ကိုယ်ပေါင်းစိတ်ခွာသာ ဆက်ဆံသင့်တဲ့လူ (၄) မျိူး

လက်တွေ့ဘဝမှာ လူအချို့ကို မပေါင်းသင်းသင့်မှန်းသိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မျက်နှာမပျက်စေဘဲ ပေါင်းသင်းနေရတာမျိုးလည်း ရှိမှာပါ။ အဲဒီလိုလူမျိုးတွေကိုတော့ ထဲထဲဝင်ဝင်မပေါင်းသင့်ပေမယ့် ကိုယ့်ရဲ့အချို့သောအကြောင်းတရားတွေကြောင့်ပေါင်းသင်းမယ်ဆိုရင် ကိုယ်ပေါင်းပေမယ့် စိတ်ကိုခပ်ခွာခွာ၊ သူတို့အပြုအမူအပြောအဆိုကို မျက်လုံးမှိတ်မယုံဘဲ ပြန်လည်ဆန်းစစ်ကြည့်သင့်ပါတယ်။ အဲဒီလိုလူမျိုးတွေကတော့.


၁) ရှေ့တမျိုး ကွယ်ရာတမျိုးပြောတတ်သူ
အဲဒီလိုလူက သိသာပါတယ်။ ဘာလို့လဲဆိုတော့ သင်နဲ့သူတွေ့နေချိန်မှာ သင့်ရှေ့ကထွက်သွားတဲ့လူတစ်ယောက်အကြောင်းကို သင့်ကိုသူပြောပါလိမ့်မယ်။ အကယ်၍များ သင်ထွက်သွားပြီဆိုရင်လည်း သင့်နောက်ကရောက်လာတဲ့သူကို သင့်အကြောင်းပြောမှာအသေအချာပါပဲ။ အဲဒီလိုလုပ်တတ်တဲ့လူမျိုးကိုမြင်ရင် သင်မှတ်ထားရမှာက အခုချိန်ကိုယ့်ရှေ့ထွက်သွားတဲ့သူအကြောင်းကို ကိုယ့်ကိုလာပြောတတ်သူဟာ သင့်နောက်ကွယ်မှာလည်း သင့်အကြောင်းကိုပြန်ပြောမယ်ဆိုတာပါပဲ။ အဲဒါကြောင့် အဲဒီလိုလုပ်တတ်တဲ့လူမျိုးကို ပေါင်းသင်းရတဲ့အခါ သင့်ရဲ့အကြောင်းအရာအားလုံးကို အပေါ်ယံသဘောသာ ဆက်ဆံတာအကောင်းဆုံးပါ။ မဟုတ်ရင် သူ့အတွက် သင့်အားနည်းချက်ကိုနင်းကွက်ရသွားနိုင်ပါတယ်။

၂) ဟန်ကိုယ်ဖို့တတ်သူ
ဒီလူတွေကလည်း သိသာပါတယ်။ ချက်ချင်းမသိသာရင်တောင် တချိန်တော့သိသာစေပါတယ်။ တခုခုကို ဟန်ဆောင်ထားမယ်၊ မဟုတ်တာတွေပြောမယ်၊ သူ့ကိုအထင်ကြီးအောင်လျှောက်ပြောတာမျိုးတွေပေါ့။ ဒါတွေက တချိန်ချိန်သင်အမှန်ကိုသိလာနိုင်ပါတယ်။ အဲဒီလိုလူတွေက ဘယ်တော့မှ သင့်ကို သူ့ရဲ့အစစ်အမှန်ကိုမချပြတတ်ပါဘူး။ လေကျယ်တဲ့သူမျိုးပါပဲ။ အဲဒီလိုလူမျိုးကို သင်ကအပြည့်အဝယုံကြည်ပြီး စုံလုံးမှိတ်ယုံကြည်မိရင် သင်ပဲနောင်တရပါလိမ့်မယ်။

၃) ဟန်ဆောင်တတ်သူ
အထက်ကလူနဲ့တူသလိုရှိပေမယ့် မတူပါဘူး။ တခုခု ရဖို့၊ သူ့အကျိုးအတွက် ဟန်ဆောင်တတ်သူမျိုးပါ။ သင့်ယုံကြည်မှုကို သူ့အကျိုးစီးပွားအတွက် အလွဲသုံးစားလုပ်မယ့်သူမျိုးပါ။ သင်ကသနားတတ်ရင် သင့်ရဲ့သနားတတ်တဲ့အားနည်းချက်ကိုသိတာကြောင့် သူ့ကိုသနားအောင်လုပ်ပြီး မျက်ရည်ခြူ အကူအညီတောင်းတတ်တာမျိုးပေါ့။ အဲဒီလိုလူမျိုးကို သင့်ရဲ့အကျိုးစီးပွားအားလုံးပုံပြီး ယုံကြည်လိုက်မိရင် သင်သာ စီးပွားပျက်သွားနိုင်ပါတယ်။

၄) လွယ်လွယ်လိမ်ညာတတ်သူ
ဒီလူလည်း အလားတူပါပဲ။ ပါးစပ်ထဲ တွေ့ရာကို ထင်သလိုလိမ်တတ်တဲ့သူပါ။ ဥပမာ။ ဘာဟင်းနဲ့ထမင်းစားလဲမေးရင်တောင် ဘဲဥဟင်းကို ကြက်သားလို့လိမ်တတ်သူမျိုးပေါ့။ အသေးအဖွဲလေးတွေကိုတောင် ခပ်လွယ်လွယ်လိမ်တတ်သူဟာ အကြီးအကျယ်လိမ်ညာခြင်းကိုလည်း ခပ်လွယ်လွယ်ပဲလုပ်မှာဖြစ်ပါတယ်။ အဲဒီ့လိုလူကို သင်ယုံကြည်မိလို့ သင့်အကြောင်းအားလုံးရင်ဖွင့်မိရင် သူက သင့်ခံစားချက်ကိုတောင်ခုတုံးလုပ်လိမ်ညာပြီး သူ့အကျိုးအတွက်အသုံးချဖို့ လွယ်လွယ်လေးလိမ်ညာအုံးမှာပါ။

ဒီလူတွေက မဖြစ်မနေမို့ပေါင်းသင်းဆက်ဆံနေရရင်တောင် သူတို့လုပ်ရပ်၊ သူတို့စကား၊ သူတို့ကိစ္စအားလုံးကို သင့်အနေနဲ့ အပြည့်အဝမယုံကြည်အပ်တဲ့သူတွေပါ။ အပြစ်ကြီးကြီးမားမားမဟုတ်ဘူးလို့ထင်ရပေမယ့် ပြဿနာကြီးမားတာမျိုးထိလည်း ဖြစ်လာနိုင်ပါတယ်။ သင့်ရဲ့ လျှို့ဝှက်ချက်အားလုံး၊ အားနည်းချက်၊ အားသာချက်အားလုံးကို အစအဆုံးပြောပြသင့်တဲ့၊ အပြည့်အဝယုံကြည်သင့်တဲ့လူမျိုးတွေမဟုတ်ပါဘူးလို့ ဖော်ပြလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။