ကိုယ့်ကိုယ်ကိုယ်သံသယဝင်ခြင်း(Self Doubt) ကို ဘယ်လိုပြုပြင်မလဲ။

ကိုယ့်ကိုယ်ကိုယ်သံသယဝင်တယ်ဆိုတာက “ဘာမဆို ငါလုပ်နိုင်ပါ့မလား…..မလုပ်နိုင်ဘူးထင်တယ်၊ မဖြစ်နိုင်ဘူးထင်တယ်….” ဆိုတဲ့အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ်အမြဲချိတုံချတုံဖြစ်နေတတ်တာမျိုးပါ။ အဲဒီ့အကျင့်ဆိုးကြီးက မကောင်းတဲ့အကျင့်တစ်ခုဖြစ်ပြီး တခါတလေမှာ ကိုယ့်လုပ်နိုင်ရက်နဲ့ အခွင့်အရေးကောင်းတစ်ချို့ကိုလည်း လက်လွှတ်ရတတ်ပါတယ်။ “မရရအောင်လုပ်မယ်….” ဆိုတဲ့အတွေးမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးဖို့လိုပါတယ်။


ဘုရင့်နောင်ဖောက်ဖျက်သဘောမျိုးနဲ့ နောက်ကိုလုံးဝပြန်လှည့်စရာမရှိတဲ့အခြေအနေတစ်ခုမျိုးမှာဆိုရင် အဲဒီလို ကိုယ့်ကိုယ်ကိုယ်သံသယပြန်မဝင်နိုင်တော့ဘဲ မဖြစ်ဖြစ်အောင်ကြိုးစားမှဖြစ်မယ်၊ ကျရှုံးလို့မဖြစ်ဘူးဆိုတဲ့အတွေးမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ်မောင်းတင်လိုက်နိုင်မှ ဘယ်နေရာမှာမဆို ဖြစ်မြောက်အောင်မြင်နိုင်တာဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်သံသယဝင်နေတတ်တဲ့စိတ်ကို အောက်ပါအချက်တွေအတိုင်းပြုပြင်ကြည့်ပါနော်။

၁) ကိုယ့်ကိုယ်ကိုယ်ပြုပြင်ပြောင်းလဲမယ်လို့ကတိပေးပါ။
အကျင့်ဆိုးတွေကို ပြုပြင်ပြောင်းလဲဖို့က ကိုယ်တိုင်မရရအောင်ပြုပြင်မယ်ဆိုတဲ့စိတ်ထားရှိဖို့ပါပဲ။ အဲဒီ့စိတ်နဲ့ကိုယ့်ကိုယ်ကိုယ်စိတ်ပိုင်းဖြတ်ထားပြီး ကတိတည်အောင်ကြိုးစားဖို့လိုပါတယ်။ “ဒီစိတ်ကို မရရအောင်ပြုပြင်မယ်။” ဆိုတဲ့အတွေးနဲ့ကိုယ့်စိတ်ကို ကိုယ်တိုင်ကတိပေးပြီး တဆင့်ချင်းကတိတည်အောင်ကြိုးစားသွားပါ။

၂) မဖြစ်နိုင်ဘူးဆိုတဲ့အတွေးတွေထဲ သင့်ကိုယ်သင်လှောင်ပိတ်မထားပါနဲ့။
Self doubt ဖြစ်ရတဲ့နောက်ထပ်အကြောင်းရင်းကတော့ ဘယ်အရာမဆို မလုပ်ကြည့်၊ မကြိုးစားကြည့်ရသေးဘဲ မဖြစ်နိုင်ဘူး.....ဆိုတဲ့ အနုတ်သဘောဆောင်တဲ့အတွေးမျိုးတွေးတတ်တာကို ပြင်ပါ။ လုပ်ကြည့်တာပေါ့.….၊ ကြိုးစားကြည့်မယ်....၊ အတတ်နိုင်ဆုံးသင်ယူကြည့်တာပေါ့....ဆိုတဲ့ အကောင်းဘက်ကအတွေးမျိုးတွေးပြီး ကိုယ့်ကိုယ်ကိုယ်မောင်းဖို့လိုပါတယ်။ အဲဒါကြောင့် မဖြစ်နိုင်ဘူးလို့တွေးတွေးတတ်တဲ့စိတ်ကို ပြုပြင်ပါ။ သတိလေးထားပြီး ပြင်ပါ။

၃) သင့်ရဲ့စွမ်းရည်ကို အချိန်နဲ့အမျှမြင့်တင်ပါ။
နောက်တစ်ခုကတော့ ကိုယ့်ကိုယ်ကိုယ်မယုံမရဲဖြစ်နေတဲ့စိတ်ကို ပိုပြီး ယုံကြည်ရဲဝင့်လာစေဖို့က ကိုယ်လုပ်နိုင်တာတွေကို များများနဲ့ထိရောက်အောင်လုပ်ကြည့်ဖို့ပါပဲ။ “ငါမလုပ်တတ်ဘူးလို့ထင်နေတာ၊ တကယ်လုပ်ကြည့်တော့လည်း အဆင်ပြေသွားသားပဲ” ဆိုတဲ့အတွေးမျိုးပြောင်းသွားဖို့အတွက် ဘယ်အရာကိုမဆို သင်တကယ်လုပ်ကြည့်ဖို့၊ ကြိုးစားကြည့်ဖို့လိုပါတယ်။ အဲဒီ့အတွက် သင့်ရဲ့လုပ်နိုင်စွမ်းရည်ကို မြင့်တင်ပါ။ ဘယ်အရာမဆို မရဘူး…မလုပ်ချင်ဘူး….မလုပ်တတ်ဘူးဆိုတာထက် လုပ်ကြည့်မယ်၊ ရအောင်သင်ကြည့်မယ်….ဆိုတဲ့စိတ်နဲ့ အချိန်နဲ့အမျှ သင်ယူကြည့်ပါ။ သင်လုပ်နိုင်တာတွေများလာလေလေ သင့်စွမ်းရည်တိုးလာလေလေ သင့်ကိုယ်သင်လည်း ထင်နေတဲ့အတွေးတွေက ပြောင်းလဲလာပါလိမ့်မယ်။

၄) သင်ထူးချွန်လိုတဲ့ပညာကို တစိုက်မတ်မတ်လေ့လာသင်ယူပါ။
ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်ရှိရင် အဲဒါနဲ့ပတ်သက်တဲ့အရာတွေကို တစိုက်မတ်မတ်လေ့လာသင်ယူပါ။ ကိုယ့်ကဘာဖြစ်ချင်မှန်းမသိသေးဘူးဆိုရင် အခုလတ်တလောမှာ အဆင်ပြေမယ့်အရာတစ်ခုကို စမ်းပြီး သင်ယူကြည့်ပါ။ (စိတ်ပါဝင်စားလာရင် ပိုပြီးထူးချွန်လာတတ်ပါတယ်။ စိတ်မပါလို့ ဖြစ်သလိုပဲသင်ယူလိုက်မယ်ဆိုရင်တော့ အချိန်အလကားကုန်သွားတတ်ပါတယ်။ အဲဒါကြောင့် စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ သင်ယူတဲ့အခါ သေချာနားလည်တတ်ကျွမ်းအောင် လေ့လာသင်ယူဖို့အရေးကြီးပါတယ်။) အဲလိုလေ့လာသင်ယူရင်း ကိုယ်ကစိတ်မပါပေမယ့် အဲဒီ့အရာပေါ်မှာ ကိုယ်ကတဖက်ကမ်းခတ်တော်သွားလို့ ပရော်ဖက်ရှင်နယ်ဖြစ်သွားတဲ့လူမျိုးတွေလည်းရှိပါတယ်။ အဲဒီ့အခါကျမှ ကိုယ်စိတ်ပါဝင်စားတဲ့အရာပေါ်ပြန်ပြီး တဖက်လှည့်ပြန်သင်ယူပေါ့။ ဒါမှမဟုတ် ကိုယ်စိတ်ပါဝင်စားတဲ့အရာက စားဝတ်နေရေးအတွက်အဆင်မပြေနိုင်ဘူးဆိုရင်လည်း အတတ်ပညာတစ်ခုခုအပေါ်မှာ ထိရောက်စွာ သင်ယူပြီး ကျွမ်းကျင်ထားတဲ့အခါ ကိုယ့်ရဲ့စားဝတ်နေရေးအတွက်လည်းတဖက်ကဖြေရှင်းနိုင်သလို တဖက်မှာလည်း ကိုယ့်ရဲ့စိတ်ပါဝင်စားတဲ့ဝါသနာကို မျှပြီး လုပ်ယူနိုင်တာပေါ့။

၅) သင့်ရဲ့စိတ်ပါဝင်စားရာမှာ တဖက်ကမ်းခတ်ထူးချွန်ပါစေ။
ကိုယ့်စိတ်ပါဝင်စားတဲ့အရာက စားဝတ်နေရေးအတွက်အဆင်မပြေနိုင်ဘူးဆိုရင်လည်း အဲဒီ့အရာပေါ်မှာပဲအချိန်ကုန်နေပြန်ရင် ကိုယ့်ကိုယ်ကိုယ်တဖြည်းဖြည်းယုံကြည်မှုကလည်းလျော့နည်းလာနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်စိတ်ပါဝင်စားတဲ့အရာက စားဝတ်နေရေးအတွက်အဆင်ပြေနိုင်ရင် ကျွမ်းကျင်အောင် သင်ယူပါ။ တကယ်လို့ ကိုယ်စိတ်ပါဝင်စားတဲ့အရာက စားဝတ်နေရေးအတွက်အဆင်မပြေနိုင်ရင် တဖက်ကနေအတတ်ပညာဖြစ်ဖြစ်၊ အသိပညာဖြစ်ဖြစ် စားဝတ်နေရေးအတွက် ကျွမ်းကျင်အောင်သင်ယူထားပါ။ ထိုပညာနဲ့စားဝတ်နေရေးအတွက် ကြိုးစားနေရင်းမှ တဖက်ကနေလည်း ကိုယ့်စိတ်ပါဝင်စားရာကို တဖက်ကမ်းခတ်အောင် ထူးချွန်အောင် ပြန်သင်ယူနေပါ။ အဲဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို တိုးလာစေပြီး self doubt ကိုလျော့ကျစေပါတယ်။

၆) အတိတ်တွေကိုမေ့ပြီး ပစ္စုပ္ပန်မှာစိတ်ကိုထားပါ။
အတိတ်တုန်းက ဘာတွေပဲ အောင်မြင်ခဲ့၊ ဘာတွေပဲကျရှုံးခဲ့ပါစေ အားလုံးကို ပြန်မတွေးဘဲ မေ့ပစ်လိုက်ပါ။ အဲဒါက ခုလက်ရှိ self doubt ကို ပျောက်အောင်လုပ်မယ့်အချိန်ကို အလကားကုန်စေပါတယ်။ ခုလက်ရှိအချိန်မှာ ကိုယ့်ရဲ့စွမ်းရည်တိုးတက်လာဖို့ရယ်၊ ကိုယ့်စိတ်ပါဝင်စားရာ တစ်ခုခုကျွမ်းကျင်လာဖို့ရယ်ကိုပဲ အာရုံစိုက်ပြီး အသည်းအသန်လေ့လာသင်ယူပါ။

၇) အခြားသူနဲ့မနှိုင်းယှဉ်ပါနဲ့။
အခြားသူတွေဘယ်နေရာရောက်ရောက် စိတ်မဝင်စားပါနဲ့။ ကိုယ့်ကိုယ်ကိုယ် မနေ့တုန်းက ဘာတွေတိုးတက်လာပြီး ခုလက်ရှိ ဘာတွေထပ်တိုးတက်လာသလဲဆိုတာကို နှိုင်းယှဉ်ပါ။ မတိုးတက်လာဘူးထင်ရင် ထပ်တလဲလဲလေ့လာပါ။

၈) အခြားသူတွေရဲ့အထင်အမြင်ကို လျစ်လျူပြီး သင့်ကိုယ်သင်သာ သေချာသိဖို့လိုပါတယ်။
အခြားသူတွေက သင့်ကိုဘယ်လိုပဲ ထင်မြင်ပါစေ ၊ အဲဒါက အရေးမကြီးပါဘူး။ သင့်ကိုယ်သင်ဘယ်လိုထင်သလဲဆိုတာသာအရေးကြီးတာပါ။ ဒါပေမယ့်လည်း ကိုယ့်ကိုယ်ကိုယ်အမှန်အတိုင်း ဝေဖန်သုံးသပ်ဖို့တော့လိုတာပေါ့နော်။ ဘယ်နေရာမှာငါအရမ်းညံ့နေသလဲ၊ ဘယ်နေရာမှာ ငါပိုကြိုးစားသင့်တယ်၊ ဘယ်နေရာမှာဆိုရင် ငါအမှန်တကယ်ထူးချွန်သလဲဆိုတာမျိုးနဲ့ တကယ့်အမှန်အတိုင်းမြင်တတ်ဖို့အရေးကြီးပါတယ်။ အဲဒီ့အခါမှာ သင်ထူးချွန်တဲ့နေရာတွေကို သင်တိုးတက်ဖို့အသုံးချပါ။ သင်မထူးချွန်သေးဘူး၊ ထပ်ကြိုးစားသင့်တယ်လို့ထင်တဲ့နေရာတွေမှာ ပိုပြီး ကျွမ်းကျင်အောင်သင်ယူပါ။ အဲဒီ့လိုသင့်ကိုယ်သင်အမှန်အတိုင်းမြင်တတ်၊ သုံးသပ်တတ်လာပြီဆိုရင် သင့်မှာ တစ်နေရာရာမှာလည်း တကယ်ထူးချွန်အောင် တစိုက်မတ်မတ်ကြိုးစားရင်း တိုးတက်လာမယ်ဆိုရင် သင့်ရဲ့ ကိုယ့်ကိုယ်ကိုယ်လုပ်နိုင်ပါ့မလား…ဆိုပြီး အမြဲသံသယဝင်နေတာတွေ တဖြည်းဖြည်း ပျောက်ဆုံးသွားပါလိမ့်မယ်။
Self doubt ပျောက်ဖို့အတွက်က သင်မလုပ်နိုင်ဘူးလို့ထင်တာတွေကို တကယ်လုပ်ကြည့်မှ ဖြစ်နိုင်တယ်ဆိုတာ သိလာပြီး သင်ကိုယ်သင်တဖြည်းဖြည်း ပြန်လည်ယုံကြည်မှုတိုးလာစေမှာပါ။ အဲဒါကြောင့် သင်မလုပ်နိုင်ဘူးလို့ ထင်ထားတဲ့အရာတွေကို ဘုရင့်နောင်ဖောက်ဖျက်သလို နောက်ပြန်လှည့်စရာမရှိအောင် အသေအလဲကြိုးစားဖို့လိုပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။