ကိုယ့်ကို အခြားသူတစ်ယောက်က တန်ဖိုးထားအောင် ဘယ်လိုနေထိုင်ရမလဲ။

လူတိုင်းမှာ တန်ဖိုးကိုယ်စီရှိကြပါတယ်။ လူတိုင်းကလည်း သူတို့ကို အခြားသူများက တန်ဖိုးထား၊ အသိအမှတ်ပြုမှုကို လိုချင်ကြတာချည်းပါပဲ။ အဲဒါကြောင့် ကိုယ့်ကိုအခြားသူများက တန်ဖိုးထားအောင် ဘယ်လိုနေထိုင်သင့်သလဲဆိုတဲ့ဆောင်းပါးလေးကိုဖော်ပြလိုက်ပါတယ်။


၁) ကိုယ်တိုင်က အခြားသူများကို တန်ဖိုးထားဆက်ဆံပါ။
လူတိုင်းက ကိုယ့်ကို တန်ဖိုးထားဆက်ဆံတယ်လို့ ခံစားလိုက်ရရင် အရမ်းကို ပီတိဖြစ်ပြီး ဝမ်းသာတတ်ကြပါတယ်။
ဒါပေမယ့် ကိုယ့်ကိုတန်ဖိုးထားတာ လိုချင်ရင် အခြားသူများကို အရင်တန်ဖိုးထားဆက်ဆံသင့်တယ်ဆိုတာကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ အဲဒါကြောင့် ကိုယ့်ကို အခြားသူတွေတန်ဖိုးထားစေချင်ရင် ကိုယ်ကလည်း လူတိုင်းကို တန်ဖိုးထားဆက်ဆံပေးပါ။ လူတိုင်းကို မတူဘူးမတန်ဘူးလို့ မတွေးဘဲ လူတိုင်းမှာ တန်ဖိုးကိုယ်စီရှိတယ်ဆိုတာကို နှလုံးသွင်းပါ။

၂) တည်ကြည်ဖြောင့်မတ်ပါ။
ဒီအချက်က တန်ဖိုးရှိတဲ့လူတစ်ယောက်အဖြစ်မြင်စေပါတယ်။ တန်ဖိုးရှိတဲ့သူတစ်ယောက်အဖြစ်မြင်စေချင်ရုံနဲ့တော့ ဟန်ကိုယ်ဖို့ လုပ်လို့မရပါဘူးနော်။ အတုအယောင်ဆိုတာ ဘယ်တော့မှ မတည်မြဲတတ်ပါဘူး။ တကယ်ကို တည်ကြည်ဖြောင့်မတ်ပါ။ အမှန်တရားဘက်က ရဲရဲရပ်တည်ပါ။ ကိုယ်တိုင်က ငွေရှိတဲ့သူဆို မှန်တယ်ချည်းလုပ်ပြီး ငွေမရှိမျက်နှာမွဲတွေအလှည့်ကျ ဖိနှိပ်နေတယ်ဆိုရင် သူဆင်းရဲတွေကို တန်ဖိုးမထားတာပါပဲ။ အမှန်တရားဘက်ကိုပဲလိုက်ပါ။ ဘယ်အရာမဆို စကားတစ်ခွန်းဆိုတစ်ခွန်း တည်အောင်ကြိုးစားပါ။ ဖြောင့်မတ်မှန်ကန်မှုရှိတဲ့သူတစ်ယောက်ကို လူတိုင်းက တန်ဖိုးထားလေးစားမှာပါ။ တန်ဖိုးရှိတဲ့လူတစ်ယောက်အဖြစ် သတ်မှတ်ခံရမှာပါ။

၃) သနားကြင်နာစိတ်ထားပါ။
ကိုယ့်ကိုအခြားသူတွေတန်ဖိုးထားတတ်ဖို့ ကိုယ်တိုင်ကလည်း သူများတွေကို လူတစ်ယောက်အဖြစ် သတ်မှတ်တန်ဖိုးထားဖို့အတွက် သနားကြင်နာစိတ်ရှိဖို့လိုပါသေးတယ်။ ငွေရှိတဲ့သူတွေ နာကျင်တဲ့အခါကျရင်တော့ နာမဆုံး၊ ရင်တမမဖြစ်နေပြီး ငွေမရှိတဲ့ ဆင်းရဲသားငမွဲတွေနာကျင်မှုကျတော့ မျက်နှာလွှဲထားတတ်သူကို တန်ဖိုးထားသင့်တဲ့သူလို့ မထင်ပါဘူး။ လူတိုင်းမှာ တန်ဖိုးဆိုတာရှိပြီးသားဖြစ်တဲ့အတွက် သူကျမှ ပိုတန်ဖိုးရှိတယ်၊ ငါ့ကျမှ ပိုတန်ဖိုးရှိတယ်ဆိုတာ မရှိနိုင်ပါဘူး။ အဲဒါကြောင့် ကိုယ့်ထက်နိမ့်ကျသူကို ခွဲခြားမဆက်ဆံဘဲ သနားကြင်နာတတ်သူကို အခြားသူများကလည်း တန်ဖိုးရှိတဲ့သူအဖြစ် တန်ဖိုးထားဆက်ဆံပါလိမ့်မယ်။

၄) အပြောတစ်မျိုး၊ အလုပ်တစ်မျိုးမလုပ်ပါနဲ့။
အချို့လူတွေတွေ့ဖူးပါတယ်။ ငွေရှိတဲ့သူတွေရှေ့ကျ မျက်နှာမွဲတွေအတွက် သူပဲကယ်တင်ရှင်ကြီးလုပ်မလိုလိုနဲ့၊ တကယ်တမ်းလည်းကျရော သူက အကုန်လက်ဝါးကြီးအုပ်သွားတာမျိုးပါ။ ကိုယ့်အတွက်ပဲကိုယ်ကြည့်ပြီး ကိုယ့်အိတ်ထဲကိုယ်ထည့်တတ်တဲ့သူမျိုးကို ဘယ်သူကမှ တန်ဖိုးထားဆက်ဆံမှာမဟုတ်ပါဘူး။ အဲလိုလူမျိုးက အခြားသူများက တန်ဖိုးမရှိဘဲ သူတစ်ယောက်သာ တန်ဖိုးရှိတဲ့သူလို ပြုမူလိုက်တာပါပဲ။
၅) ပရဟိတတွေ လုပ်ပါ။
ပရဟိတကို အဖြစ်လုပ်တာမျိုးမဟုတ်ဘဲ တကယ့်စိတ်ထဲကနေ လိုအပ်နေသူတွေအတွက် ပေးဆပ်ချင်စိတ်နဲ့လုပ်ပါ။ ပရဟိတလုပ်ခြင်းက အခြားသူများကို သနားကြင်နာစိတ်ဖြစ်ပေါ်စေပြီး အခြားသူများကိုလည်း တန်ဖိုးထားတဲ့စိတ်ဖြစ်ပေါ်စေပါတယ်။ ဆယ်လီဖြစ်ချင်တာလေးတစ်ခုနဲ့ ပရဟိတထလုပ်ဖို့ပြောတာမဟုတ်ပါဘူး။ (ပရဟိတလုပ်ပြီး ဖောက်လွှဲဖောက်ပြန်လုပ်တတ်သူတွေလည်း အများကြီးပါနော်) ဒါပေမယ့် ပရဟိတလုပ်ခြင်းက အခြားသူများကို တန်ဖိုးထားတတ်လာသလို ကိုယ့်ကိုလည်း အခြားသူတွေတန်ဖိုးထားတတ်လာပါတယ်။
၆) အကျင့်စာရိတ္တကို ထိန်းသိမ်းပါ။
ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ကိုယ့်ကျင့်တရားနဲ့ အကျင့်စာရိတ္တကို ထိခိုက်မယ့်အလုပ်မျိုး လုံးဝမလုပ်ပါနဲ့။ စားဝတ်နေရေးအတွက်၊ ငွေကြေးအတွက် စသည်ဖြင့် လိုအပ်ချက်တွေကြောင့်တော့ ကိုယ့်ရဲ့အကျင့်စာရိတ္တထိခိုက်မယ့်အလုပ်မျိုးမလုပ်တာက သင့်ကိုအခြားသူတွေ တန်ဖိုးထားတတ်စေပါတယ်။ သူများအမြင်မှာသာမက ကိုယ့်ကိုကိုယ်လိပ်ပြာလုံဖို့အတွက် လုံးဝမလုပ်ပါနဲ့။ အဲဒါက သင့်ကို မသိလို့ တန်ဖိုးချ၊ နှိမ့်ချဆက်ဆံခံခဲ့ရရင်တောင် တစ်ချိန်မှာတော့ သင့်ရဲ့တန်ဖိုးက ပေါ်လွင်လာမှာပါ။

အထက်ပါအချက်လေးတွေ ကိုယ်တိုင် အခြားတစ်ယောက်ကို ဆိုရင် ဘယ်လိုလူမျိုးကို တန်ဖိုးထားမှာလဲဆိုတဲ့အတွေးလေးနဲ့ ရှိသင့်တယ်ထင်တဲ့အချက်တွေကို ဖော်ပြပေးထားတာပါ။ စာဖတ်သူတို့ ပြောပြချင်တဲ့အချက်တွေရှိရင်လည်း ပြောပေးသွားကြပါအုံး။#Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။