ကလေးတွေကို လူတော်ဖြစ်ဖို့သင်ပေးသလို၊ လူကောင်းဖြစ်ဖို့လည်း သင်ပေးပါ။

ကိုယ်တွေငယ်ငယ်ကတည်းက ကြားဖူးခဲ့ပြီး ဘယ်တော့မဆို ပြောတတ်တဲ့စကားက “လူတော်လူကောင်း” ပါပဲ။ “လူကောင်းလူတော်” ရယ်လို့မရှိပါဘူး။ ဒါပေမယ့် ကိုယ်တိုင် အသက်အရွယ်တစ်ခုကို ရောက်လာတဲ့အခါမှာတော့ တော်တဲ့လူတိုင်းဟာ လူကောင်းမဖြစ်ကြဘူးဆိုတာ သိလာခဲ့ပါတယ်။ အဲဒီ့မှာ “လူတော်လူကောင်း” ဆိုတဲ့စကားကို ပြန်သုံးသပ်မိလာတာပါပဲ။ လူ့ဘဝမှာ ကျင်လည်ကြတဲ့အခါ တော်တဲ့လူကအရေးကြီးသလား၊ ကောင်းတဲ့လူက အရေးပိုကြီးသလားဆိုတာ ကိုယ်တိုင်အတွက်စဥ်းစားစရာဖြစ်လာခဲ့ပါတယ်။


ကိုယ်တွေငယ်ငယ်ကတည်းက မိဘအဖိုးအဖွားလူကြီးသူမတွေဆုံးမစကားကြားဖူးနေကျမှာ “တော်အောင်လုပ်....တော်မှ လူရာဝင်မှာ” ရယ်လို့မဟုတ်လား။ တကယ်တမ်းကျတော့ တော်တဲ့လူတစ်ယောက်ဟာ လူကောင်းတစ်ယောက်မှာရှိတဲ့ ရိုးသားခြင်း၊ မှန်ကန်ခြင်း၊ ဘက်မလိုက်ခြင်း၊ စိတ်ကောင်းရှိခြင်း၊ လူသားချင်းစာနာတတ်ခြင်း စတဲ့ဂုဏ်ပုဒ်တွေအများကြီးကို ပိုင်ဆိုင်ချင်မှပိုင်ဆိုင်မှာဖြစ်သလို၊ သူ့ရဲ့ပင်ကိုယ်အသိမှာကိုက အဲဒီ့စိတ်ထားတွေ ကိန်းအောင်းချင်မှ ကိန်းအောင်းနေမှာဖြစ်ပါတယ်။ အဲဒါကြောင့်သာ လူတော်တိုင်းဟာ လူကောင်းမဖြစ်ကြပြန်ပါဘူး။ ဥပမာအားဖြင့် ဟစ်တလာဆိုရင် အရမ်း‌တော်တဲ့လူတစ်ယောက်ဖြစ်ပေမယ့် လူကောင်းတစ်ယောက်အဖြစ်သတ်မှတ်လို့မရပါဘူး။ အဲဒီ့သဘောတရားပါပဲ။ အခုကာလလတ်တလောဖြစ်ပျက်နေတာနဲ့ယှဥ်ကြည့်မယ်ဆိုရင်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တော်တဲ့လူတစ်ယောက်ပါ။ သို့ပေမယ့် အခုနောက်တက်မယ့်သမ္မတကို နေရာပေးချင်တာမျိုးမဖြစ်ဘဲ ပဋိပက္ခတွေဖြစ်နေတာကိုကြည့်ရင် လူကောင်းတစ်ယောက်အဖြစ်သတ်မှတ်မလားဆိုတာပါပဲ။ တနည်းအားဖြင့်တော့ လူတော်တစ်ယောက်ဖြစ်ခြင်းဟာ IQ နဲ့ပတ်သက်နေတာဖြစ်ပြီး EQ ပိုင်းမှာ ပြည့်ဝချင်မှပြည့်ဝနိုင်မှာပါ။ လူကောင်းတစ်ယောက်ဖြစ်ခြင်းဟာလည်း IQ ကောင်းချင်မှကောင်းမှဖြစ်ပေမယ့် EQ ပြည့်ဝခြင်းနဲ့ဆက်စပ်နေပါတယ်လို့ ထင်ပါတယ်။
ကိုယ်တိုင်မိဘနေရာရောက်လာတဲ့အခါမှာ ကိုယ့်ရဲ့ကလေးကို သူများထက် ဥာဏ်ရည်ပိုင်း၊ ခန္ဓာကိုယ်သန်စွမ်းမှုအပိုင်း စသဖြင့်မှာ နောက်ကောက်ကျတာမျိုး မဖြစ်စေချင်မိတော့တာ မိဘမေတ္တာပါပဲ။ ဒါပေမယ့် ကိုယ့်ဘဝတစ်လျှောက်လုံး ဖြတ်သန်းလာခဲ့တဲ့အခါမှာ ရင်ဆိုင်ကြုံတွေ့ခဲ့ရသလောက် တော်ပေမယ့် မကောင်းတဲ့လူအချို့ထဲမှာတော့ ကိုယ့်ကလေးကိုလည်း မပါစေချင်တဲ့စိတ်ဖြစ်လာမိပါတယ်။ ဘာကြောင့်လဲဆိုရင် အရမ်းတော်ပေမယ့် မကောင်းတဲ့လူတစ်ယောက်ဟာ အတ္တအရမ်းကြီးပြီး တစ်ကိုယ်ကောင်းဆန်ကာ အများအတွက်ထည့်မစဥ်းစားဘဲ ကိုယ့်အတွက်ချည်းသာ ကိုယ်ကြည့်တတ်တဲ့လူဖြစ်လာနိုင်တဲ့အတွက်ပါပဲ။ အဲဒီ့အခါ ကိုယ်ကောင်းစားဖို့အတွက်နဲ့ အများကိုထိခိုက်နစ်နာအောင်လုပ်ဖို့ဝန်မလေးတော့ဘူး။ ကိုယ့်တိုးတက်မှုအတွက် သူများကိုချနင်းဖို့ ဝန်မ‌လေးတော့ဘူး၊ ကိုယ့်အတွက် အခြားဘယ်သူ့ကိုမဆို ထိခိုက်နစ်နာအောင်လုပ်ဖို့ ဝန်မလေးတဲ့အစွန်းရောက်သမားတွေဖြစ်လာနိုင်ပါတယ်။

အွန်လိုင်းမှာနာမည်ကြီးသွားသေးတဲ့ အင်တာဗျူးတစ်ခုမှာဆိုရင် “လူကောင်းဖြစ်အောင်မသင်ဘဲ လူတော်ဖြစ်အောင်ပဲသင်တယ်” ဆိုတဲ့စကားကို နားထောင်မိလိုက်ကြမှာပါ။ အဲဒါတကယ်မှန်ပါတယ်။ မိဘတိုင်းက ကိုယ့်သားသမီးကို တော်စေချင်တယ်၊ သူများထက် သာစေချင်တဲ့အတွက် လူတော်ဖြစ်အောင် ကြိုးစားရမယ်လို့ ကျွန်မတို့ငယ်ငယ်ကတည်းက ဆုံးမတတ်ကြပါတယ်။ ဒါပေမယ့် အချို့က ကောင်းအောင်နေဖို့ပါ သွန်သင်ရမှာကို မေ့နေတတ်ကြပါတယ် (အားလုံးကိုမဆိုလိုပါဘူးနော်)။
လူသားတစ်ယောက်ရဲ့တာဝန်ကို ကျေပွန်ဖို့ဆိုရင် လူတော်တစ်ယောက်ဖြစ်ရုံနဲ့မရပါဘူး။ လူကောင်းတစ်ယောက်ဖြစ်မှသာ အခြားသူတွေအပေါ်ညှာတာမယ်၊ ကိုယ်ချင်းစာမယ်၊ ကူညီဖေးမမယ်၊ စာနာတတ်မယ်၊ အဲဒါမှသာ တဖက်သားဘဝကို တန်ဖိုးထားလေးစားတတ်တဲ့လူသားတွေဖြစ်နိုင်မှာပါ။ အပြန်အလှန်တန်ဖိုးထားတတ်မှ ပိုသာယာတဲ့ လူမှုဝန်းကျင်ဖြစ်လာနိုင်မှာမို့
ယောကျ်ား၊မိန်းမ ရယ်မှ မဟုတ်ဘဲ အားလုံးဟာလူကောင်းတွေဖြစ်ဖို့ လိုပါတယ်။

တော်တဲ့လူသားတွေဟာ ကိုယ့်ရဲ့တိုင်းပြည်ကို အဆပေါင်းများစွာတိုးတက်အောင် စွမ်းဆောင်နိုင်မှာဖြစ်ပြီး ရိုးသား၊ ကြိုးစားပြီး ကိုယ်ချင်းစာတရားနဲ့ စိတ်ထားကောင်းတဲ့လူကောင်းလေးတွေဟာလည်း တိုင်းပြည်မှာ တစ်ဦးနဲ့တစ်ဦးတန်ဖိုးထားတတ်လို့ ချစ်ခင်လေးစားမှုကြောင့် တိုင်းပြည်သာယာစေမှာဖြစ်ပါတယ်။
အဲဒီလို လူကောင်းလူတော်လေးတွေဖြစ်လာအောင် ဆုံးမသွန်သင်ဖို့က မိဘတွေအပေါ်မှာ မူတည်နေပါတယ်။ မိဘတွေကိုယ်တိုင်က လူတော်ဖြစ်ဖို့သာမက လူကောင်းဖြစ်ဖို့ပါ သားသမီးတွေ ကိုသင်ပေးသင့်တယ်ဆိုတာလေး အတွေးပွားမိသလောက်ဖော်ပြလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။