတော်လာရမယ်” လို့သာ ယှဉ်ပြိုင်ပါ။ အချိန်တစ်ခုအရောက်မှာ သင့်နေရာနဲ့သင် အောင်မြင်လာပါလိ့မ်မယ်လို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။