ကိုယ့်ဘဝကို အကောင်းဆုံးဖြစ်ဖို့ ဘာတွေလုပ်သင့်သလဲ။

လူတိုင်းက ကိုယ့်ဘဝကို အကောင်းဆုံးဖြစ်ချင်ကြတာချည်းပါပဲ။ ဒါပေမယ့် ဖြစ်ချင်စိတ်ရှိပေမယ့် လက်ရှိကျင်လည်နေတဲ့ဘဝမှာပဲ လှုပ်ရှားရုန်းကန်းနေရင်း အကောင်းဆုံးရယ်လို့တောင် မသိတော့ဘဲ၊ လက်ရှိဘဝကို စားဝတ်နေရေးအတွက်သာ အဆင်ပြေအောင် ရုန်းကန်ရင်း အချိန်ကုန်သွားတတ်ကြပါတယ်။ ကိုယ့်ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေတော့ ရှိပါရဲ့၊ အကောင်အထည်ဖော်ဖို့လည်း မတတ်နိုင်တော့ဘဲ စားဖို့၊ ဝတ်ဖို့၊ နေထိုင်ဖို့ အဆင်ပြေအောင် ကြိုးစားနေရင်းနဲ့သာ ကုန်ဆုံးမသွားခင်၊ ကိုယ့်ဘဝကို အကောင်းဆုံးဖြစ်နိုင်ဖို့ ကိုယ့်ကိုကိုယ် သတိပြန်ပေးသင့်ပါတယ်။ ဒီဘဝ၊ ဒီအခြေအနေမှာပဲ အလုပ်လုပ်လိုက်၊ စားလိုက်သောက်လိုက်၊ ကုန်သွားလိုက်၊ စားဝတ်နေရေးအတွက် ပြန်ပြီးအလုပ်လုပ်လိုက် ကုန်သွားလိုက်နဲ့ သံသရာလည်ရတာခြင်းအတူတူ ဘဝရဲ့နေ့ရက်တွေက တလက်လက်နဲ့တောက်ပနေသလိုခံစားရတာပိုကောင်းမယ်မထင်ဘူးလား။


အမှောင်ထုထဲမှာချည်း အချိန်ကုန်နေရရင် ဘဝက အရမ်းပျင်းစရာကောင်းပါတယ်။ အရမ်းလည်း ထိုင်းမှိုင်းနေပါလိမ့်မယ်။ တစ်လတစ်လ အလုပ်သွား၊ အလုပ်က လစာရ၊ ရသမျှ ပြန်သုံး၊ မလောက်ငလို့ ပြန်ရှာဖွေဆိုတဲ့ဘဝက အမှောင်ထုထဲက ဘဝနဲ့တူပါတယ်။ မျှော်လင့်ချက်ဆိုတာ မရှိ၊ အားတက်မှုဆိုတာမရှိဘဲ တန်ဖိုးရှိတဲ့ဘဝက တဖြေးဖြေးအိုမင်းလာပြီး ကုန်ဆုံးသွားရမှာ နှမြောစရာကောင်းလွန်းပါတယ်။ ရခဲလှတဲ့လူ့ဘဝကို ဟာသကားကြည့်ပြီး ရယ်မောရသလိုမျိုးမဟုတ်ဘဲ တကယ့်ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ အားတက်မှုတွေ၊ ပျော်ရွှင်မှုတွေ၊ ဝမ်းသာမှုတွေ၊ လန်းဆန်းမှုတွေ ခံစားရအောင် ဘယ်လိုလုပ်နိုင်မလဲဆိုတဲ့အချက်လေးတွေပြောပြပေးချင်ပါတယ်။ ပြောချင်တာတော့ အပေါ်ယံ အသက်ရှင်သန်မှုမျိုးမဟုတ်ဘဲ လေးနက်စွာဘဝရှင်သန်မှုမျိုးဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတာလေး ပြောပြပေးချင်တာပါ။
၁) ရည်မှန်းချက် အသစ်တွေချမှတ်ပါ။
ရည်မှန်းချက်ဆိုတဲ့နေရာမှာ ဆရာဝန်ကြီးဖြစ်အောင်၊ အင်ဂျင်နီယာကြီးဖြစ်အောင်ဆိုတဲ့ ရည်မှန်းချက်မျိုးမဟုတ်ပါဘူးနော်။ ခုဒီတစ်လမှာ အလုပ်လစာရလာရင် ဆပ်စရာရှိနေတဲ့အကြွေးတွေ အကုန်ဆပ်နိုင်အောင် ဒါမှမဟုတ် အရမ်းများလို့ “တစ်ဝက်တော့ ဆပ်ဖြစ်အောင် ဆပ်မယ်” ဆိုတဲ့ ရည်မှန်းချက်မျိုးပါ။ ဒါက ရေတိုရည်မှန်းချက်မျိုးပေါ့။ တကယ်လည်း လုပ်ဖြစ်အောင်လုပ်ပါ။ လုပ်ဖြစ်တဲ့အခါ ဖြစ်လာတဲ့ခံစားချက်က သိပ်ကိုကောင်းတဲ့ခံစားချက်ဖြစ်မှာပါ။ ပေါ့ပါးလန်းဆန်းသွားစေနိုင်တာမျိုးပေါ့။
ဥပမာ။ ဒီလ တစ်လ ၅သောင်းတော့ ရအောင် စုမယ်ဆိုတဲ့ ရည်မှန်းချက်မျိုး၊ ဒီလတော့ စာအုပ်တစ်အုပ်ရအောင် ဝယ်မယ်၊ ပြီးအောင် ဖတ်မယ်ဆိုတဲ့ရည်မှန်းချက်မျိုးပါ။
၂) ရေရှည်ရည်မှန်းချက်ကို မှတ်မိအောင်လုပ်ပါ။
ရေတိုရေမှန်းချက်ကို တကယ်လုပ်နိုင်လာရင် ရေရှည်ရည်မှန်းချက်လည်း ဖြစ်မြောက်အောင်လုပ်နိင်လာပါလိ့မ်မယ်။ အထက်ကပြောသလို အကြွေးကို ၂လခွဲဆပ်နိုင်တဲ့အခါ နောက်လကစပြီး ငွေစုမယ်ဆိုတဲ့ရည်မှန်းချက်မျိုး ပြန်ချမှတ်လို့ ရသွားမှာပါ။ အဲဒါက ရည်တိုရည်မှန်းချက်ပါ။ ငွေကို တစ်လဘယ်လောက်၊ တစ်နှစ်ပြည့်ရင် ဘာလုပ်ဖြစ်အောင်လုပ်မယ်ဆိုတာမျိုးပြန်သတ်မှတ်ပါ။ အဲဒါက ရေရှည်ရည်မှန်းချက်ဖြစ်သွားမှာပါ။ ရေတိုရေမှန်းချက်တွေဖြစ်မြောက်လာတိုင်း သင့်ပျော်ရွှင်ပေါ့ပါးလာပါလိမ့်မယ်၊ ရေရှည်ရည်မှန်းချက်တွေဖြစ်မြောက်လာတိုင်း သင်ပိုပျော်ရွှင်ပါလိမ့်မယ်။ သတိထားရမှာက ရေရှည်ရည်မှန်းချက်က သင့်ဘဝအတွက် ဖြစ်နေရင်တော့ ပိုကောင်းတာပေါ့။ ဥပမာ၊ ဆိုင်လေးတစ်ဆိုင်ရအောင် ဖွင့်မယ်ဆိုတာမျိုး။
၃) ကိုယ်ရဲ့လုပ်နိုင်စွမ်းအားတွေအပေါ်မှာပဲ အာရုံစိုက်ပါ။
ပြောချင်တာက ဟိုအရင်က ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ကောင်းတာဖြစ်စေ၊ ဆိုးတာဖြစ်စေ ခုအချိန်ကို လာမသက်ရောက်ပါစေနဲ့။ အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ။ အတိတ်ကို ပြုပြင်ယူလို့မရနိုင်တော့ပါဘူး။ ပြုပြင်မရနိုင်တာကို ထိုင်တွေးပြီး တသသမဖြစ်ပါနဲ့တော့။ ဘာမှလုပ်လို့မရတော့ပါဘူး။ နောင်အနာဂတ်မှာ ကိုယ့်ဘဝအကောင်းဆုံးဖြစ်ဖို့ ခုလက်ရှိအချိန်လုပ်နိုင်စွမ်းကို ကောင်းကောင်းအသုံးချဖို့ပဲလိုပါတယ်။ ခုကောင်းမှ အနာဂတ်ကောင်းမှာပါ။ နောင်အနာဂတ်ကောင်းဖို့ ခုကိုယ်ကြိုးစားနိုင်တာက ဘာလဲဆိုတာသာ တွေးပါ။ ခုရနေတဲ့လစာနဲ့က မလောက်ငဘူးဆိုရင် နောင်အနာဂတ်မှာ လစာကောင်းကောင်းရဖို့၊ ခုအချိန်မှာ ခြစ်ကုတ်စားလို့ နောက်ထပ်ရာထူးတစ်ဆင့်တိုးဖို့၊ လစာကောင်းဖို့ သင်တန်းတစ်ခု ကျားကုတ်ကျားခဲတက်ပြီး အောင်မြင်အောင်ဖြေဖို့ ကြိုးစားလို့ရပါတယ်။ နောင်တစ်ချိန် ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်နိုင်ဖို့ ခုသူများဝန်ထမ်းလုပ်နေတုန်းမှာ မပိုမလျှံလည်း မရရအောင် ခြစ်ကုတ်စုလို့ နောင်လုပ်မယ့် ကိုယ်ပိုင်အလုပ်အတွက် ငွေကော၊ လုပ်ငန်းပိုင်းဆိုင်ရာ အသိပညာကော ဆည်းပူးတာမျိုး လုပ်နိုင်ပါတယ်။ မရပါဘူးဆိုတဲ့ အဖျက်စကားကို အရင်ပြောဖို့ထက် ဘယ်လိုလုပ်ရင်ရမလဲကိုသာတွေးပြီး လက်တွေ့လုပ်ပါ။ ဖြစ်လာပါလိမ့်မယ်။ သင်တွေးထားတာတွေ တကယ်ဖြစ်လာလေ သင့်ဘဝက ပိုပြီးနေပျော်စရာကောင်းလေဖြစ်လာမှာပါ။
၄) အဆိုးဘက်ကမတွေးပါနဲ့။
ဘယ်အလုပ်မဆို၊ ဘယ်အရာမဆို “ငါမလုပ်နိုင်တော့ပါဘူး” “ ငါမဖြစ်နိုင်ပါဘူး” “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” “အသက်ကကြီးနေပြီလေ၊ မရနိုင်ပါဘူး” အဲဒီလို မလုပ်တောင်မလုပ်ကြည့်ရသေးဘူး၊ အဆိုးဘက်ကတွေးတာကို ပြင်ပါ။ မလုပ်ရသေးဘူး မဖြစ်နိုင်တာကိုတွေးလိုက်တော့ လက်တွေ့တကယ်မလုပ်ဖြစ်တော့ပါဘူး။ အဓိကက ဘာလို့မဖြစ်နိုင်ရမှာလဲ….ရအောင်လုပ်မယ်ဆိုတဲ့စိတ်ပါ။ ကိုယ့်ကိုကိုယ်ယုံကြည်စိတ်ရှိဖို့အရေးကြီးပါတယ်။ အဲဒီလို ကိုယ့်ကိုကိုယ်ယုံကြည်တဲ့အခါ စလုပ်ဖြစ်လာပါလိမ့်မယ်။
၅) လက်မလျော့ဘူးလို့ အမြဲတွေးပါ။
ဘယ်အရာမဆို မအောင်မြင်ခင်ကျရှုံးမယ်၊ မဖြစ်မြောက်ခင် အနစ်နာခံရမယ်၊ အသာမခံခင် အနာစံရမယ်ဆိုတာကို ကြိုတွေးမိမှာပါပဲ။ အဓိကက လက်မလျော့ဖို့ပါပဲ။ အဆိုးဘက်ကမတွေးဖြစ်တော့ ဘယ်အရာမဆို အကောင်အထည်ဖော်ဖြစ်လာပါလိမ့်မယ်။ အကောင်အထည်ဖော်ဖြစ်တာနဲ့ တစ်ပြိုင်တည်း အရှုံးတွေတော့ လူတိုင်းလိုလို ကြုံလာနိုင်တာပဲကို ကြိုတွေးပါ။ အဲဒီ့လို ကြုံလာလည်း လုံးဝလက်မလျော့ဘူး….လို့ ကိုယ့်ကိုကိုယ် အမြဲတွေးပါ။ ထိုစကားနဲ့ကိုယ့်ကိုကိုယ် အားပေးပါ။ အရှုံးအခါ တစ်ရာကြုံရင် အခါတစ်ရာ လက်မလျော့ဘူး၊ ပြန်စမယ်၊ ထိုစိတ်ကိုထားတဲ့အခါ တစ်ခါမဟုတ်တစ်ခါတော့ ဖြစ်မြောက်အောင်မြင်လာမှာပါပဲ။ ကျိန်းသေပါတယ်။
၆) အခြားသူတွေရဲ့ အထင်အမြင်ကို လိုက်ဂရုစိုက်မနေပါနဲ့။
ကိုယ့်ဘဝကို လက်ရှိထက်ပိုကောင်းအောင် လုပ်မယ့်ကိစ္စတွေချည်းမှာသာ အာရုံထားပါ။ “ငါဒီလိုလုပ်နေလို့…ငါ့ကို သူတို့ဘယ်လိုထင်မှာပါလိမ့်” ဆိုတဲ့အတွေးက အာရုံနှောက်စေပါတယ်။ ကိုယ့်စိတ်ကို လွတ်လပ်စွာထားပါ။ သူတို့ဘယ်လိုမြင်မြင် နောင်၃နှစ်မှာ ငါဘာဆိုတာ သိလိမ့်မယ်။ စသည်ဖြင့်ပေါ့။ ကိုယ့်ရဲ့ရေရှည်ရည်မှန်းချက်ဖြစ်လာမယ့်အချိန်ကိုသာ လှမ်းမျှော်ပါ။ ဖြစ်လာခဲ့ရင် ဘယ်လောက်ပျော်စရာကောင်းမလဲနော်၊ အဲဒါက အတွေးနဲ့တင် ပျော်စရာကောင်းပါလိမ့်မယ်။ အခြားသူရဲ့ အမြင်အထင် အပြောတွေကို ခေါင်းထဲမထည့်ပါနဲ့။ အချိန်ကုန်ပါတယ်။
၇) မျှဝေနိုင်သလောက် မျှဝေပါ။
ဘာပြန်ရမလဲလို့ မတွေးဘဲ ကိုယ့်အတွက် မထိခိုက်နိုင်သမျှ အခြားသူများကို မျှဝေပါ၊ ပေးနိုင်သလောက်ပေးပါ။ လှူတယ်သဘောထားပါ။ လှူနိုင်သလောက်လှူပါ။ ပရဟိတလုပ်နိုင်သလောက် လုပ်ပါ။ အခြားသူများကို ကိုယ်စုဖို့ရည်မှန်းထားတဲ့ငွေတွေ ကုန်သွားတဲ့အထိ အားလုံးပေးပြီး မျှဝေခိုင်းတာမျိုးမဟုတ်ပါဘူးနော်။ ကိုယ့်ရည်မှန်းချက်နဲ့ ကိုယ့်ဘဝကို မထိခိုက်စေဘဲ မျှဝေနိုင်သလောက် မျှဝေဖို့ပြောတာပါ။ အဲဒါက သင့်ကိုပျော်ရွှင်စေပါလိမ့်မယ်။
၈) မကောင်းတာမှန်သမျှ စွန့်လွှတ်ပါ။
ပိုကောင်းတဲ့ဘဝဖြစ်ဖို့ စွန့်လွှတ်ရဲဖို့လည်း လိုပါသေးတယ်။ လူတစ်ချို့က ကိုယ့်ဘဝအတွက် လုံးဝလက်တွဲလို့မရနိုင်တဲ့ လက်တွဲဖော်ကို စိတ်ခံစားချက်အလိုကိုလိုက်ပြီး ဆက်တွဲနေတာမျိုး၊ မကောင်းတဲ့စွဲလမ်းမှုတွေကို မကောင်းမှန်းသိရက်နဲ့ မပြုပြင်နိုင်တာမျိုးတွေကြောင့် ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေမှာ ကိုယ့်ဘဝအတွက် တိုးတက်မှုဘာမှမလုပ်နိုင်ဘဲ အချိန်ကုန်နေတတ်ကြပါတယ်။ ကိုယ့်ဘဝကို ခုထက်ပိုကောင်းချင်တယ်ဆိုရင်တော့ မကောင်းတာမှန်သမျှကို စွန့်လွှတ်ရဲတဲ့ သတ္တိလိုပါတယ်။ ခံစားနေတုန်းသာ အရမ်းကြီးမားတဲ့ခံစားချက်လို့ ထင်ရတာပါ၊ ခံစားရလည်းခဏပါပဲ၊ အချိန်တန်ပိုကောင်းတဲ့ဘဝက သင့်ကိုကုစားနိုင်မှာပါ။
အထက်ကအချက်တွေကို တစ်ခုချင်းလုပ်နိုင်တဲ့အခါ သင့်ဘဝက လက်ရှိဘဝထက်ပိုကောင်းသလို ခံစားလာရမှာ သေချာပါတယ်။ အဓိကကတော့ ကိုယ်တိုင်ပါပဲ။ ကိုယ့်ဘဝကို အကောင်းဆုံးဖြစ်အောင် စီမံနိုင်တာလည်း ကိုယ်တိုင်ပါပဲ။ အဆိုးဆုံးဖြစ်အောင် ဆွဲချနိုင်တာလည်း ကိုယ်တိုင်ပါပဲနော်။ ဖော်ပြချက်လေးတွေကတော့ အကြံပြုချက်သာဖြစ်မှာပါ။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။