ကလေးတွေမှာ တွေ့ရလေ့ရှိတဲ့ယေဘုယျအပြုအမူပြဿနာများနဲ့ ဖြေရှင်းနည်းများ (၁)

သင့်မှာ အငြင်းသန်ပြီး၊ ခေါင်းမာတတ်တဲ့ကလေးမျိုး ပိုင်ဆိုင်ထားတယ်ဆိုရင် သင်ဘယ်လိုဖြေရှင်းမလဲ။ ထိုအပြုအမူမျိုးက ကလေးတွေမှာ တွေ့ရလေ့ရှိတဲ့ယေဘုယျအပြုအမူပြဿနာမျိုးပဲဖြစ်ပါတယ်။ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အပြုအမူဆိုင်ရာပြဿနာတွေနဲ့ ထိုပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ချို့ကိုသိထားခြင်းက ဖြေရှင်းနိုင်လွယ်စေပါတယ်။ ကလေးတွေမှာ အများအားဖြင့် အတွေ့များတဲ့ အပြုအမူဆိုင်ရာပြဿနာတွေကတော့ လိမ်ညာတတ်ခြင်း၊ ပြန်ပြောခြင်း၊ screen ကြည့်ချိန်များခြင်း၊ အစားအစာစားခြင်းဆိုင်ရာပြဿနာများ၊ မလေးမစားလုပ်ခြင်း၊ အော်ငိုခြင်း၊ ပြောစကားနားမထောင်ခြင်း၊ ကြမ်းတမ်းရိုင်းစိုင်းခြင်း၊ အိပ်စက်ချိန်နဲ့ပတ်သက်ပြီး ခက်ခဲခြင်း စတဲ့ပြဿနာမျိုးတွေရှိနိုင်ပါတယ်။


၁) လိမ်ညာတတ်ခြင်း
ကလေးတွေက လိမ်ညာရတဲ့အကြောင်းရင်း ၃ခုပဲရှိပါတယ်။ မိဘရဲ့ အာရုံစိုက်မှုလိုချင်တာကြောင့်၊ ပြဿနာတွေ၊ အဆူခံရခြင်းမှ ရှောင်နိုင်ရန် နဲ့ သူတို့ကိုယ်သူတို့ပိုပြီးယုံကြည်မှုပိုရှိလာစေရန် ဒါမှမဟုတ် မိဘမှချီးကျူးတာမျိုး ကောင်းတဲ့ခံစားချက်မျိုးဖြစ်ပေါ်စေရန် စတဲ့အချက်တွေကြောင့် လိမ်ညာတတ်ကြပါတယ်။
ထိုအချက်တွေထဲက ဘယ်အချက်ကြောင့် လိမ်ညာတာဖြစ်မလဲလို့ မိဘလုပ်သူက တွေးပြီး ကလေးကို ဂရုစိုက်မှုနဲ့အလေးထားမှု ပြုလုပ်ရပါမယ်၊ ပြန်လည်ဆုံးမပြောပြ၊ သွန်သင်ရပါလိမ့်မယ်။
သင့်ကလေးလိမ်ညာတာကို သင်ကြုံရပြီဆိုပါတော့…. “ ဒါကတကယ်ဖြစ်ပျက်ခဲ့တာလား ဒါမှမဟုတ် သားဖြစ်စေချင်တာလား။ မေမေ့ကို အမှန်အတိုင်းပြောပြရင် မေမေစိတ်မဆိုးဘူး။” စသည်ဖြင့် တကယ်စိတ်မဆိုးကြောင်း သင့်မျက်နှာမှာပေါ်လွင်အောင် ပြောပြပါ။ သင့်ကလေးက အမှန်ကိုထုတ်ပြောတဲ့အခါ သင်ကချီးကျူးပေးပါ။ အထူးသဖြင့် ကလေးအတွက်အမှန်ပြောဖို့ခက်ခဲတဲ့အခြေအနေမျိုးမှာ ကလေးကအမှန်ကိုပြောပြခဲ့ရင် ချီးကျူးပေးဖို့လိုပါတယ်။ ဥပမာ “ကိတ်မုန့်မစားရဘူးလို့မေမေမှာထားပေမယ့် သားကစားလိုက်တယ်လို့အမှန်အတိုင်းဖြေတဲ့အတွက် မေမေကသားကိုမရိုက်ဘူးနော်။ အဲလိုအမှန်အတိုင်းဖြေရဲတာ ရိုးသားတာပဲ။ ဒါပေမယ့် နောက်နေ့လိမ်ပြောရင်တော့ သားတစ်နေ့လုံးဂိမ်းမဆော့ရတော့ဘူး၊ အမှန်အတိုင်းပြောတတ်ရင် မေမေက ဂိမ်းကိုအချိန်နဲ့ပေးဆော့မယ်။ ဟုတ်ပြီလား” ထိုကဲ့သို့ နည်းလမ်းမျိုးနဲ့ ကလေးကို အမှန်ပြောတတ်အောင် ပြန်လည်သင်ပြပေးပါ။
၂) ပြန်ခံပြောခြင်း
သင့်ကလးက သင်ပြောစကားကို လျစ်လျူရှုမယ်၊ ဥပမာ အရုပ်တွေကောက်လိုက်ပါသမီးရေ….ဆိုရင် မသိချင်ယောင်ဆောင်နေတာမျိုး၊ ဟင့်အင်းမကောက်ချင်ဘူး….လို့ပြန်ပြောတာမျိုးလုပ်လေ့ရှိတယ်ဆိုပါတော့။ အဲဒါက သင့်အတွက်လက်ခံရခက်ခဲတာမှန်ပေမယ့် အဲလိုမျိုး တုံ့ပြန်တတ်ခြင်းက ကလေးတွေအတွက်တော့ ပုံမှန်အပြုအမူပဲဖြစ်ပါတယ်။ အဲလိုပြုမူတယ်ဆိုရင် သင့်ကလေးကို တစ်ဦးတည်းခေါ်တွေ့ပါ။ “အခု သမီးရဲ့အရုပ်တွေကို သမီးမကောက်ဘူးဆိုရင် ဒီနေ့ သမီးကြိုက်တဲ့ကာတွန်းကား တီဗွီမှာလာရင် မေမေကြည့်ခွင့်မပေးနိုင်ဘူးနော်” ထိုကဲ့သို့ ကလေးကြိုက်တဲ့အရာတစ်ခုခုနဲ့ ပြောပြကြည့်ပါ။
တကယ်လို့များ သင်ထိုကဲ့သို့ သတိပေးတာကို ကလေးက မလိုက်နာခဲ့ရင် သင်သတိပေးထားတဲ့အတိုင်းအပြစ်ပေးပါ။ အဲဒါကို ကလေးကမှတ်ထားပါလိမ့်မယ်။ အဲဒါမှနောက်တစ်ခါ သင်တခုခု လုပ်ခိုင်းတာမျိုးကြုံတဲ့အခါ ချက်ချင်းသူလုပ်ဖို့ သတိထားလာပါလိမ့်မယ်။
၃) screen time အကြည့်များခြင်း
အခြားနောက်ထပ်ပြဿနာတစ်ခုကတော့ ဒီနေ့ခေတ်ရဲ့ပြဿနာဖြစ်တဲ့ screen time များခြင်းပဲဖြစ်ပါတယ်။ လူကြီးတွေတောင် ဒီပစ္စည်းရဲ့လွှမ်းမိုးမှုကို ဒဏ်ကိုခံနေရတဲ့အချိန်မှာ ကလေးတွေကလည်း အတုမြင်အတတ်သင်တာ မဆန်းပါဘူးနော်။ သင့်ကလေးကို တီဗွီပိတ်ဖို့ပြောလိုက်သော်လည်း၊ ဂိမ်းဆော့နေတာကို ရပ်ခိုင်းလိုက်သော်လည်း မဖြစ်နိုင်ပါဘူးနော်။ screen time အကြည့်များခြင်းက ကျန်းမာရေးနဲ့မညီညွှတ်နိုင်ပါဘူး။ အဲဒါကြောင့် screen time ကို အချိန်ကန့်သတ်ပြီး ခွင့်ပြုပေးသင့်ပါတယ်။ သင်သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ screen ကြည့်ဖို့ လိုက်နာခိုင်းပါ။ သင်သတ်မှတ်ထားတဲ့အချိန်ပြည့်တာနဲ့ သိမ်းပါ။ စည်းကမ်းဖောက်ဖျက်တဲ့အခါ တစ်နေ့လုံးမသုံးခိုင်းတာမျိုးလုပ်ပါ။ အိမ်မှာရှိတဲ့လူတွေအကုန်လည်း digital detox လုပ်တဲ့သဘောနဲ့ အချိန်နဲ့သာ screen time ကိုကန့်သတ်သုံးပါ။
၄) အစားအစာဆိုင်ရာပြဿနာများ
သင့်ကလေးကို အစားအစာနဲ့ပတ်သက်တဲ့ကျန်းမာရေးကိုသိအောင် ကူညီပြောပြပေးပါ။ အစားအာက သင့်ကလေးရဲ့ခန္ဓာကိုယ်အတွက် လောင်စာဆီကဲ့သို့ဖြစ်စေပါတယ်။
အစားစားချင်စိတ်မရှိတာမျိုး၊ ဟင်းသီးဟင်းရွက်ဆိုမစားချင်တာမျိုး၊ အစာ စားနည်းတာမျိုးဆိုရင် ဥပမာ “ဟင်းသီးဟင်းရွက်စားရင် ကျန်းမာတယ်” လို့ပြောမယ့်အစား “ အစိမ်းရောင်အရွက်တွေက သားရဲ့ခန္ဓာကို်ယ်ထဲမှာ အားကောင်းတဲ့အကောင်လေးတွေဖြစ်သွားတယ်။ အပြင်ကနေ မကောင်းတဲ့ရောဂါပိုးတွေဝင်လာတဲ့အခါ အစိမ်းရောင်အရွက်တွေစားထားတဲ့သားကိုယ်ထဲက ကောင်းတဲ့အကောင်လေးတွေက အဲဒီ့လူဆိုးကောင်လေးတွေကို ပြန်ပြီး ချပစ်လိုက်တာပေါ့။ အဲလိုမဟုတ်ဘဲ သားက အရွက်တွေမစားရင် လူဆိုးကောင်လေးတွေက သားကိုယ်ထဲမှာ လျှောက်သွားပြီး သားကိုနာအောင်လုပ်နိုင်တယ်” ဆိုတာမျိုးနဲ့ ကလေးစိတ်ဝင်စားအောင်ပြောပေးပါ။
၅) မလေးစားတဲ့အပြုအမူမျိုး ပြခြင်း
လူကြီးကို နာမည်ခေါ်တာ၊ ပစ္စည်းတွေလွှင့်ပစ်တာ စတာတွေက မလေးစားတဲ့အပြုအမူတွေပါပဲ။ ကလေးမှာ အဲဒါမျိုး ပြဿနာတွေ့ရပြီဆိုရင် မပြုပြင်ရင် ပိုဆိုးလာနိုင်ပါတယ်။
သင့်ကလေးက သင့်ထံက အာရုံစိုက်မှုကို လိုချင်လို့ ထိုကဲ့သို့ပြုမူတယ်ဆိုရင်တော့ မသိချင်ယောင်ဆောင်နေတာအကောင်းဆုံးပါပဲ။ သင်ဘက်က သူအဲလိုအပြုအမူတွေလုပ်နေတာကို မသိချင်ယောင်ဆောင်နေခြင်း၊ ထူးဆန်းတဲ့အမူအယာမပြခြင်းလုပ်တဲ့အခါမှသာ သူရပ်တန့်သွားမှာဖြစ်ပါတယ် ။ ကလေးစိတ်ပြေသွားပြီဆိုမှသာ သင်ကကလေးကို ဖက်လှဲတကင်းအပြုအမူပြပါ။ အဲလိုမဟုတ်ဘဲ သူက ပစ္စည်းတွေကို ပစ်ပေါက်တာနဲ့ သင်က ချက်ချင်းသူ့ကို တခုခုတုံ့ပြန်လိုက်မယ်ဆိုရင် သူ့ရည်ရွယ်ချက်အထမြောက်သွားတာပါပဲ။ အဓိကက သင်က သူ့ကိုလျစ်လျူရှုထားတယ်လို့ထင်တဲ့အတွက်ကြောင့် သင်သူ့ကိုဂရုတစိုက်ရှိလာအောင် မသင့်တော်တာတခုခုကို ထလုပ်လိုက်ခြင်းပဲဖြစ်ပါတယ်။ သင့်ဘက်က သတိထားရမှာက ကလေးက အဲလိုအပြုအမူမျိုးတွေ လုပ်ပြနေတယ်ဆိုရင်တော့ သင့်ကလေးကိုသင် နွေးထွေးစွာဆက်ဆံပြီး ချစ်ကြောင်း၊ ဂရုစိုက်ကြောင်း၊ အလေးပေးကြောင်း ပြောပြပေးသင့်၊ ဂရုစိုက်ပေးသင့်ပါတယ်နော်။
ကလေးတွေရဲ့ အပြုအမူပြဿနာတွေက ကလေးတွေကိုယ့်ကိုကိုယ်ထိန်းချုပ်တတ်လာစေဖို့ သင်ပြပေးဖို့ အချိန်ကျပြီလို့ ပြောပြနေတာဖြစ်ပါတယ်။ ကလေးက ထိုအပြုအမူတွေပြုလုပ်တဲ့အခါ သင်ကစိတ်လိုက်မာန်ပါ ရိုက်နှက်ဆုံးမမယ့်အစား “ဒါက ကလေးရဲ့ပုံမှန်ဖွံ့ဖြိုးမှု ပြဿနာလေးတွေပဲဖြစ်တယ်” လို့ သင့်စိတ်ထဲမှာမှတ်ယူထားပါ။ ကလေးငယ်ဘဝက ပြောတဲ့အသုံးအနှုန်းစကားတွေက ကလေးရဲ့အသက် ၈နှစ်လောက်မှာစပြီး ပြောင်းလဲလာပါတယ်။
ဒါပေမယ့် သင့်ကလေးရဲ့အပြုအမူတွေက တိုးတက်မလာဘူး၊ သင့်ရဲ့စည်းကမ်းတွေက ထိုယေဘူယျပြဿနာတွေအပေါ်သက်ရောက်မှုမရှိဘူး၊ ကလေးရဲ့အပြုအမူတွေက ကလေးရဲ့ပညာရေးကိုပါအနှောင့်အယှက်ဖြစ်စေတယ်ဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်ကိုတိုင်ပင်သင့်ပါတယ်။
https://www.verywellfamily.com/common-child-behavior-problems-and-their-solutions-1094944

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။