ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်တဲ့စိတ်ရှိဖို့ ကျင့်ယူသင့်တဲ့အချက်များ

Self Esteem ဆိုတာ မိမိကိုယ်ကိုတန်ဖိုးထားခြင်းပဲဖြစ်ပါတယ်။ တနည်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးရှိတယ်လို့ ခံစားရတယ်၊ ကိုယ်ဟာလူတွေကြားထဲမှာ အရေးပါတယ်လို့ခံစားရတယ်၊ ကိုယ်ဖြစ်ချင်တာတွေကိုလည်း လုပ်နိုင်တယ်လို့ခံစားရတယ်၊ ကိုယ်ဟာ ကိုယ့်ဘဝမှာ အရေးပါတယ်၊ ကိုယ့်ဖြစ်တည်မှုဟာ အလကားမဟုတ်ဘဲ နေရာတစ်နေရာမှာ အရေးပါသေးတယ်ဆိုပြီး ကိုယ့်ဘဝကို နေပျော်တာမျိုးပါပဲ။ ကိုယ့်ဘဝကြီးက နေပျော်စရာကောင်းတယ်လို့တွေးတဲ့နောက်မှာ သင့်ဘဝကိုသင် အဆုံးသတ်ချင်စိတ်ဖြစ်ပါ့မလား။ အချိန်တွေကုန်မှာကိုတောင် နှမြောနေမိပါလိမ့်မယ်။ သင်ရရှိထားတဲ့အချိန်တိုင်းကို သင်တန်ဖိုးထားတတ်လာပါလိမ့်မယ်။


သင်လုပ်နေသမျှတိုင်းကိုတန်ဖိုးထားပါလိမ့်မယ်။ အဲဒါက သင့်ကိုယ်သင်တန်ဖိုးထားမှုကြောင့်ပါပဲ။ အဲဒီ့စိတ်က လူတိုင်းမှာ ဖြစ်ပေါ်နေတာတော့မဟုတ်ပါဘူး။ အသက်ရှင်နေပေမယ့် ကိုယ်ရှင်သန်နေရတဲ့ဘဝက အလကားပဲလို့ထင်နေတယ်ဆိုရင်တော့ သင့်ကိုယ်သင်တန်ဖိုးမထားတော့သလို သင့်ဘဝလည်း သင်ကိုယ်တိုင်တန်ဖိုးထားမှာမဟုတ်ပါဘူး။ ဖြစ်ချင်ရာဖြစ် နေချင်သလိုနေမယ်ဆိုတဲ့စိတ်ဖြစ်လာပါလိမ့်မယ်။ အဲဒါကြောင့် လူတစ်ယောက်အတွက် ကိုယ်ကိုယ်ကိုယ်တန်ဖိုးထားတဲ့စိတ်ကလည်း အရေးပါပါတယ်။

၁) ကိုယ့်ရဲ့အတိတ်ကအမှားတွေကို ခွင့်လွှတ်ပါ။
သင့်ကိုသင်အမြဲအပြစ်ရှိတယ်လို့ခံစားနေရတဲ့အခါ သင့်ကိုသင် ယူကြုံးမရဖြစ်လာပါလိမ့်မယ်။ တွေးတိုင်း သင့်ကိုသင်အပြစ်တင်ပါလိမ့်မယ်။ ဘာလို့များ ဒီလိုလုပ်မိရတာလဲဆိုတဲ့အတွေးနဲ့ သင့်ကိုယ်သင်တွေးလေလေ ဒေါသထွက်လေလေဖြစ်လာပါလိမ့်မယ်။ အဆိုးဆုံးကတော့ သင့်ကိုယ်သင်ခွင့်မလွှတ်နိုင်ဘဲ အပြစ်ပေးတဲ့အနေနဲ့ တစ်ခုခုလုပ်မိလာနိုင်ပါတယ်။ အဲဒီလို ကိုယ့်ကိုယ်ကိုယ်တစ်ခုခု ရုပ်ပိုင်းဆိုင်ရာဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာဖြစ်ဖြစ် နာကျင်အောင်လုပ်မိနေပြီဆိုရင် သင့်ကိုယ်သင် ချစ်ခင်တဲ့စိတ် နည်းပါးလာလို့ပါပဲ။ ကိုယ့်ကိုယ်ကိုယ်ချစ်ခင်တဲ့စိတ်နည်းလာတဲ့အခါ စိတ်ဖိစီးလာလေလေ အရက်ပိုသောက်မယ်၊ စီးကရက်တွေပိုသောက်မယ်၊ ဆေးချမယ်၊ စသဖြင့် ကိုယ့်ကိုယ်ကိုယ်ပျက်စီးအောင်တခုမဟုတ် တခုလုပ်မိလာတတ်ပါတယ်။ နောက်ဆုံးအဆင့် ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့အထိဖြစ်လာနိုင်ပါတယ်။ အဲဒီ့အချက်တွေ တစ်ခုမှမဖြစ်ဖို့က သင့်ကိုသင်အပြစ်တင်တဲ့စိတ်ကို ဖျောက်ဖို့ပါပဲ။ သင့်ကိုယ်သင်အပြစ်မတင်ချင်ရင် သင်ပြုပြီးခဲ့သမျှ အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး နောက်ထပ်မမှားဖို့ ဆုံးဖြတ်ချက်ချပါ။ ထိုဆုံးဖြတ်ချက်ကို သေချာလိုက်နာပါ။ ဖြစ်ပြီးခဲ့သမျှကို ကိုယ့်ကြောင့်လို့တွေးပြီး ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ဘဲ ခွင့်လွှတ်ပြီး နောင်မမှားဖို့သာကြိုးစားလိုက်ပါ။ အဲဒါကြောင့် Self Esteem ဆိုတဲ့ ကိုယ်ကိုယ်ကိုယ်တန်ဖိုးထားတဲ့စိတ်ကိန်းအောင်လာဖို့အတွက် အရင်ဆုံးလုပ်သင့်တာက သင့်အတိတ်ကအမှားတွေအတွက် သင့်ကိုယ်သင်ခွင့်လွှတ်လိုက်တာပါပဲ။ အမှားတွေကနေတော့ သင်ခန်းစာယူ၊ နောင်မမှားအောင် ကိုယ့်ကိုယ်ကိုယ်ပြုပြင်ပါ။

၂) ကိုယ့်ကိုယ်ကိုယ်ပြုံးပျော်ရွှင်ဖို့အားပေးပါ။
သင့်ကို ပျော်ရွှင်အောင်လုပ်နိုင်တာလည်း သင်ပါပဲ။ ပျော်စရာတွေပဲစဉ်းစားမယ်၊ တွေးတောမယ်ဆိုရင်ပေါ့။ အဲဒီလိုပါပဲ သင့်ကို ဝမ်းနည်းအောင် စိတ်ဆင်းရဲအောင်လုပ်တာလည်း သင်ပါပဲ။ သင့်ကိုနာကျင်စေတဲ့သူတွေနဲ့ စိတ်ဆင်းရဲစရာတွေကိုပဲ စဉ်းစားနေမယ်ဆိုရင်ပေါ့။ အဲဒီ့တော့ သင့်ရဲ့စိတ်ကိုသင်ဖတ်ပါ။ သင့်စိတ်က ဖြစ်နေတာတွေကို နားလည်ပါ။ သင့်စိတ်ကိုသိတဲ့အခါ သင့်စိတ်ထဲမှာ စိတ်ဆင်းရဲနေသလား၊ ပျော်နေသလား သိလာပါလိမ့်မယ်။ သိလာတဲ့အခါ သင်စိတ်ညစ်နေရင် ပြုံးပျော်ဖို့ သင့်ကိုယ်သင်အားပေးရမှာပဲဖြစ်ပါတယ်။ သင့်စိတ်ကမပျော်ရင် ဘယ်သူကပဲ ဘယ်လောက်ပျော်အောင်ကြိုးစားပါစေအလကားဖြစ်မှာပါပဲ။ အဲဒါကြောင့် သင့်ကိုယ်သင် ပြုံးပျော်ရွှင်မြူးစေဖို့ ကြိုးစားပါ။

၃) ကိုယ့်ရဲ့ကံကောင်းမှုလေးတွေကို အသိအမှတ်ပြုပါ။
သင့်ဘဝရဲ့အားနည်းချက်တွေ၊ မပြည့်စုံမှုတွေ၊ လိုအပ်ချက်တွေကိုချည်းစဉ်းစားတွေးတောနေရင်တော့ သင့်စိတ်ညစ်တာဆုံးမှာမဟုတ်ပါဘူး။ သင့်ထံမှာ စိတ်ညစ်စရာနဲ့အတူ ပျော်ရွှင်စရာတွေလည်းရှိတယ်ဆိုတာ သင်မမေ့လိုက်ပါနဲ့။ အဲဒါကြောင့် သင့်ဘဝရဲ့ကံကောင်းနေသေးတဲ့အချက်တွေကို သင်ရှာပါ။ မြင်အောင်ကြည့်ပါ။ အဲဒါက သင့်ကို ပျော်ရွှင်စေပါတယ်။ ကိုယ့်ဘဝမှာ ကံကောင်းတဲ့အချက်တွေရှိပါသေးတယ်ဆိုတဲ့စိတ်နဲ့ ဘဝက ပိုပြီးနေပျော်လာစေပါတယ်။ ဘဝကနေပျော်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပိုပြီးတန်ဖိုးထားတဲ့စိတ်လေးဖြစ်လာစေပါတယ်။

၄) မိမိကိုယ်ကိုယ်ရင်းနှီးမြုပ်နှံပါ။
သင့်ကိုယ်သင်စွမ်းရည် ၊ ဗဟုသုတ၊ ပညာတိုးတက်မှုတွေမှာ ရင်းနှီးမြုပ်နှံမှုပြုပါ။ အဲဒါက သင့်ဘဝအတွက် ပိုပြီးအကျိုးရှိလာစေသလို သင့်မှာ ပညာစွမ်းရည်ပြည့်ဝနေတဲ့အခါ ကိုယ့်ရဲ့တိုးတက်မှုအတွက် ဘာလုပ်သင့်တယ်ဆိုပြီး သင့်ကိုယ်သင်စည်းကမ်းသတ်မှတ်နိုင်လာပါလိမ့်မယ်။ သင့်ပညာဉာဏ်ကြောင့် သင့်ကိုယ်သင်အရာရာမှာထိန်းချုပ်နိုင်တဲ့စွမ်းရည်လည်း မြင့်လာစေပါတယ်။ သင့်ကိုယ်သင်ထိန်းချုပ်နိုင်စွမ်းမြင့်မားလာတဲ့အခါ မကျူးလွန်ချင်တဲ့အမှားတွေကို မလုပ်မိဖို့ ထိန်းလာနိုင်ပါလိ့မ်မယ်။ အဲဒီ့အခါ သင့်ကိုယ်သင် မပြစ်တင်တာ၊ သင့်ကိုယ်သင်မုန်းတီးတာမျိုးမဖြစ်နိုင်တော့ပါဘူး။ သင့်ကိုယ်သင်လည်းတန်ဖိုးထားတတ်လာပါလိမ့်မယ်။ အဲဒါကြောင့် သင့်စွမ်းရည်တိုးတက်လာအောင် သင့်ကိုယ်သင်ထံမှာ ရင်းနှီးမြုပ်နှံခြင်းက သင့်ကိုသင်တန်ဖိုးထားခြင်းနဲ့ သင့်ကိုယ်သင်ယုံကြည်မှုရှိခြင်းအပေါ်မှာလည်း အချိုးကျနေပါတယ်။

၅) ကိုယ့်အောင်မြင်စွာကျော်ဖြတ်နိုင်တဲ့အခက်အခဲတွေကို ပြန်တွေးပါ။
ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားဖို့က ကိုယ့်ဘဝကို ကိုယ်လိုသလိုဖန်တီးနိုင်တယ်လို့ ယုံကြည်တဲ့စိတ်လည်းလိုပါတယ်။ ကိုယ့်ဘဝက ကိုယ်ကြိုးစားရင်ကြိုးစားသလိုဖြစ်သားပဲဆိုတဲ့စိတ်၊ ကိုယ့်ဘဝမှာ ကိုယ်ဖြစ်ချင်တာလေးတွေ လုပ်နိုင်သားပဲဆိုတဲ့စိတ်က ဘဝကိုနေပျော်စေပါတယ်။ အဲဒီ့အခါ ကိုယ့်ဘဝကို ကိုယ်ချစ်ခင်စိတ်ဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ်လည်းချစ်ခင်တန်ဖိုးထားတတ်လာပါတယ်။
အဲဒီ့လိုစိတ်ဖြစ်လာဖို့က သင့်ဘဝကို နေပျော်တယ်ဆိုတဲ့အတွေးကအခြေခံတာပါ။ ကိုယ့်ဘဝကိုနေပျော်တယ်လို့တွေးဖို့ သင်အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့တဲ့အခက်အခဲတွေကိုလည်း ပြန်တွေးဖို့လိုပါတယ်။ ဒီအခက်အခဲတွေထက်ဆိုးတာတောင် ငါကျော်ဖြတ်နိုင်ခဲ့သားပဲ…ဆိုတဲ့စိတ်၊ ငါက ဘယ်အရာမဆို ဖြစ်အောင် ကြိုးစားနိုင်ပါတယ်ဆိုတဲ့စိတ်ဖြစ်ဖို့ အရင်တုန်းက ကိုယ်အောင်မြင်အောင် ကျော်လွှားနိုင်ခဲ့တဲ့အခက်အခဲတွေ၊ ပြဿနာတွေကို ပြန်တွေးကြည့်ပါ။ သင့်လုပ်နိုင်ခဲ့တယ်ဆိုတဲ့စိတ်က ခုလတ်တလောမှာကြုံတွေ့နိုင်တဲ့အခက်အခဲတွေကိုပါ ကျော်ဖြတ်ဖို့ခွန်အားတိုးလာစေပါတယ်။ အဲဒါက သင့်ကိုယ်သင်တန်ဖိုးထားတတ်တဲ့စိတ်နဲ့ ဆက်စပ်နေစေတာပါ။
သင့်ကိုယ်သင်တန်ဖိုးထားတဲ့စိတ်ရှိလေလေ သင့်ဘဝကိုလည်း ပိုပြီးပျော်ရွှင်အောင်နေမှာဖြစ်သလို၊ ပိုတိုးတက်အောင်မြင်တဲ့ဘဝဖြစ်လာအောင်လည်း ကြိုးစားချင်စိတ်ရှိလာမှာဖြစ်ပါတယ်။ သင့်ကိုယ်သင်တန်ဖိုးထားတဲ့စိတ်မရှိခြင်းဟာ ဘဝကိုဖြစ်ချင်ရာဖြစ် နေချင်သလိုနေလိုက်မယ်…ဘဝကအဓိပါ္ပယ်မရှိဘူးလို့ ခံစားလာရမှာဖြစ်တဲ့အပြင် နောက်ဆုံးစိတ်ဓာတ်ကျပြီး ဘဝကိုအဆုံးသတ်တဲ့အထိဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် သင့်ရဲ့ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်တဲ့စိတ်က သင့်ဘဝတစ်ခုလုံးနဲ့သက်ဆိုင်နေပါတယ်ဆိုတဲ့အကြောင်းဖော်ပြရင်း ကိုယ်ကိုယ်ကိုယ်တန်ဖိုးထားတတ်တဲ့စိတ်လေး ဖြစ်အောင် ကျင့်ယူနိုင်ကြပါစေလို့ တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။