ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့ဘာလုပ်သင့်သလဲ။

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့ဆိုတာက လူတိုင်းနီးပါးပြောဖူးကြတာပါပဲ။ တကယ်တမ်းကျတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတာက စိတ်ရောလူပါ ပင်ပန်းပြီး အခြားလူတစ်ယောက်ရဲ့အရိပ်မှာ ခိုနေရတာက လူရောစိတ်ပါသက်သာစေပါတယ်။ ဘယ်လောက်ပဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပါလို့ပြောပြော တကယ်တမ်းအားကိုးစရာတစ်ခုခုအဖြစ် အခြားလူတစ်ယောက်ရဲ့အရိပ်ကိုခိုမိတဲ့အခါ ဘာကိုမှသတိမရတော့ဘဲ သက်တောင့်သက်သာနေရတာကို သဘောကျတတ်ကြတာချည်းပါပဲ။ ဒါပေမယ့် အဲဒီလိုအခြားတစ်ယောက်ကို အားကိုးနေခြင်းဟာ အရမ်းသက်သာပေမယ့် ကိုယ့်ရဲ့ရှိပြီးသား အစွမ်းအစတွေတဖြည်းဖြည်း ဆုံးရှုံးသွားစေပါတယ်။ အဲဒါကြောင့် ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်ခြင်းက လူရောစိတ်ပါပင်ပန်းပေမယ့် အရည်အချင်းတွေတိုးတက်လာစေတာမို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တာအကောင်းဆုံးပါပဲ။ အဲဒါကြောင့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့အတွက် လုပ်သင့်တဲ့အချက်လေးတွေကို ကြိုတင်ဆင်ခြင်နိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။


၁) ကိုယ်အားကိုယ်ကိုးပါ။
ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့အတွက် အဓိကက ဘာပဲလုပ်လုပ် အခြားသူကိုအားကိုးမယ့်အစား ကိုယ်အားကိုယ်ကိုးပါ။ အခြားလူတစ်ယောက်ကို လုပ်ခိုင်းမယ်၊ အကူအညီတောင်းလိုက်မယ်ဆိုတဲ့ စိတ်ထက် ကိုယ်တိုင်ကြိုးစားမယ်ဆိုတဲ့စိတ်ကို မွေးပါ။ ဘာမဆို ကိုယ့်အားကိုယ်ကိုးမယ်ဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။

၂) တတ်နိုင်သမျှသင်ယူပါ။
မွေးကတည်းကတော့ တတ်လာတဲ့သူဘယ်သူမှမရှိပါဘူး။ အားလုံးဟာ ကိုယ်တတ်ချင်တာကို သင်စရာမြင်စရာတွေကတမျိုး၊ စနစ်တကျသင်ပေးတဲ့သင်တန်းကတမျိုး၊ နားလည်တတ်ကျွမ်းသူတွေကိုမေးရာကတမျိုး အမျိုးမျိုးသင်ယူကြရတာပါပဲ။ အဲဒါကြောင့် အဓိက ကိုယ့်အားကိုယ်ကိုးမယ်ဆိုတဲ့စိတ်မွေးပါ။ ကိုယ်ပတ်ဝန်းကျင်မှာ ကိုယ့်အတွက် အသုံးဝင်မယ့်အရာမျိုးကို တဆင့်သင်ယူပါ။ ငွေပေးပြီး သင်တန်းတက်မှ ပညာတတ်နိုင်တာမဟုတ်ပါဘူး။ ကိုယ်ပတ်ဝန်းကျင်မှာ ကိုယ့်ထက်တတ်ကျွမ်းသူတွေက အခြားသူတွေကို ဘယ်လိုဆက်ဆံပြောဆိုသလဲ၊ ကိုယ့်ထက်တော်တဲ့သူတွေက ဘယ်လိုသင်ယူသလဲ၊ ဘယ်လိုအပတ်တကုတ်ကြိုးစားကြသလဲ၊ ကိုယ့်ထက်ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူက ဘယ်လိုမျိုး အခြားသူတွေကိုဆက်ဆံတတ်သလဲ။ ကိုယ့်ရဲ့ခေါင်းဆောင်ပီသတဲ့ခေါင်းဆောင်က ဘယ်လိုမျိုးတာဝန်ယူစိတ်ရှိသလဲ စသဖြင့် ပတ်ဝန်းကျင်မှာ ကိုယ့်အတွက်အကျိုးတစ်ခုခုရှိနိုင်ပြီး ကောင်းမွန်တဲ့အရာမှန်သမျှကို မှတ်သားသင်ယူနိုင်ပါတယ်။ အခုခေတ်မှာဆိုရင် ကိုယ်သိချင်တတ်ချင်တာရှိရင် google / Youtube စတဲ့နေရာတွေကနေတဆင့် ပြန်ပြီးသင်ယူနိုင်တဲ့အခွင့်အရေးလည်းရှိပါသေးတယ်။

၃) ကျရှုံးမှာကိုမကြောက်ပါနဲ့။
ကိုယ်ဖြစ်ချင်တဲ့အရာတစ်ခု ဒါမှမဟုတ် ကိုယ့်ရည်မှန်းထားတဲ့အရာတစ်ခုခုအတွက် တစိုက်မတ်မတ်ကြိုးစားမယ်လို့ ဆုံးဖြတ်ထားတယ်ဆိုရင် ကျရှုံးမှာကို မကြောက်ပါနဲ့။ ကိုယ့်ရဲ့သင်ယူမှုအတွက် လက်တွေ့ပြန်လည်အသုံးချတဲ့အခါ မှားသွားမှာ ကျရှုံးမှာကို မကြောက်ဘဲ ဘယ်လိုသင်ခန်းစာပြန်ယူမလဲဆိုတာကိုသာ တွေးပါ။ အဲဒါမှ အမှားတွေထဲကနေ ပြန်ပြီး သင်ယူနိုင်သလို၊ တစ်ခါမှားဖူးတဲ့အခါ တစ်ခါသင်ခန်းစာရသွားနိုင်တာပေါ့။ အဲဒီလိုအမှားမျိုးနောက်မမှားနိုင်အောင်ကြိုးစားရင်းနဲ့မှ ကိုယ့်အတွက် အတွေ့အကြုံကောင်းတွေရလာနိုင်ပြီး ကိုယ့်အားကိုယ်ကိုးရပ်တည်ဖို့ရာ အသိပညာတိုးလာစေတာပေါ့။

၄) မှန်ကန်ပါစေ။
ကိုယ့်အားကိုယ်ကိုးတဲ့အခါ မှန်ကန်ဖို့ကလည်း အရေးကြီးပါတယ်။ မှန်ကန်တယ်ဆိုတာက ကိုယ့်ရဲ့အကျင့်သိက္ခာအတွက်မှန်ကန်တဲ့နည်းလမ်းကိုကျင့်သုံးဖို့ပါ။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်တာမို့ ကိုယ့်အရိပ်ကိုယ်ခိုရရင်ပြီးရော အခြားသူများကို ဘယ်လိုပဲထိခိုက်ပါစေဆိုတဲ့စိတ်မျိုးလည်းထားလို့မရပါဘူး။ ကိုယ်တိုင် ကိုယ့်အားကိုယ်ကိုးကြိုးစားတဲ့နေရာမှာ မှန်ကန်တဲ့နေရာ၊ မှန်ကန်တဲ့စိတ်ထား၊ မှန်ကန်တဲ့အကျင့်စရိုက်၊ မှန်ကန်တဲ့စည်းကမ်းနဲ့ဖြစ်ဖို့လိုပါတယ်။ မှန်ကန်တဲ့နည်းလမ်းနဲ့ ကိုယ့်အားကိုယ်ကိုးနိုင်အောင် ကြိုးစားခြင်းဟာ ကိုယ့်အတွက်လည်း လိပ်ပြာလုံသလို၊ ကိုယ့်ကိုယ်ကိုယ်ပိုပြီးယုံကြည်မှုလည်းတိုးလာစေပါတယ်။

၅) ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။
ဒါကတော့ ကိုယ့်ကိုယ်ကိုယ်ချစ်ပြီး အခြားသူတွေကို လုံးဝထည့်မတွေးဘဲ ကိုယ့်အတွက်သာကိုယ်ကြည့်ခိုင်းတာမျိုးမဟုတ်ပါဘူး။ အဲဒါက အတ္တကြီးတာဖြစ်ပါတယ်။ အခုက မကောင်းတဲ့အကျင့်အကြံတွေမလုပ်မိခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ဖို့ ဖြစ်ပါတယ်။ မကောင်းတဲ့နည်းလမ်းနဲ့ မကြိုးစားခြင်းက ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ခြင်းပါပဲ။ မကောင်းတဲ့အကျင့်ဆိုးတွေမလုပ်ခြင်းက ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ခြင်းပါပဲ။ ကိုယ်တိုင်လိပ်ပြာလုံအောင် မှန်ကန်စွာနေထိုင်ကျင့်ကြံမယ်၊ ကိုယ့်ကိုယ်ကိုယ်လေးစားမယ်၊သန့်ရှင်းသပ်ရပ်အောင်နေမယ်၊ ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်မယ်၊ ကိုယ်လုပ်သမျှတိုင်းကို မှန်ကန်စွာ တလေးတစားတာဝန်ယူမယ်၊ ကိုယ့်အရည်အချင်းပိုတိုးတက်လာအောင်ကြိုးစားမယ်စတဲ့နည်းလမ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ပိုချစ်ပါ။
ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ပြီး မှန်ကန်တဲ့နည်းလမ်းနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ကြိုးစားပါလို့ ဆိုလိုချင်တာဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။