ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေပေါ်မှာ ပူဆွေးနေခြင်းက မှန်ရဲ့လား

ဒီလောကမှာ ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့ အရာတွေ အများကြီးရှိပါတယ်။ ဥပမာ၊ ကံတရား၊ အချိန်၊ ကိုယ့်ရဲ့အထက် လူကြီး၊ ဆွေမျိုး၊ အသိုင်းအဝန်း၊ ပတ်ဝန်းကျင် စသည်ဖြင့် အများကြီးပါပဲ။ ကိုယ်က သူတို့ကို သွားပြုပြင်ပေးလို့မရတာမျိုးပေါ့။ ဥပမာ။ ကုန်ဈေးနှုန်းတွေတက်လာတာမျိုးကို စိတ်ထိုင်ညစ်နေလို့ အလကားပါပဲ။ အဲလိုပါပဲ…..အကောင်းဘက်ကလှည့်တွေးလိုက်မယ်ဆိုရင် ကိုယ်ထိန်းချုပ်နိုင်တဲ့အရာတွေပေါ်မှာသာ ပိုပြီး အာရုံစိုက်လိုက်ပါ။ အဲဒါက သင့်အတွက်ပိုပြီးကောင်းသလို၊ သင့်ဘဝလည်း ပိုပြီးတိုးတက်လာပါလိမ့်မယ်။


ဒါပေမယ့် လူတော်တေ်ာများများရဲ့ စိတ်ရှု့ပ်ထွေးပူပန်မှုတွေကို သေချာပြန်သုံးသပ်ကြည့်မယ်ဆိုရင် ကိုယ်မထိန်းချုပ်နိုင်တဲ့ကိစ္စရပ်တော်တော်များများမှာသာ ပူဆွေးပြီးအချိန်ကုန်နေတာများပါတယ်။ အထက်မှာပြောခဲ့သလိုပါပဲ။ လောကမှာ မိမိတို့မထိန်းချုပ်နိုင်တဲ့အကြောင်းအရာတော်တော်များများရှိပါတယ်။ အဲလိုအကြောင်းအရာတွေကြောင့် ပူပန်နေခြင်းက သင့်ကိုထိခိုက်စေနိုင်ပါတယ်။
- လက်ရှိလုပ်စရာရှိတဲ့အလုပ်တွေမှာ အာရုံမစိုက်နိုင်တော့တဲ့အတွက် အချိန်ကုန်ခြင်း
- ဘယ်လိုမှ ပြုပြင်ထိန်းချုပ်လို့မရတာတွေအတွက် ပူပန်နေရတဲ့အတွက် လက်ရှိအလုပ်ပါပျက်ခြင်း
- စိတ်ပူပန်နေခြင်းကြောင့် ခေါင်းကိုက်နိုင်ခြင်း၊ လုပ်စရာရှိတာတွေကို အာရုံမစိုက်နိုင်ခြင်း၊
- အိပ်မပျော်နိုင်ခြင်း၊
- စိတ်တိုဒေါသထွက်လွယ်ခြင်း
- မအီမသာဖြစ်ခြင်း
- စိတ်လှုပ်ရှားခြင်း စတဲ့ဆိုးကျိုးတွေဖြစ်နိုင်တာက လွဲပြီး ကောင်းကျိုးတစ်ခုမှမရှိပါဘူး။
အဲဒါကြောင့် ကိုယ်စိတ်ကိုယ်ထိန်းပါ။ ကိုယ်ပူပန်နေတဲ့ကိစ္စတွေက ကိုယ်ထိန်းချုပ်လို့ရတာမျိုးဆိုချက်ချင်း ပြုပြင်ပြောင်းလဲပစ်လိုက်ပါ၊ အချိန်ဆွဲမနေပါနဲ့။
တကယ်လို့များ ကိုယ်မထိန်းချုပ်နိုင်တဲ့ကိစ္စဖြစ်နေရင် ထိုကိစ္စအပေါ်မှာ ကိုယ်ထိန်းချုပ်နိုင်တာကဘာဖြစ်မလဲ…..ဆိုပြီး ပြန်တွေးပါ။ အဲဒီ့က ရလာတဲ့အဖြေပေါ်မှာ ကိုယ့်ကိုကိုယ်ပြန်ထိန်းချုပ်ပါ။ ဥပမာ။ သင့်မိဘများ အိမ်ထောင်ရေးအဆင်မပြေဖြစ်နေတယ်ဆိုပါတော့။ သူတို့ကြောင့် သင်စိတ်ထိခိုက်ရတာအမှန်ပါ။ ဒါပေမယ့် သူတို့က ရှေ့ဆက်လက်တွဲလို့အဆင်မပြေတော့တာကို သင်က လက်တွဲပါလို့ ပြောလို့မရပါဘူး။ အဲဒီ့တော့ သင့်စိတ်ပူဆွေးမယ်၊ ဝမ်းနည်းမယ်၊ ဒါပေမယ့် တစ်ဖက်နည်းလမ်းကနေ ကိုယ်မှဒီကိစ္စကိုမထိန်းချုပ်နိုင်တာ….ကိုယ်ထိန်းချုပ်နိုင်တာကဘာဖြစ်မလဲပြန်တွေးပါ။ အဲဒီ့တော့ သင်လုပ်နိုင်တာက တစ်နည်းပဲရှိမယ်။ သင့်မိဘနှစ်ယောက်လုံးကို တစ်ယောက်တစ်လှည့်စီ သင်သွားတွေ့နိုင်မယ်၊ သူတို့နှစ်ယောက်လုံးကို သင်ချစ်နေနိုင်တယ်။ သူတို့နှစ်ယောက်လုံးပျော်ရွှင်တယ်ဆိုပြီးတာပဲပေါ့။ အဲဒါက သင်ထိန်းချုပ်နိုင်တဲ့ကိစ္စပါပဲ။
ဥပမာ။ သင့်အလုပ်မှာ သင့်အထက်လူကြီးက အရမ်းဆိုးတယ်ဆိုပါတော့။ အရမ်းအပြစ်ရှာတတ်တယ်ဆိုပါတော့……သူအပြစ်ရှာတိုင်း သင်စိတ်ညစ်မယ်၊ အဲဒါဆို သင်စိတ်ညစ်နေလို့တောင်ပြီးမှာမဟုတ်တော့ဘူးလေ။ သင်လုပ်နိုင်တာက အပြစ်ရှာမရအောင် ကြိုးစားဖို့ပါပဲ။ အဲဒါက သင်ထိန်းချုပ်နိုင်တဲ့ကိစ္စမဟုတ်လား။ အဲလိုအပြစ်မရှိအောင် ကြိုးစားနေထိုင်ရင်းနဲ့ သင်တောင် အလုပ်ခွင်မှာ သင်ကျွမ်းကျင်လာမှာပေါ့။
အဲဒါကြောင့် အမြဲတမ်း ကိုယ်မထိန်းချုပ်နိုင်တဲ့ကိစ္စတွေကြောင့် စိတ်ပူပန်နေမိပြီဆိုရင် ထိုကိစ္စအပေါ်မှာ “ ငါထိန်းချုပ်နိုင်တာက ဘာဖြစ်မလဲ….” ဆိုပြီး ပြန်တွေးပါ။ ထိုအတွေးပေါ်မှာ ကိုယ့်ကိုကိုယ်ပြုပြင်လိုက်ပါ။ သင့်ဘဝတိုးတက်လာပါလိမ့်မယ်။ ကိုယ်မထိန်းချုပ်နိုင်တဲ့ကိစ္စတွေကို ပြုပြင်ဖို့ မကြိုးစားနေပါနဲ့၊ သင့်ကိုသင်သာ ပြုပြင်လိုက်ပါ။
အားလုံးပဲ မထိန်းချုပ်နိုင်တဲ့ကိစ္စရပ်တွေအပေါ်မှာ စိတ်ပူပန်ခြင်းကင်းဝေးနိုင်ကြပါစေ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။