ကိုယ်ရရှိရှင်သန်နေရတဲ့ဘဝကိုလည်း ကျေနပ်တတ်တဲ့စိတ်လေး မွေးတတ်ဖို့လိုပါတယ်။

ဘဝမှာ ရှင်သန်ရတာ ပျော်ရွှင်တတ်စေဖို့အတွက် ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့ ဘဝကိုလည်း ကျေနပ်တတ်တဲ့စိတ်လေးရှိဖို့လည်း လိုပါတယ်။ တခါတလေ ကျိကျိတက် ကြီးပွားချမ်းသာတဲ့လူတွေတွေ့ရင် ဘာရယ်မဟုတ် သူတို့ဘဝက ကိုယ့်ဘဝထက်စာရင် အပူအပင်မရှိ၊ ပြီးပြည့်စုံတယ်ဆိုပြီး အားကျမိတဲ့စိတ်လေးဖြစ်ဖူးမှာပါ။ တခါတလေလည်း ဘဝမှာ လူတန်းစေ့ ရပ်တည်ရှင်သန်ဖို့ရာအတွက် လှုပ်ရှားရုန်းကန်ရင်း ကြိုးစားရုန်းကန်လေ မပြီးပြည်စုံနိုင်လေဖြစ်တဲ့ဘဝကို စိတ်ကုန်လာမိတတ်ပါတယ်။ “ အော်....ကိုယ့်ဘဝက ဒီလောက်ကြိုးစားရုန်းကန်နေတာတောင်မှ ခုထိ မပြည့်စုံနိုင်သေးပါလား။” ဆိုတဲ့အတွေးမျိုးဝင်လာပြီး အမောဆို့ရပြန်ပါတယ်။


အဲဒီ့အခါမျိုးမှာ ကိုယ့်ထက်အများကြီး ပြီးပြည့်စုံနေတဲ့လူတွေကို မြင်တဲ့အခါ “အော်....ငါတို့ဘဝကသာ မနည်းကြိုးစားရုန်းကန်နေရတာ၊ သူတို့အတွက်ကျပြန်တော့လည်း ဘာမှမလိုအပ်လောက်အောင် ပြီးပြည့်စုံနေပြန်တာပဲ” လို့ တွေးမိတာမျိုး ဖြစ်ပြန်တယ်။ တကယ်တော့ အဲဒီ့အတွေးတွေရဲ့ အဓိက တရားခံကတော့ စိတ်ကြောင့်ပါပဲ။
ကိုယ်ဘဝထက်အများကြီး ကြီးပွားချမ်းသာနေတဲ့လူတွေကို မြင်ရင် “သူတို့ဘဝကတော့ ငါ့ဘဝထက် ပျော်စရာအပြည့်ဖြစ်နေမှာပဲ” လို့ ထင်ရင် မှားသွားပါလိမ့်မယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ ကိုယ့်ထက်သာလွန်ပြီးပြည့်စုံနေတိုင်း သူတို့ဘဝက ပျော်စရာအတိပြီးနေတာမဟုတ်နိုင်ပါဘူး။ အဲဒါကြောင့်သာ နာမည်ကြီး အချို့ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတာတို့၊ နာမည်ကြီး၊ အောင်မြင်နေပေမယ့် ဘဝက စိတ်ဆင်းရဲနေရပါတယ် တို့ ကြားနေကြရတာပါပဲ။

ဘာကြောင့်လဲဆိုရင် လူဆိုတဲ့အမျိုးကိုက “လူ့အလို နတ်မလိုက်နိုင်”ဆိုသလို အိမ်ပိုင်မရှိတဲ့လူက အိမ်ပိုင်ရှိတဲ့လူကိုအားကျ၊ အိမ်ပိုင်ရှိတဲ့လူကျပြန်တော့ ကားလေးပါ ပိုင်တဲ့လူကိုအားကျ၊ အိမ်ရော၊ ကားရောပိုင်ပြန်တော့ အိမ်နှစ်လုံး၃လုံးပိုင်တဲ့လူကိုအားကျနဲ့ ပတ်ချာရိုက်ပြီး လိုချင်တပ်မက်နေတဲ့စိတ်ကြောင့်ပါပဲ။ အဲဒီ့စိတ်ကို မတင်းတိမ်၊ မရောင့်ရဲနိုင်ခြင်းဆိုတဲ့ စိတ်ကြောင့်ပါ။ အဲဒီ့စိတ်ဟာ ကားတစ်စီးမောင်းရသလိုပါပဲ။ ဘရိတ်မအုပ်နိုင်တဲ့အခါ အရှိန်လွန် မြင်ရာတိုက်မိတတ်သလို အန္တရာယ်များနိုင်ပါတယ်။ ကားကို မမောင်းဘဲ ရပ်ထားမယ်ဆိုပြန်ရင်လည်း ဘယ်နေရာကိုမှ ခရီးမရောက်ပြန်ပါဘူး။ တင်းတိမ်‌ရောင့်ရဲတဲ့စိတ်ထားဟာလည်း ကားတစ်စီးလိုပါပဲ။ တင်းတိမ်ရောင့်ရဲလွန်းတယ်ဆိုပြီး ဘဝအတွက် ရှိသင့်ရှိထိုက်တာ၊ လိုအပ်သလောက်ကို မရှာကြံ၊ မကြိုးစားပြန်ရင်လည်း လူပျင်း၊ လူဖျင်းအဖြစ်နဲ့ ဘဝက ဘယ်နေရာမှာမှ တိုးတက်လာမှာမဟုတ်ပါဘူး။ အဲဒီလိုပဲ ကြိုးစားတယ်၊ အရှိန်မရပ်နိုင်ဘူး၊ တိုက်လေးတစ်လုံး ပိုင်ရင်တော်ပြီ၊ တကယ်တမ်းတိုက်လေးတစ်လုံးပိုင်ပြန်တော့ ကားလေးတစ်စီးရချင်တယ်၊ တိုက်နဲ့ကားနဲ့ပိုင်ပြန်တော့ တစ်နေ့အသုံးစရိတ်စျေးဖိုးက တဲသာသာအိမ်မှာနေတုန်းကလို တစ်နေ့ စျေးဖိုး ၃ထောင်လောက်နဲ့ မလောက်ငတော့ဘဲ တစ်နေ့ တစ်သောင်းခွဲ နှစ်သောင်းလောက် အသုံးစရိတ်တိုးလာပြန်ရော၊ တိုးလာတဲ့အသုံးစရိတ်ကာမိအောင် ကြိုးစားရုန်းကန်ရပြန်ရော၊ အိမ်တစ်လုံးကနေ အိမ်နှစ်လုံးဖြစ်အောင်ကြိုးစားရပြန်ရော စသဖြင့်နဲ့ ဘဝရဲ့အချိန်တွေက ကုန်မှန်းမသိ ငွေနောက်လိုက်၊ ရုပ်ဝတ္ထုပစ္စည်းတွေနောက်လိုက်ရင်း မောပြီးရင်းမောနေပြန်ရော။ ကိုယ့်ဘဝအတွက် ရှိသင့်ရှိထိုက်တာရှိပြီး လုပ်သင့်လုပ်ထိုက်တာလုပ်ဖို့ မမြင်တော့ဘဲ တင်းတိမ်ရောင့်ရဲခြင်းနဲ့ ဘရိတ်ပြန်မအုပ်နိုင်တဲ့အခါ ဘဝက ကြိုးစားရုန်းကန်ခြင်းတွေကြားမှာတင် အမောဆို့ရပြန်ပါတယ်။
အဲဒီ့အတွက် ဘဝမှာ ပြီးပြည့်စုံအောင် သမာအာဇီဝနည်းလမ်းနဲ့ ကြိုးစားတတ်ဖို့ လိုသလို၊ ရသင့်သလောက်ရပြီ၊ ပြီးပြည့်စုံနိုင်သလောက် ပြီးပြည့်စုံဆိုတဲ့အခြေအနေတစ်ခုမှာလည်း တင်းတိမ်ရောင့်ရဲတတ်ဖို့ အရေးကြီးပြန်ပါတယ်။
အဲဒီ့လို တင်းတိမ်ရောင့်ရဲမှုမျိုးမမွေးနိုင်လို့သာ တချို့မိန်းကလေးတွေလည်း ငွေကြေးနဲ့ရုပ်ဝတ္ထုပစ္စည်းတွေ ပြီးပြည့်စုံနေရင် ပျော်စရာကောင်းမယ်ထင်ပြီး ငွေနောက်တကောက်ကောက်လိုက်ရင်း သူများအိမ်ထောင်ရေးပြိုကွဲ အောင်လုပ်မိလို့လုပ်မိမှန်းမသိတာမျိုး၊ သူများအငယ်အနှောင်းထိ ဖြစ်သွားရတာပါပဲ။

ဘယ်အချိန်ဘဝအမောဖြေရမယ်မှန်းမသိ၊ တွေးတောင်မတွေးမိတဲ့အချိန်မှာတင် ဘဝက အချိန်ကုန် မီးစာခမ်းတယ်ဆိုတဲ့အချိန်ကိုရောက်သွားရပြန်ပါတယ်။ ပြောချင်တာက ကြိုးစားရုန်းကန်ခြင်းမရှိဘဲ ဘဝက မတိုးတက်နိုင်သလိုပဲ၊ တင်းတိမ်ရောင့်ရဲခြင်းမရှိရင်လည်း ငွေနဲ့ရုပ်ဝတ္ထုပစ္စည်းနောက်ကိုသာ လိုက်ရင်း ဘဝက အဓိပ္ပါယ်ရှိရှိ မကုန်ဆုံးလိုက်ရဘဲ မီးစာကုန်ချိန်ရောက်သွားနိုင်လို့ ဘဝက အလကားရှင်သန်နေရသလိုဖြစ်နိုင်ပါတယ်။
ဘဝဆိုတာ ပူလောင်ခြင်းနဲ့ လိုချင်တပ်မက်မှုတွေ၊ ရုပ်ဝဝ္တုပစ္စည်းတွေနောက် တကောက်ကောက်လိုက်ရင်း ကုန်ဆုံးသွားရမယ်ဆိုရင် ရုန်းကန်မှုတွေကြားထဲမှာမွန်းကြပ်နေတာမို့ ရှင်သန်ရခြင်းရဲ့အဓိပ္ပါယ်နဲ့ ပြည့်ဝတယ်လို့ မဆိုနိုင်ပါဘူး။ အဲဒီ့အတွက် လူပီပီသသ ကြိုးစားရုန်းကန်ခြင်းလည်း ရှိရမယ်၊ အရမ်းပူလောင်တဲ့ လောဘနောက်ကိုလည်း ကောက်ကောက်ပါအောင် မလိုက်သွားဘဲ တင်းတိမ်ရောင့်ရဲခြင်းလည်း မွေးမြူတတ်ဖို့လိုပါတယ်။

အဲဒါမှသာ လူဖြစ်ရကျိုးနပ်ပြီး ကြိုးစားမှုအတွက်လည်း အသီးအပွင့်ခံစားရမယ်၊ ကိုယ့်ကြိုးစားမှုကြောင့်ရလာတဲ့အသီးအပွင့်ရဲ့အရသာကိုလည်း တင်းတိမ်ရောင့်ရဲခြင်းနဲ့အတူ အခြားသူတွေကိုပါ အကြင်နာတရားထားရင်း မျှဝေပေးသင့်ပါတယ်။ အချိန်တန် သင်ဘယ်လောက်ပိုင်ဆိုင်ပါတယ်ဆိုတဲ့ ငွေကြေး၊ ဂုဏ်ပကာသန၊ ရုပ်ဝတ္ထုပစ္စည်းတွေကို သင်အားလုံးထားခဲ့ရမှာမဟုတ်လား။ အဲဒါကြောင့် ဘဝဆိုတဲ့ တစ်ခဏခရီးတိုလေးမှာ ကြိုးစားပါ၊ ရုန်းကန်ပါ၊ ဒါပေမယ့်လည်း ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့ဘဝလေးကိုလည်း တင်းတိမ်ရောင့်ရဲတတ်တဲ့စိတ်လေးလည်း မွေးတတ်ဖို့လိုပါတယ်၊ ဒါမှသာ ဘဝက ရှင်သန်ရကျိုးနပ်ပြီး ပျော်ရွှင်နိုင်မှာဖြစ်ပါတယ်လို့ တွေးမိသလောက်ဖော်ပြလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။