ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့ လက်တွေ့ကျင့်သုံးသင့်သောနည်းလမ်းများ

သင်ကတစ်စုံတစ်ယောက်အဖြစ်နဲ့ တိုးတက်အောင်မြင်တဲ့သူဖြစ်ချင်လား။ အဲဒါဆိုရင် သင့်ကိုယ်သင်တိုးတက်ဖို့အတွက်နည်းလမ်းတွေရှာဖွေဖို့၊ လက်တွေ့ကျင့်သုံးဖို့လိုပါတယ်။ တကယ်လိုက်နာကျင့်သုံးမယ်ဆိုရင် သင်လည်း အောင်မြင်တိုးတက်တဲ့တစ်စုံတစ်ယောက်ဖြစ်လာနိုင်စွမ်းရှိပါတယ်။ ကိုယ်ရည်ကိုယ်သွေးတိုးတက်လာဖို့က စိတ်ဆန္ဒပြင်းပြထက်သန်ဖို့ပဲလိုပါတယ်။ ကိုယ့်ရည်ကိုယ်သွေးတိုးတက်အောင်ကြိုးစားခြင်းက ဘယ်တော့မှမဆုံးနိုင်တဲ့ခရီးတစ်ခုလိုပါပဲ။ သင်သွားနိုင်လေ ခရီးရောက်လေပါ။ ဒါပေမယ့် ကိုယ်ရည်ကိုယ်သွေးတိုးတက်လာတဲ့သူတစ်ယောက်က ကောင်းကျိုးတွေအများကြီးရှိသလို၊ အခြားသူတစ်ယောက်ထက်လည်း တစ်နေရာမဟုတ်တစ်နေရာမှာတော့ အမြဲသာနေတတ်ပါတယ်။


အဲဒါကြောင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်အောင် ကြိုးစားသင့်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးတိုးတက်စေမယ့် လက်တွေ့လိုက်နာကျင့်သုံးသင့်တဲ့နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁) နေ့တိုင်း စာဖတ်ပါ။
စာအုပ်တွေက အသိဉာဏ်ပညာရဲ့အရင်းမြစ်ပဲဖြစ်ပါတယ်။ စာအုပ်တွေဖတ်တာများလာလေ သင်သိတာတွေပိုများလာလေပါပဲ။ ဗဟုသုတဆိုင်ရာစာအုပ်တွေဖတ်ရင် သင်မသိသေးတာတွေ ပိုသိလာသလို၊ ဟာသစာအုပ်တွေဖတ်ရင်လည်း သင့်စိတ်ဖိစီးမှုပြေပျောက်စေပါတယ်။ ရသစာအုပ်တွေဖတ်ရင်လည်း သင့်စိတ်နှလုံးနူးညံ့ပျော့ပျောင်းလာစေသလို၊ အခြားသူတွေရဲ့ဘဝကိုလည်း မြင်လာနိုင်ပါတယ်။ ကိုယ်ချင်းစာတတ်လာပါတယ်။ စိတ်ဓာတ်ခွန်းအားဖြစ်စေတဲ့ တက်ကျမ်းတွေဖတ်ရင်လည်း သင်နေ့စဉ်မလုပ်ဖြစ်တာတွေမြင်လာနိုင်ပါတယ်။ စိတ်တက်ကြွစေပါတယ်။ အဲဒါကြောင့် ဘာစာပဲဖြစ်ဖြစ်နေ့တိုင်းဖတ်ပါ။ စာဖတ်ခြင်းက သင့်ကိုအသိအမြင်ကြွယ်ဝလာစေပါတယ်။ အဲဒါက သင့်ကိုယ်ရည်ကိုယ်သွေးကို နေ့တိုင်းထက်မြက်နေအောင် သွေးနေတာနဲ့တူပါတယ်။
၂) ဘာသာစကားအသစ်တစ်ခုကို သင်ယူပါ။
ဘာသာစကားအသစ်တစ်ခုကို သင်ယူခြင်းက နောက်ထပ်စွမ်းရည်အသစ်တစ်မျိုးပါ။ ထိုဘာသာစကားကိုလည်း ကျွမ်းကျင်သွားသလို၊ ကိုယ့်ရဲ့အရည်အသွေးတစ်ခုလည်း ထပ်ပြီးတိုးလာတာမျိုးပါ။

၃) ဝါသနာအသစ်တစ်ခုကို ပျိုးထောင်ပါ။
သင်လုပ်နေရရင်ပျော်တဲ့ဝါသနာအသစ်တစ်ခုကို စတင်ပျိုးထောင်ပါ။ ဥပမာ။ စာရေးတာ၊ ကဗျာရေးတာ၊ သီချင်းရေးတာ၊ သီချင်းဆိုတာ၊ ပန်းချီဆွဲတာ၊ ကာတွန်း၊ဆွဲတာ ၊ ဂေါက်ရိုက်တာ၊ ဘောလုံးကန်တာ၊ စကိတ်စီးတာ စသဖြင့်ပေါ့။ အဲဒီဝါသနာကို သင်လုပ်နေရရင် သင်ပျော်နေတာမျိုးပေါ့။ အဲဒါက သင့်အတွက် နောက်ထပ် စွမ်းရည်တိုးတက်မှုတစ်ခုပါပဲ။ အဲဒါအပြင် သင့်အတွက် တက်ကြွလန်းဆန်းမှုကိုလည်း ခံစားရနိုင်သလို၊ စိတ်ဖိစီးမှုကိုလည်း ပြေလျော့စေတဲ့နည်းတစ်မျိုးပါပဲ။

၄) သင့်စွမ်းရည်တွေကို အဆင့်မြင့်တင်ပါ။
ပြောချင်တာက သင်တတ်ကျွမ်းထားတဲ့စွမ်းရည်တွေကို နောက်ထပ်တစ်ဆင့်ရောက်အောင် ကြိုးစားပါ။ ဥပမာ။ သင်က LCCI Level 1 & 2 တက်ထားပြီးပြီဆိုရင် ဒီလောက်နဲ့တင်းတိမ်မနေဘဲ ငွေကြေးပမာဏတခုထိရအောင် စုထားပြီး နောက် Level 3 ဆက်တက်တာမျိုးပေါ့။ ကွန်ပျူတာသင်တန်းနောက်တဆင့်ထပ်တက်တာမျိုး၊ အင်္ဂလိပ်စာ နောက်ထပ် level တစ်ခုထပ်တက်တာမျိုးစသဖြင့်ပါ။ အဲဒါက သင့်ရဲ့စွမ်းရည်ကို တဖြေးဖြေး တိုးတက်အောင် လုပ်နေတဲ့သဘောပါပဲ။

၅) မနက်ခင်းအိပ်ရာစောထပါ။
အိပ်ရာစောစောထခြင်းက ရုံးသွားခါနီး၊ ကျောင်းသွားခါနီးမှ အချိန်ကပ်ပြီးထခြင်းထက် အများကြီး အကျိုးရှိစေပါတယ်။ တစ်နေ့လုံး စိတ်လက်ကြည်လင်နေစေသလို၊ အလုပ်တွေလည် းသွက်လက်စွာပြီးမြောက်စေပါတယ်။ စိတ်ကြည်လင်စွာအလုပ်လုပ်နိုင်လို့ အလုပ်မြန်မြန်ပြီးတော့ အချိန်ပိုထွက်လာပါတယ်။ သင်နောက်ထပ် စွမ်းရည်တွေကို အချိန်ထပ်ပေးနိုင်သွားပါတယ်။ တစ်ပတ်လောက်အကျင့်လုပ်လိုက်ရင် သင့်စွမ်းရည်တွေ အများကြီးတိုးတက်လာတာကို တွေ့ရပါလိမ့်မယ်။

၆) အပတ်စဉ်လေ့ကျင့်ခန်းလုပ်ချိန်သတ်မှတ်ထားပါ။
ကိုယ်ရည်ကိုယ်သွေးတိုးတက်စေဖို့အတွက် ကျန်းမာရေးကောင်းဖို့လည်း အရေးကြီးပါသေးတယ်။ ကျန်းမာရေးမကောင်းဘဲ တကယ်လက်တွေ့လိုက်နာကျင့်သုံးရမယ့်အချက်တွေတော်တော်များများကို လုပ်နိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် နေ့စဉ်မလုပ်နိုင်ရင်တောင် အပတ်စဉ် အပြင်ထွက်လမ်းလျှောက်တာမျိုး၊ ပြေးတာမျိုး၊ သဘာဝပတ်ဝန်းကျင်နဲ့ထိတွေ့ပြီး လေကောင်းလေသန့်ရှုရှိုက်တဲ့ရက်မျိုးတော့ သတ်မှတ်ထားသင့်ပါတယ်။

၇) သင့်ရဲ့ Life Handbook ထားရှိပါ။
Life Handbook ဆိုတာက သင့်ရဲ့ရည်မှန်းချက်တွေ၊ လုပ်ငန်းစဉ်တွေ၊ ဆက်လုပ်ချင်တဲ့အရာတွေအတွက် သတ်မှတ်ထားချက်တွေ၊ သင့်ဘဝကို သင်ဘယ်လိုရှင်သန်နေထိုင်မလဲဆိုတာကို သင်ရေးသားထားတဲ့စာအုပ်မျိုးပါ။ အဲဒီ့စာအုပ်မျိုးဘာလို့ထားသင့်သလဲဆိုရင် သင်က စာအုပ်မှာ ဘယ်နေ့ဘယ်ရက်မှာတော့ ဘာဖြစ်အောင်လုပ်မယ်ဆိုတဲ့ရည်မှန်းချက်ရေးထားတဲ့အခါ သင့်အာရုံထဲမှာ အဲဒီ့အကြောင့်အရာက မှတ်မှတ်ရရဖြစ်စေပါတယ်။ သင့်အာရုံထဲစွဲနေခြင်းက သင့်ကို အချိန်တိုင်း ကြိုးစားဖြစ်ဖို့တိုက်တွန်းမှုတစ်ခုဖြစ်စေပါတယ်။ အဲဒါကြောင့် သင်မှန်းထားတာထက် မနည်းသော ရလဒ်တခုတော့ ပြန်ရလာနိုင်ပါတယ်။

၈) comfort zone ထဲက ရုန်းထွက်ပါ။
သိတဲ့အတိုင်း comfort zone ထဲမှာပဲ သာယာနေလို့ကတော့ သင့်ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့က ဝေလာဝေးပါပဲနော်။ အဲဒီ့တော့ comfort zone ထဲက ရုန်းထွက်ပါ။

၉) တစ်စုံတစ်ယောက်ကို စိန်ခေါ်ပါ။
စိန်ခေါ်ခြင်းက မခံချင်စိတ်ကိုဖြစ်စေပြီး အနိုင်ယူချင်စိတ်ဖြစ်ပေါ်စေတဲ့အတွက် သင်ကြိုးစားဖြစ်လာပါလိမ့်မယ်။ တရားမျှတစွာစိန်ခေါ်ပြီး ဖြစ်မြောက်အောင် ကြိုးစားခြင်းကြောင့် သင့်အရည်အသွေးတစ်ခုမဟုတ်တစ်ခုတော့ တိုးတက်လာစေတာပါပဲ၊

၁၀) သင့်ကိုစိတ်ဓာတ်ခွန်အားဖြစ်စေတဲ့လူတွေဆီက သင်ယူပါ။
သင်အားကျတဲ့လူ၊ သင်စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့လူတွေက ဘဝကိုဘယ်လိုဖြတ်သန်းနေသလဲ၊ သူတို့ရဲ့ စွမ်းရည်တွေကို တိုးတက်အောင် သူတို့ဘယ်လိုများ ကြိုးစားအားထုတ်ကြသလဲ စသဖြင့် လေ့လာသင်ယူသင့်ပါတယ်။

၁၁) မကောင်းတဲ့အကျင့်ဆိုးတွေကို ပြုပြင်ပါ။
အကျင့်ဆိုးတွေက သင့်တိုးတက်မှုအတွက် အဓိက အနှောင့်အယှက်တွေပါပဲ။ သင့်အကျင့်ဆိုးတွေကို ပြုပြင်ခြင်းက သင့်ကိုယ်ရည်ကိုယ်သွေးတိုးတက်မှုအတွက် မဖြစ်မနေုပြုလုပ်သင့်တာပါ။

၁၂) မကောင်းတဲ့လူတွေကို ရှောင်ကျဉ်ပါ။
မကောင်းတဲ့လူဆိုတာ သင့်ဘဝကို အနှောင့်အယှက်ဖြစ်စေတဲ့သူ၊ အကောင်းမမြင်တတ်သူ၊ ကောင်းတဲ့တိုးတက်မယ့်အလုပ်၊ အကြောင်းအရာမျိုးကို အားမပေးဘဲ အပြစ်တင်တတ်သူ၊ ဘေးထိုင်ဘုပြောနေတဲ့သူမျိုး၊ အပျော်အပါးမက်အောင် ဆွဲဆောင်တဲ့လူမျိုး၊ မူးယစ်ဆေးဝါးသုံးစွဲသူ စတဲ့သူတွေမှန်သမျှကို ရှောင်သင့်ပါတယ်။ အဲဒီ့လူတွေက သင့်ဘဝရဲ့အချိန်တွေကို မသိမသာခိုးယူသွားပြီး သင့်ဘဝထဲကို အကျင့်ဆိုးတွေ ထည့်ပေးမယ့်သူတွေဖြစ်ပါတယ်။ အဲဒါကြောင့် သင့်ဘဝလည်း တိုးတက်နိုင်မှာမဟုတ်ပါဘူး။

၁၃) သင်ကြောက်တဲ့အရာတွေကို ရင်ဆိုင်ပါ။
သင့်ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့ လုပ်ကိုလုပ်သင့်တဲ့အရာတွေ၊ အကျင့်တွေ၊ စွမ်းရည်တွေကို ကြောက်နေတယ်ဆိုရင် မဖြစ်ပါဘူး။ ပျင်းနေလို့လည်း မဖြစ်ပါဘူး။ ရဲရဲကို ရင်ဆိုင်မှဖြစ်မှာပါနော်။

၁၄) တရားထိုင်ပါ။ ဘာသာရေးလုပ်ပါ။
ဘာသာရေးက သင့်ကိုစိတ်ပြေလျော့စေသလို၊ သင့်ကိုအထိန်းအကွပ်လိုဖြစ်စေပါတယ်။ သင့်နာကျင်မှုတွေကိုကုစားနိုင်သလို သင့်အတွက် စိတ်ထားတတ်စေပါတယ်။

၁၅) လူတွေဆီကသင်ယူပါ။
လူတွေဆီက သင်ယူခိုင်းတယ်ဆိုတာက မကောင်းတဲ့လူတွေဆီကနေလည်း သံဝေဂရစရတွေသင်ယူပါ၊ ပြုပြင်သင့်တာတွေ သင်ယူပါ။ ကောင်းတဲ့လူတွေဆီကနေလည်း ကောင်းတဲ့အကျင့်စရိုက်တွေ၊ ကိုယ့်အရည်အသွေးတိုးတက်လာဖို့ သင်ယူသင့်တာသင်ယူပါ။
အထက်က အချက်တွေကို တကယ်လက်တွေ့လိုက်နာကျင့်ရင် သင့်ကိုယ်ရည်ကိုယ်သွေးတိုးတက်မှုအတွက် အမှန်တကယ်အထောက်အကူဖြစ်စေပါလိမ့်မယ်။ ကိုယ်ရယ်ကိုယ်သွေးတိုးတက်အောင်ကြိုးစားသူက ဘဝကို တိုးတက်အောင်ကြိုးစားနေတာနဲ့အတူတူပါပဲ။ ချက်ချင်းကြီး အောင်မြင်နိုင်တာမျိုးကတော့ ဘယ်နေရာမှာမှမရှိနိုင်ပါဘူး။ စိတ်ရှည်စွာ တကယ်လက်တွေ့ကြိုးစားသူအတွက်ကတော့ ဘဝဆိုတာ ရှုံးနိမ့်မှုတွေကြားထဲက အောင်မြင်မှုကိုတော့ ရနိုင်မှာ အသေအချာပါပဲ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။