ကိုယ်ကျင့်တရားကိုတန်ဖိုးထားပါ။

တကယ်တော့ လူ့ဘဝဆိုတာ တန်ဖိုးရှိလှပါတယ်။ လူဖြစ်နေလို့သာ သနားသင့်တာ၊ ညှာတာသင့်တာ၊ ဖေးမသင့်တာ၊ ကူညီသင့်တာ၊ မုဒိတာပွားသင့်တာ၊ ကျေးဇူးပြုသင့်တာ စသဖြင့် အမျိုးမျိုးသော လူ့ကျင့်ဝတ်တွေကို နားလည်နိုင်တာပါ။ လူဖြစ်နေလို့သာ အမှန်ရယ်၊ အမှားရယ်လို့ခွဲခြားနားလည်နိုင်တာမဟုတ်ဘူးလား၊ လုပ်သင့်တယ်၊ မလုပ်သင့်ဘူးရယ်လို့ နားလည်နိုင်တာမဟုတ်ဘူးလား၊ အရှက်ရယ်၊ အကြောက်ရယ်လို့ နားလည်နိုင်တာမဟုတ်ဘူးလား။ စောင့်ထိန်းသင့်တာကို နားလည်တာမဟုတ်ဘူးလား။ ကျင့်သုံးသင့်တာကိုနားလည်တာမဟုတ်ဘူးလား။


လူရယ်လို့ဖြစ်လာပြီး စောင့်ထိန်းသင့်တာမစောင့်ထိန်းနိုင်ခဲ့ရင် ကိုယ့်လိပ်ပြာကိုယ်လုံနိုင်ပါ့မလား။ လူဖြစ်နေတဲ့အတွက်ကြောင့် ကိုယ့်ကျင့်တရားကိုပိုပြီးစောင့်ထိန်းတန်ဖိုးထားသင့်တာပါ။ လူမှန်ရင် အမှန်အမှားကို ခွဲခြားနားလည်နိုင်တဲ့အတွက်ကို အမှားတွေလုပ်ရမှာကို ကြောက်ရပါလိမ့်မယ်။ မမှန်ကန်မလျှော်ကန်တာကိုလုပ်မိမှာကို ရှက်ရပါလိမ့်မယ်။ အရင့်အရင်တုန်းကတော့ ကိုယ်ကျင့်တရားက အဖိုးအတန်ဆုံးအရာအဖြစ် လူတိုင်းသတ်မှတ်ပြီး လူတိုင်းလိုလို ကိုယ်ကျင့်တရားကိုတန်ဖိုးထားထိန်းသိမ်းတတ်ကြပါတယ်။

ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ငွေကို အသက်ရှင်ရပ်တည်မှုထက်ကို လောဘတကြီးလိုချင်တပ်မက်လာတတ်ကြတဲ့အတွက် ကိုယ့်ကျင့်တရားကိုပါ ဖောက်ပြန်မှုတွေအများအပြားဖြစ်လာတာ မြင်နေတွေ့နေရပါတယ်။ ကျွန်တော်တို့ ငယ်စဉ်က လိုချင်တာတွေဝယ်နိုင်ဖို့၊ လိုချင်တာတွေ ရနိုင်ဖို့၊ လုပ်ချင်တာတွေလုပ်ခွင့်ရဖို့၊ ဖြစ်ချင်တာတွေဖြစ်ခွင့်ရဖို့အတွက် ငွေမရှိရင် မဖြစ်ဘူးလို့ ထင်ခဲ့ကြပါတယ်။ ငွေက လူတွေရဲ့နေ့စဉ်ဘ၀ ရှင်သန်ရပ်တည်မှုအတွက် အရေးပါတာမှန်ပါတယ်။ နေ့စဉ်စားဝတ်နေရေးအတွက်၊ ဘဝရဲ့လိုအပ်ချက်တွေအတွက် ငွေကို မရရအောင် ရှာဖွေရင်းနဲ့ တဖြေးဖြေးသာ ဘဝကအချိန်ကုန်သွားရတတ်ကြတာအမှန်ပါပဲ။ ဒါပေမယ့် ရှင်သန်နေရင်း ကိုယ့်ရဲ့ကိုယ်ကျင့်တရားကို တစ်ခါမှမဖောက်ဖျက်မိအောင် မှန်ကန်စွာကျင့်သုံးနေထိုင်နိုင်သူက မိမိကိုယ့်ကိုကိုယ်လေးစားမှု၊ အထင်ကြီးမှု၊ ကိုယ့်ကိုကိုယ်ချစ်ခင်မှုတွေရှိနေတဲ့အတွက် ထိုလူရဲ့ဘဝက နေပျော်စရာဖြစ်နေတတ်ပါတယ်။
အသက်ရှင်နေထိုင်မှု၊ စားဝတ်နေရေးအတွက် ငွေနောက်ကိုသာ လိုက်ရင်းရှင်သန်ကြရတာမှန်ပေမယ့် လူတစ်ယောက်ရဲ့တန်ဖိုးကိုတော့ ငွေနဲ့မလဲနိုင်ပါဘူး။ မဟုတ်ပါဘူး…..လူတစ်ယောက်ရဲ့တန်ဖိုးကို ငွေနဲ့သတ်မှတ်ပြီး တန်ဖိုးဖြတ်နိုင်ပါတယ်လို့တွေးမယ်ဆိုရင် မိမိကိုယ်ကိုကော….ငွေဘယ်လောက်နဲ့တန်ဖိုးဖြတ်နိုင်မယ်ထင်ပါသလဲလို့ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်လိုက်ပါ။ လူတိုင်းက ငွေနဲ့အရာအားလုံးကို ဆုံးဖြတ်တယ်လို့ အလွယ်ပြောတတ်ကြမယ်ဆိုရင် တကယ်တမ်း ကိုယ့်ကိုကိုယ်ကော ငွေနဲ့တန်ဖိုးဖြတ်နိုင်ရဲ့လားလို့ ပြန်မေးကြည့်သင့်ပါတယ်။ မဖြတ်နိုင်ပါဘူးနော်။ တကယ်တော့လူတစ်ယောက်ကို ငွေနဲ့လုံးဝတန်ဖိုးမဖြတ်နိုင်ပါဘူး။ လူတစ်ယောက်ရဲ့ စားဝတ်နေရေးအတွက်သာ ငွေကိုလိုအပ်တာဖြစ်ပါတယ်။ ငွေက လူတစ်ယောက်ရှင်သန်ရပ်တည်ဖို့ လိုအပ်တဲ့အရာတွေထဲက တစ်ခုသာဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာက ထိုလူရဲ့ကိုယ်ကျင့်တရားပဲဖြစ်ပါတယ်။ ဘာဖြစ်လို့ အဲဒီလိုသတ်မှတ်နိုင်ပါသလဲဆိုရင် ငွေအရမ်းချမ်းသာနေပေမယ့် လစ်ရင်လစ်သလို၊ ခိုးတတ်ဝှက်တတ်တဲ့လူတစ်ယောက်ကို သင့်မိတ်ဆွေအဖြစ် စိတ်အေးလက်အေးနဲ့ပေါင်းသင်းနိုင်ပါ့မလား။ ဒါမှမဟုတ် အိမ်ထောင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မိန်းမအရမ်းရှု့ပ်တတ်တဲ့လူတစ်ယောက်ကို မိတ်ဆွေတစ်ယောက်အဖြစ် သင်ပေါင်းသင်းနိုင်ပါ့မလား ဒါမှမဟုတ် သင့်ရှေ့မှာသင့်ကိုတစ်မျိုး၊ သင့်နောက်ကွယ်ရောက်သွားတဲ့အခါ အခြားလူကိုတစ်မျိုးနဲ့ခပ်လွယ်လွယ် လိမ်ညာကလိမ်ကျတတ်တဲ့လူမျိုးကိုကော သင့်ရဲ့မိတ်ဆွေအဖြစ် သင်စိတ်အေးလက်အေး စိတ်ချယုံကြည်စွာ လက်ခံပေါင်းသင်းနိုင်ပါ့မလား။ အဲဒီ့သဘောတရားပါပဲ။ ငွေကအရေးအကြီးဆုံးဆိုရင် အစစအရာရာမှာ အကျင့်တစက်မှမကောင်းဘူးလို့သတ်မှတ်နိင်တဲ့လူကို သင်ဘာကြောင့်များ တန်ဖိုးရှိတဲ့လူတစ်ယောက်အဖြစ် မသတ်မှတ်နိုင်ရတာပါလဲ။ ကိုယ့်ကျင့်တရားဖောက်ဖျက်လွယ်တဲ့လူတစ်ယောက်ကို အနီးကပ် စိတ်ချယုံကြည်စွာပေါင်းသင်းမိတဲ့အခါ ထိုလူက သင့်ကိုပြန်ပြီး ဒုက္ခပေးနိုင်တဲ့လူတစ်ယောက်အဖြစ် သင်ယုံကြည်နေလို့ပါပဲ။ အဲဒါကြောင့် လူတစ်ယောက် ကိုယ့်ကျင့်တရားလုံးဝမကောင်းတဲ့အခါ ထိုလူကို ဘယ်သူကမှ စိတ်ချယုံကြည်မှုရှိမှာမဟုတ်ပါဘူး။ အဲဒါကြောင့်ကိုယ့်ကျင့်တရားကိုတန်ဖိုးမထားသူဟာ သူကျင်လည်ရာပတ်ဝန်းကျင်ကိုသာမက သူ့မိသားစုအသိုင်းအဝိုင်းအားလုံးကိုလည်း အဆိပ်ခတ်မယ့်သူဖြစ်လာနိုင်ပါသေးတယ်။

“When Wealth is lost, Nothing is lost” ဥစ္စာဓန ဆုံးရှုံးခြင်းက ဘာမှမဆုံးရှုံးပါဘူး ၊ ပစ္စည်းဥစ္စာဆိုတာ အချိန်ရှိသေးသရွေ့၊ အသက်ရှိသေးသရွေ့ပြန်ရှာနိုင်ပါတယ်။ “When Health is Lost, Something is lost” ကျန်းမာရေးဆုံးရှုံးပြီဆိုလျှင် တစ်စုံတစ်ရာဆုံးရှုံးခြင်းပါပဲ။ မကျန်းမာတဲ့အခါ ကိုယ်စိတ်ရှိတိုင်း ကိုယ်မပါနိုင်တော့ပါဘူး။
“When Character is Lost, Everything is Lost” ကိုယ်ကျင့်တရားဆုံးရှုံးပြီဆိုရင်တော့ ကုန်းကောက်စရာမရှိတော့အောင် အရာအားလုံးဆုံးရှုံးသွားခြင်းပါပဲလို့ ရှေးစကားရှိခဲ့ပါတယ်။

အဲဒီလိုပါပဲ ကိုယ်ကျင့်တရားပျက်စီးခြင်းက ထိုလူရဲ့ပျက်စီးခြင်းလို့ပြောနိုင်ပါတယ်။ ဘယ်အရာမဆို မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ကိုယ့်ကောင်းစားဖို့အတွက် အကျင့်အားလုံးကို ဖောက်ဖျက်နိုင်တဲ့လူတစ်ယောက်မှာ ယုံကြည်အားကိုးစရာဘာအချက်များရှိနိုင်ပါ့မလဲ။ ကိုယ်ကျင့်တရားကိုတန်ဖိုးထားသူလို ဟန်ဆောင်ခဲ့ရင်ကော အချိန်တန်ရယူလိုမှုလောဘနဲ့ယှဉ်လာတဲ့အခါ ဟန်ဆောင်မှုက ကွာကျသွားမှာပါပဲ။ အဲဒီ့အတွက် ကိုယ့်ကျင့်တရားမကောင်းတဲ့သူတစ်ယောက်က မိတ်ဆွေခင်ပွန်းကောင်းကိုလည်း ဆုံးရှုံးမယ်၊ ပတ်ဝန်းကျင်ကောင်းကိုလည်း ဆုံးရှုံးမယ်၊ ငွေကြေးကိုလည်းဆုံးရှုံးမယ်၊ ပစ္စည်းဥစ္စာလည်း ဆုံးရှုံးမယ်၊ လူတကာကိုဟန်ဆောင်တတ်တဲ့အတွက်ကြောင့် ကိုယ့်ကျင့်တရားကိုတန်ဖိုးမထားသူရဲ့ပတ်ဝန်းကျင်မှာလည်း အရေးကြုံဒုက္ခရောက်ချိန်မှာ စစ်မှန်စွာကူညီဖေးမမယ့်သူတွေကိုလည်း ဆုံးရှုံးရမှာပါပဲ။ အဲဒါကြောင့်ကိုယ်ကျင့်တရားကိုတန်ဖိုးမထားသူဟာ အရာအားလုံးကိုဆုံးရှုံးသွားပါတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ကိုယ်ကျင့်တရားမကောင်းတဲ့သူတစ်ယောက်က အမှန်ရယ်၊ အမှားရယ်လို့ လူပီသစွာခွဲခြားတော့မှာမဟုတ်သလို၊ လုပ်သင့်တာ မလုပ်သင့်တာရယ်လို့ တွေးတော့မှာလည်း မဟုတ်ပါဘူး။ ကိုယ်သာရဖို့၊ ကိုယ်သာကောင်းစားဖို့၊ ကိုယ်သာအနိုင်ရဖို့ချည်း အတွက် စောင့်ထိန်းသင့်တာမှန်သမျှလည်း ဘာကိုမှစောင့်ထိန်းတော့မှာမဟုတ်ပါဘူး။ ကိုယ့်ကျင့်တရားပျက်ပြားသူချည်းများလာတဲ့ လူ့လောကဖြစ်လာမယ်ဆိုရင် လူ့လောကမှာ လူဖြစ်ရတာ အင်မတန်တန်ဖိုးရှိလှပါ့တယ်လို့များ ပြောနိုင်ပါ့အုံးမလား။
အဲဒါကြောင့် လူ့တန်ဖိုးဟာ ကိုယ်ကျင့်တရားသာဖြစ်ပါတယ်။ ကိုယ်ကျင့်တရားကိုတန်ဖိုးထား စောင့်ထိန်းလိုက်နာကျင့်သုံးသူဟာ ငွေဘယ်လောက်မရှိဆင်းရဲနိမ့်ကျနေပါစေ၊ တန်ဖိုးရှိတဲ့သူဖြစ်ပါတယ်။ လူဖြစ်နေပြီး ကိုယ်ကျင့်တရားစောင့်ထိန်းရမှန်းနားမလည်သူကတော့ လူဖြစ်ပြီး လူဖြစ်ရကျိုးနပ်အောင်မနေတတ်သူပဲဖြစ်ပါတော့တယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။