ကလေးတွေကို အမှန်အတိုင်းပြောပေးပါ။

လူကြီးတော်တော်များများက ကလေးကို မအိပ်မှာစိုးလို့ “ဒေဝေါကြီးလာမှာမို့ အိပ်တော့” ဆိုပြီး ခြောက်လန့်တာမျိုး၊ အရုပ်ပူဆာလို့ မဝယ်ပေးချင်တဲ့အခါမျိုးမှာ “ အဲလိုအတင်းမပူဆာနဲ့ ညကျ အကောင်ကြီးက လာဆွဲမှာ” ဆိုတာမျိုးနဲ့ ကလေးတွေကို လိမ်ညာတာမျိုးမြင်ဖူးပါတယ်။ အဲဒါမျိုးက ကလေးငယ်တုန်းမှာ ကလေးကို ပြောပြလည်း နားမလည်သေးလို့ သူကြောက်အောင်ခြောက်လိုက်မယ်၊ တနည်းအားဖြင့်လိမ်လိုက်မယ်၊ ကြောက်သွားတဲ့အခါ ငြိမ်သွားတာကို လိုချင်တာကြောင့် လူကြီးတွေလုပ်လေ့ရှိပါတယ်။ ထိုအရွယ်လေးကတည်းက ကလေးကိုနားမလည်ဘူးထင်တတ်တာကနေမှ အစ၊ နည်းနည်းလေး အရွယ်ရောက်လာတဲ့အခါကျတော့ ဒေဝေါလည်းမကြောက်၊ ငရဲကြီးမယ်ဆိုတာလည်း မကြောက်တတ်တော့ပါဘူး။ အဲဒီ့အချိန်ကျမှ ငယ်စဉ်က ကြောက်ရင်ငြိမ်အောင်လိမ်ခဲ့သမျှက မဟုတ်မှန်းသိသွားတဲ့အခါ ထိန်းချုပ်ရခက်သွားပြန်ပါတယ်။


အတန်အသင့် နားလည်နိုင်စွမ်းရှိတဲ့အရွယ်ကတည်းက ကလေးကို အမှန်အတိုင်းရှင်းပြပြောပြသင့်တာကို ကလေးရဲ့အရွယ်အလိုက်နားလည်မယ့်စကားလုံးမျိုးရွေးချယ်ပြီး အမှန်အတိုင်းပြောပြသင့်ပါတယ်။ ကလေးမသိသေးတဲ့ ဖြစ်တတ်တဲ့ဆိုးကျိုးတွေကို ကလေးနားလည်သလိုလေး ရှင်းပြထားတာက ကလေးကို နောက်ထပ်အခေါက်တွေမှာလည်း လိမ်ညာစရာမလိုတော့ပါဘူး။
အပြင်ထွက်တိုင်း အရုပ်လိုချင်လို့ငိုနေမယ်၊ ဂျီကျမယ်ဆိုရင် အိမ်ကမထွက်ခင်ကတည်းက ကလေးနဲ့ကြိုတင်ညှိနှိုင်းတာမျိုး “မေမေက အိမ်အတွက် စားစရာဝယ်ဖို့သွားမှာသိတယ်နော်၊ အဲဒါကြောင့် စားစရာဝယ်ဖို့ပဲ ပိုက်ဆံပါတယ်၊ အရုပ်ဝယ်ဖို့ပိုက်ဆံမပါလာဘူး၊ ပိုက်ဆံမပါလာရင် လမ်းမှာတွေ့တဲ့အရုပ်ဝယ်လို့ မရဘူးသိတယ်နော်။ ဘယ်လိုကြောင့်မှအရုပ်ဝယ်မှာမဟုတ်တဲ့အတွက် အရုပ်မပူဆာဘူးလို့သေချာမှ မေမေနဲ့လိုက်ခဲ့ပါ” ဆိုတာမျိုးအရှင်းဆုံးပြောပြထားတာမျိုးက ပိုပြီးထိရောက်ပါတယ်။
မိဘတော်တေ်ာများများက ကလေးက လမ်းမှာ အော်ဟစ်ငိုယိုနေတဲ့အခါ အငိုတိတ်ရင်ပြီးရော…ဆိုတဲ့စိတ်နဲ့ အလိုလိုက်တတ်တာများပါတယ်။ အဲဒါက ကလေးကို “လိုချင်တာကိုငိုပြီးတောင်းရင် ရတယ်…..” ဆိုတဲ့စိတ်ကို သွယ်ဝှိုက်ပြီးသင်ပေးလိုက်သလိုပါပဲ။ ကလေးရဲ့ ဂျီကျခြင်း၊ ငိုယိုသောင်းကျန်းခြင်းကို မခံနိုင်တဲ့မိဘက အမြဲလို ပြီးစလွယ် “နားငြီးသက်သာရင်ပြီးရော….” တွေးပြီး အလိုလိုက်တဲ့အကျင့်က ကလေးတွေအရွယ်ရောက်လာတဲ့အခါမှာလည်း သက်ရောက်မှုရှိနေတတ်ပါတယ်။ ဘယ်လိုနေရာမျိုးမှာလဲဆိုရင် အရွယ်ရောက်လို့ လိုချင်တာတောင်းတတ်တဲ့အခါမျိုး……လိုချင်တာပေးနိုင်ရင် ပြဿနာမရှိပေမယ့် မပေးနိုင်တဲ့အချိန်ဆိုတာလည်း ကြုံနိုင်ပါသေးတယ်။ အဲဒီလိုအချိန်မျိုးမှာ သားသမီးနဲ့မိဘအတိုက်အခံတွေဖြစ်ရပါတော့တယ်။
ငယ်စဉ်ကတည်းက လိုချင်တာမရရင် ငိုယိုတတ်လို့ ငြိမ်ပြီးရော…..အလိုလိုက်ခံရတဲ့ကလေးက အရွယ်ရောက်တဲ့အခါလည်း ဂျီကျတောင်းရင် ရမှာပဲလို့ တသတ်မတ်တည်း ထင်တတ်သူဖြစ်လာနိုင်ပါတယ်။ မိဘကတတ်နိုင်လို့ အလိုလိုက်တယ်ချည်းအထင်ရောက်သွားတဲ့အခါ မိဘကအမြဲပေးနိုင်သူ၊ ကျွေးနိုင်သူ၊ အလိုလိုက်နိုင်သူအဖြစ် အမြဲလိုမိဘထံက လိုချင်လာတတ်ပါတယ်။ အဲဒါကြောင့် လိုချင်တာတခုခုတောင်းလာတဲ့အခါ အကျိုးအကြောင်းကိုသေချာရှင်းပြပြီး အမှန်အတိုင်းပြောပြပေးဖို့လိုပါတယ်။ ငယ်စဉ်ကတည်းက မိဘပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံရှိမှန်းမသိ မရှိမှန်းမသိ ငိုလိုက်ရင်ရမှာပဲထင်နေတဲ့ကလေးက မိဘရဲ့အခက်အခဲကို နားလည်တော့မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ငယ်ရွယ်စဉ်ကတည်းက လိုချင်တာရှိလို့ ဂျီကျငိုယိုသောင်းကျန်းရင်တောင် ကလေးကို အမှန်အတိုင်းပြောပြပေးပါ။ “မေမေမှာတော့ ပိုက်ဆံအပိုမပါလာဘူး…..၊ ပိုက်ဆံမပါလာရင် ဝယ်မရဘူး၊ မဝယ်ပေးဘူးမပြောဘူး……အချိန်တစ်ခုစောင့်နိုင်ရင် ဝယ်မယ်….” ဆိုတာမျိုး၊ “ဟုတ်ပြီ…..သားက ဘယ်နှစ်ရုပ်တောင်လိုချင်တာလဲ….။ အများကြီးဝယ်ရင် ပိုက်ဆံအများကြီးကုန်မှာပေါ့၊ အဲဒီ့တော့ အများကြီးထဲက သားလိုချင်တဲ့တစ်ခုကိုရွေး၊ အဲဒီ့သားအလိုချင်ဆုံးတစ်ခုကို မေမေဝယ်ပေးမယ်…..ဟုတ်ပြီလား” ဆိုတာမျိုး ညှိနှိုင်းပြီး ပြောပြပေးပါ။
နောက်တစ်ချက်က ကလေးကို အမှန်အတိုင်းပြောပြပေးတတ်တဲ့အကျင့်ကြောင့် ကလေးလည်း အမှန်အတိုင်းပြောတတ်သူဖြစ်လာမှာပါ။ ဘာမှမဟုတ်တဲ့ကိစ္စအသေးအမွှားလေးကအစ မိဘဖြစ်သူက ကလေးနားမလည်လောက်ဘူးထင်ပြီး လိမ်ပြောလိုက်ခြင်းက ကလေးကိုလည်း လိမ်တတ်တဲ့ကလေးဖြစ်လာစေနိုင်ပါတယ်။ ဥပမာ။ ကလေးက အမေအလုပ်သွားတဲ့အခါ မလိုက်ရလို့ငိုတယ်ဆိုရင် “မေမေက မုန့်တွေအများကြီးသွားဝယ်မှာ၊ ခဏနေ ပြန်လာခဲ့မယ်နော်” ဆိုပြီး လိမ်တာမျိုးပေါ့။ ကလေးက ငယ်သေးလို့ ဘာမှမသိနားမလည်သေးဘူးဆိုပြီး လူရာမသွင်းဘဲ သေချာမရှင်းပြ၊ လွယ်လွယ်လေးလိမ်လိုက်ခြင်းက ကလေးစိတ်ထဲမှာ နောက်နေ့ သင်အလုပ်သွားချိန်ဆို အပေါ်ကစကားမျိုးထပ်ပြောကြည့်တဲ့အခါ ကလေးက သင့်ကိုယုံကြည်နိုင်တော့မှာမဟုတ်ပါဘူး။ အဲဒီ့အခါ ကလေးကို ပိုပြီး ထိန်းကျောင်းရခက်သွားတတ်ပါသေးတယ်။
“မေမေက သမီးကြိုက်တဲ့မုန့်တွေအများကြီးဝယ်နိုင်အောင် အလုပ်လုပ်ရမယ်၊ အလုပ်လုပ်လို့ လုပ်အားခရတဲ့အခါ သမီးကြိုက်တာ မေမေဝယ်ပေးနိုင်မှာပေါ့။ ဒါပေမယ့် လူကြီးတွေပဲ အလုပ်လုပ်ရတာမို့ ကလေးက လိုက်ရင် မေမေ့ဆရာက ဆူလိမ့်မယ်၊ အဲဒါဆို အလုပ်မလုပ်ရဘဲ လုပ်အားခမရတော့ဘူး။ သမီးကြိုက်တာလည်း မဝယ်နိုင်တော့ဘူးပေါ့။ မေမေညနေ အလုပ်ပြီးတာနဲ့ ပြန်လာမယ်နော်။ ဟုတ်ပြီလား။” ထိုကဲ့သို့ ကလေးနားလည်လောက်မယ့်စကားမျိုးနဲ့ ရှင်းပြတဲ့အခါ ကလေးက ညနေရောက်တဲ့အချိန် သင်ပြန်လာမယ်ဆိုတာကိုသိလို့ သင့်ကိုတမျှော်မျှော်ဖြစ်မနေနိုင်တော့ပါဘူး။ ညနေ ကလေးကြိုက်တတ်တဲ့အရာ(တန်ဖိုးမကြီးပေမယ့် ကလေးကြိုက်လောက်တာလေး) ဝယ်လာပေးတဲ့အခါ နောက်နေ့ သင်အလုပ်သွားရင် ကလေးကလည်း ဂျီတိုက်တော့မှာမဟုတ်ပါဘူး။ (ဒါပေမယ့် အပေးအယူလုပ်တဲ့စနစ်နဲ့ အမြဲ မေမေအလုပ်သွားမယ်….အပြန်မုန့်ဝယ်လာမယ်ဆိုတာမျိုးတော့ အမြဲမလုပ်မိပါစေနဲ့၊ အကျင့်ဖြစ်သွားနိုင်ပါတယ်)
တစ်ချို့မိဘများကျတော့လည်း သားသမီးကို ဘယ်လောက်ချစ်တာကိုဖော်ပြဖို့အတွက် သားသမီးမျက်နှာမညိုးစေရဘူးဆိုတဲ့စိတ်နဲ့ အရာရာအလိုလိုက်ပြီး မိဘရဲ့အခြေအနေမှန်ကို ချမပြခြင်း၊ သားသမီးကို မိဘရဲ့အခြေအနေကိုအမှန်အတိုင်းမပြောခြင်းက သားသမီးကိုချစ်ရာမရောက်ဘဲ နွံ့ထဲနစ်စေတာနဲ့အတူတူပါပဲ။
အခြေအနေဆိုတာ အမြဲတသတ်မတ်တည်းရှိမနေနိုင်ပါဘူး။ ငယ်စဉ်က မိဘကသားသမီးကို လိုချင်တာအကုန်ဖြည့်ဆည်းပေးနိုင်သလိုမျိုး သားသမီးအရွယ်ရောက်ချိန်မှာလည်း အားလုံးလိုက်ဖြည့်ဆည်းပေးလိုက်မှာပဲလို့ လွယ်လွယ်တွေးလို့မဖြစ်ပါဘူး။ သားသမီးသိတတ်စကတည်းက သားသမီးကို ဘဝအကြောင်းအမှန်အတိုင်းသိနားလည်အောင် သင်ပေးထားဖို့အရေးကြီးပါတယ်။ ဘဝက အဖေအမေအမြဲအဆင့်သင့်လုပ်ပေးထားသလို အမြဲလွယ်ကူနေတာသည်သာအမှန်ထင်နေတဲ့ကလေးက ဘဝရဲ့ဒုက္ခတွေကိုလည်း ရင်ဆိုင်ဖို့အဆင်ပြေမှာမဟုတ်ပါဘူး။
ငယ်စဉ်ကတည်းက သားသမီးကို ချစ်တယ်ဆိုတဲ့စိတ်နဲ့ အရာရာကို လွယ်လွယ်အလိုလိုက်ပြီး ဘဝရဲ့အခက်အခဲကို နားမလည်ခဲ့တဲ့ကလေးနဲ့ ဘယ်အရာမှလွယ်လွယ်မရဘူးဆိုတာနားလည်တဲ့ကလေးချင်း ကွာခြားသွားတာပါပဲ။ အရွယ်ရောက်နေတာတောင်မှ ငယ်စဉ်ကလို မိဘဆီ လိုချင်တာမှန်သမျှ တောင်းရမှာကိုသာ တွေးတတ်ပါလိမ့်မယ်။ နောက်ဆုံးမိဘက ယိုယွင်းနေတဲ့ အိမ်ရဲ့စီးပွားရေးအစစ်အမှန်ကို သားသမီးကိုဖွင့်မပြောဘဲ သားသမီးလိုသမျှ ဖြည့်ဆည်းရင်း နောက်ဆုံး အိမ်ရဲ့စီးပွားရေးပျက်စီးချိန်မှာ သားသမီးလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်မရပ်တည်နိုင်ဘဲ အကျင့်ပျက်စီးသွားတဲ့သားသမီးဖြစ်သွားတာမျိုး ပတ်ဝန်းကျင်မှာလည်း အများကြီးရှိမှာပါ။
“သားသမီးတွေသိတော့ စိတ်ဆင်းရဲမှာစိုးလို့” ဆိုပြီး တစ်ချို့မိဘတွေကပြောတတ်ပါတယ်။ အမှန်ကိုသိမှ ဘဝကိုသူ့ဟာသူရပ်တည်ဖို့ ကြိုးစားနိုင်မှာပါ၊ ဘယ်လိုရပ်တည်မလဲ တွေးတတ်မှာပါ။ စောစောတွေးတတ်ပြီး စောစောကြိုးစားနိုင်မှ အချိန်မလွန်ခင် သူ့ဘဝကိုသူ့ဟာသူဆက်လျှောက်သွားနိုင်မှာပါ။
အဲဒါကြောင့် သားသမီးတွေကို ငယ်စဉ်ကတည်းက ခပ်လွယ်လွယ်အလိုမလိုက်ပါနဲ့၊ ဘဝအကြောင်းသိပါစေ၊ အမှန်အတိုင်းအသိပေးသင့်တာကို “ချစ်လို့….စိတ်ဆင်းရဲမှာစိုးလို့” ဆိုတဲ့မခိုင်လုံတဲ့အကြောင်းပြချက်တွေနဲ့ မပြောဘဲမနေပါနဲ့။
ငယ်စဉ်ကတည်းက မိဘက သားသမီးကိုလိမ်ညာတဲ့အခါ သားသမီးကလည်း လွယ်လွယ်လိမ်တတ်တဲ့ကလေးဖြစ်လာနိုင်ပါတယ်။ အသေးအဖွဲကအစ အမှန်အတိုင်းပြောပြသွန်သင်ပေးခြင်းက ကလေးကလည်း သင့်အပေါ်ယုံကြည်မှုပိုရှိလာပါတယ်။ (သူ့ကိုသင်ဘယ်တုန်းကမှမလိမ်ဘူးဆိုတဲ့ယုံကြည်ချက်ပေါ့) အဲလိုယုံကြည်တဲ့အခါ ကလေးကိုထိန်းကျောင်းရပိုလွယ်လာနိုင်ပါတယ်။ ကလေးကလည်း သင့်ကိုမလိမ်တတ်တော့ပါဘူး။
အိမ်ရဲ့စီးပွားရေးကို အရေးတယူတိုင်ပင်ပါ၊ အသိပေးပါ၊ အမှန်အတိုင်းပြောပြပါ။ အဲဒါကြောင့် ငယ်စဉ်ကတည်းက ကလေးတွေကို ဘဝနဲ့ပတ်သက်တဲ့အကြောင်းအရာ၊ ပူပင်သောက၊ လှုပ်ရှားရုန်းကန်မှု၊ ကြိုးစားအားထုတ်မှုတွေအကြောင်းကို အမှန်အတိုင်းပြောပြပေးပါ။ အဲဒါမှ ကလေးက အရွယ်ရောက်တဲ့အခါ ဘဝကိုရပ်တည်ဖို့အတွက် ကိုယ်တိုင်အားထုတ်ကြိုးစားမှုက အရေးကြီးတာကိုသိလာမှာပါ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။