ကိုယ်ချင်းစာတတ်ပါစေ

ကိုယ်ချင်းစာခြင်းဆိုတာ ဘာလဲလို့ တွေးဖူးကြမယ်ထင်ပါတယ်။ ကိုယ်ချင်းစာစိတ်က လူတိုင်းမှာရှိသင့်ပါတယ်။ ကိုယ်ချင်းစာစိတ်အပြန်အလှန်ထားကြမှာသာလျှင် လူ့လောကကြီးမှာလည်း ဒီထက်ပိုသာယာမှာပါ။ လူတိုင်းက ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက် ကိုယ့်အတ္တအတွက်ပဲကိုယ်ကြည့်နေရင်တော့ လူ့လောကကြီးက ဒီထက်အရုပ်ဆိုးသွားမှာအမှန်ပါပဲ။


ကိုယ်ချင်းစာစိတ်ဆိုတာ …….
ခဏလောက်မြင်ယောင်ကြည့်လိုက်ပါ……အခြားသူတစ်ယောက်က “ငါ့အတွက်….ငါရရင်ပြီးကော၊ ငါ့မိသားစုစားရရင်ပြီးကော” ဆိုပြီး သင့်မိသားစုကို ထိခိုက်အောင်လုပ်သွားခဲ့ရင် သင်ဘယ်လိုခံစားရမလဲ။ အဲဒီ့လိုခံစားချက်ကို ကိုယ်ကလုပ်ခဲ့ရင်ကော သူများဘယ်လိုခံစားရမလဲဆိုတာကို တွေးတတ်တာက ကိုယ်ချင်းစာစိတ်ပါ။ ကိုယ်က သူများကိုနာကျင်အောင်၊ ထိခိုက်အောင်မလုပ်မိခင် အရင်ဆုံးသူများဘက်ကကြိုတွေးပေးတတ်တာက ကိုယ်ချင်းစာစိတ်ပါပဲ။ (ကိုယ်မကြိုက်တဲ့ကိစ္စကို သူများမကြိုက်မှာကို ကြိုတွေးမိနေတာက ကိုယ်ချင်းစာစိတ်ပါ)
ကိုယ်ချင်းစာစိတ်ရှားပါးလာတဲ့အခါ……..
လူ့ရဲ့ပင်ကိုယ်သဘောကိုက အတ္တစိတ်တော့ အနည်းနဲ့အများရှိကြပါတယ်။ ဒါပေမယ့် ရှိသင့်တဲ့အတ္တစိတ်ထက် အတ္တစိတ်တွေများလာတဲ့အခါ ကိုယ်ချင်းစာစိတ်ရှားပါလာတတ်ပါတယ်။ ကိုယ်ချင်းစာစိတ်ရှားလာတဲ့အခါ လူတိုင်းလိုလိုက ကိုယ့်အတွက်နဲ့ သူတစ်ပါးထိခိုက်မှာကို မပူပန်တတ်တော့ပါဘူး။ အဲဒီ့အခါ တစ်ယောက်စကနေ တစ်မြို့၊ တစ်ပြည်လုံး ပျက်စီးဖို့သာရှိပါတော့တယ်။
ကိုယ်ချင်းစာစိတ်ထားတတ်သူတွေများလာတဲ့အခါ
ကိုယ်နာကျင်သလို သူများနာကျင်မှာကို စိုးရိမ်တတ်သူတွေများလာတဲ့အခါ အချင်းချင်းနာကျင်အောင်မလုပ်ဖြစ်ကြတော့ပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရကော စိတ်ပိုင်းဆိုင်ရာအရကောပေါ့။ အပြန်အလှန်ကိုယ်ချင်းစာရကောင်းမှန်းသိလာတော့ လူအချင်းချင်းငဲ့ညှာတတ်လာပါတယ်။ အဲလိုလူတွေများလာတဲ့အခါ လောကကြီးကပိုပြီးနေလို့ကောင်းသွားမှာပါ။ လူ့လောကကြီးက ပိုပြီးသာယာသွားမှာပါ။
အဲဒီ့တော့ လောကကြီးပိုပြီး နေပျော်စရာကောင်းဖို့နဲ့ ပိုပြီးအချင်းချင်းငဲ့ညှာတတ်လာဖို့ ကိုယ်တိုင်ကစပြီး ကိုယ်ချင်းစာတတ်တဲ့စိတ်လေးမွေးမြူသင့်ပါတယ်နော်။ နောင်အနာဂတ်ရဲ့မျိုးဆက်သစ်လေးတွေကိုလည်း ဖေဖေမေမေတို့က အချင်းချင်း ကိုယ်ချင်းစာတတ်လာအောင် သင်ကြားပေးဖို့လိုပါတယ်။ ခုချိန်ကစလို့ အသေးအဖွဲ ကိစ္စလေးတွေက စပြီး သူများစိတ်ထဲဝင်ခံစားပေးကြည့်လိုက်တော့နော်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။