ကလေးတွေအခြားလူတွေအပေါ်မှာ respect ထားတတ်ဖို့ လုပ်ပေးသင့်တဲ့အချက်များ

သင့်ကလေးတခြားလူအပေါ်မှာ respect ထားတတ်စေဖို့ သင်ပေးသင့်ပါတယ်။ လူတစ်ယောက်အပေါ် လေးစားမှုရှိစွာ ဆက်ဆံတတ်ခြင်းက သူစိမ်းတွေအပေါ်မသက်ရောက်ခင် ကိုယ်မိသားစုအပေါ်အရင်သက်ရောက်မှာဖြစ်ပါတယ်။ ကလေးကို တဖက်သားအပေါ်လေးစားတတ်အောင်သင်ပေးတဲ့အခါ အိမ်ရှိလူကုန်အပေါ် လေးစားတတ်ပါလိမ့်မယ်။ အိမ်သားတစ်ယောက်အပေါ်တစ်ယောက် လေးစားတတ်တဲ့ကလေးဟာ မိသားစုအပြင်က သူစိမ်းတွေအပေါ်မှာလည်း လေးစားတတ်ပါလိမ့်မယ်။ တဖက်သားကို လေးစားတတ်တဲ့ကလေးဟာ ယဥ်ကျေးလိမ္မာပြီး တဖက်သားကိုလည်း နားလည်တတ်တဲ့ကလေးမျိုးဖြစ်လာစေပါတယ်။ အဲဒါကြောင့် ကလေးကို လူတစ်ဖက်သားအပေါ် respect ထားတတ်စေဖို့ သင်ပေးသင့်တဲ့နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။


၁) မိဘက စံပြဖြစ်ပါစေ။
မိဘက သားသမိးတွေရဲ့စံပြဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့မှသင်ပြစရာမလိုဘဲ သင်ပေးနိုင်တဲ့နည်းက မိဘကိုယ်တိုင်စံနမူနာဖြစ်အောင်နေပြဖို့ပါပဲ။ မိဘကိုယ်တိုင်တစ်ယောက်ကိုတစ်ယောက်လေးစားစါာဆက်ဆံတတ်မယ်၊ အိမ်သားတွေအချင်းချင်းလေးစားစွာဆက်ဆံပြမယ်ဆိုတဲ့နည်းကို နေ့စဥ်မြင်ပါများလာတဲ့အခါ ကလေးကိုယ်တိုင်က လေးစားမှုရှိလာပါလိမ့်မယ်။ စကားပြောတဲ့အခါမှာလည်း မိဘက ယဥ်လေးလိမ္မာစွာ ပြောဆိုတဲ့အခါ ကလေးကလည်း သင်စရာမလိုဘဲ ထိုနည်းအတိုင်းလိုက်ပါ‌ပြောဆိုမှာပါပဲ။

၂) ကျေးဇူးပါ၊ ဆောရီး ပြောပေးပါ။
ကလေးမို့ မလေးမစားဆက်ဆံတာမျိုးကို မိဘကအစမလုပ်သင့်ပါဘူး။ တခြားသူစိမ်းကဆက်ဆံတာမျိုးလည်း မဖြစ်သင့်ပါဘူး။ ကလေးကိုလည်း ကလေးအလျောက်လေးစားစွာမိဘကိုယ်တိုင်ကဆက်ဆံပေးရပါမယ်။ အဲဒါမှ ကလေးကလည်း လူကြီးတွေအပေါ်လေးစားစွာ ဆက်ဆံတတ်မှာဖြစ်ပါတယ်။ ဥပမာ၊ ကလေးနဲ့ပတ်သက်တဲ့၊ ပိုင်ဆိုင်တဲ့ ကစားစရာပစ္စည်းတွေကိုကိုင်ချင်တယ်ဆိုရင် ကလေးကိုခွင့်တောင်းပြီးမှကိုင်တာမျိုး၊ ကလေးရဲ့မုန့်ကိုစားချင်တယ်ဆိုရင် ကလေးကိုခွင့်တောင်းကြည့်ပြီး ခွင့်ပြုမှစားတာမျိုး၊ မိဘကအစလုပ်ပေးပါ။ အဲဒါမှ မေမေ့ရဲ့ပစ္စည်းတွေကို ကိုင်ချင်ရင် ခွင့်တောင်းရမယ်နော်လို့ ပြောပြပေးလို့ရပါမယ်။ ကလေးရဲ့အဖိုးအဖွားတွေကို မိဘကအစ တရိုတသေဆက်ဆံပေးပါ။ အဲဒါမှ ကလေးကလည်း အဖိုးအဖွားကိုရိုသေလေးစားစွာဆက်ဆံတတ်ပါမယ်။ မကြိုက်ရင် မကြိုက်တဲ့အကြောင်းကို မိဘက သေချာပြောပြရပါမယ်။ ဥပမာ။ အမေ့ပစ္စည်းတွေကို ကလေးက လျှောက်ကိုင်တယ်ဆိုပါတော့.......”မေမေရုံးကပစ္စည်းတွေကို လျှောက်ကိုင်လို့ တခုခုပျောက်သွားတာမျိုးဖြစ်ရင် မေမေရုံးမှာအဆင်မပြေနိုင်ဘူး။ အဲဒါကြောင့်မေမေရုံးကပစ္စည်းတွေကို ခွင့်မတောင်းဘဲလျှောက်ကိုင်တာမေမေမကြိုက်ဘူး....နော်” လို့ သေချာပြောပြပါ။ ကလေးကလည်း သူမကြိုက်တာကို မကြိုက်ဘူးလို့ ကောင်းမွန်စွာပြောခွင့်ရှိကြောင်း ပြောပြပါ။ ကလေးကမကြိုက်တာကိုလည်း မိဘက မလုပ်မိဖို့ ၊ အိမ်ရှိမိသားစုအကုန်က မလုပ်မိဖို့သတိထားပါ။ အဲဒါမှသာ အပြန်အလှန် ကိုယ်မကြိုက်တာသူများကိုမလုပ်ရဘူးဆိုတာ သင်ပြီးသားဖြစ်မှာပါ။ ကလေးက မိဘမကြိုက်တာကို တလေးတစားနဲ့မလုပ်တဲ့အခါမျိုးမှာလည်း မိဘက ကျေးဇူးပါ......လို့ပြောပေးပါ။ ကလေးမကြိုက်တာမျိုးကို လုပ်မိတာဖြစ်ဖြစ်၊ မသိဘဲ လုပ်မိတာမျိုးရှိခဲ့ရင်လည်း “ဆောရီးပါ......မေမေမသိလိုက်လို့ပါ။” လို့ ပြောပေးပါ။ အဲဒါမှ ကလေးကလည်း မိဘဆိကသင်ယူပြီး သူ့အလှည့်မှာ ပြန်ပြောဖို့သင်ပြီးသားဖြစ်မှာပါ။

၃) မိဘကအစ မှားသွားရင်တောင်းပန်ပါ။
မိဘကအစ ကလေးကိုမသိဘဲ ဆူမိတာ၊ ကလေးအပြစ်မဟုတ်ဘဲ ကလေးကို အပြစ်တင်မိတာမျိုး ဖြစ်ခဲ့ရင် မိဘကအစ သားသမီးကို မှားသွားကြောင်း တောင်းပန်ပါ။ မိဘက မသိရင် မသိဘူးလို့ ပွင့်ပွင့်လင်းလင်းပြောပြပြီး “အဖြေကို မေမေတို့အတူရှာကြည့်တာပေါ့” လို့ ပြောကြည့်ပါ။ မိဘမို့မှားတာမရှိဘူးဆိုတဲ့အတွေးအခေါ်က ခေတ်ဟောင်းမှာကျန်ခဲ့ပါပြီ။ မိဘကမှားလို့ တောင်းပန်လိုက်မယ်ဆိုရင် ကလေးကလည်း သူမှားသွားတဲ့အခါ မိဘကို တောင်းပန်ဖို့ဝန်လေးမှာမဟုတ်တော့ပါဘူး။ အဲဒါကြောင့်မိဘက မှားသွားတာမျိုး၊ မှားယွင်းပြီးကလေးကိုဆူမိတာမျိုးလုပ်မိရင်လည်း ကလေးကို သေချာလေး “မေမေမသိလို့ ပြောလိုက်မိတယ်သားရယ်၊ နောက်ဆို မေမေလည်း သတိထားပါ့မယ်၊ဆောရီးပါနော်” လို့ပြောပေးခြင်းက ကလေးကလည်းသူများတဲ့အခါ မိဘကိုတလေးတစားတောင်းပန်တတ်လာစေပါတယ်။

၄) မိဘကိုယ်တိုင် ကတိတည်ပါစေ။
အပြန်အလှန်လေးစားမှုရှိခြင်းကိုသင်ပေးချင်တဲ့အခါ မိဘကိုယ်တိုင်က ကတီတည်ဖို့လည်းလိုပါတယ်။ အဲဒါမှ ကလေးက မိဘစကားဟာ မှန်ကန်တယ်၊ ကတိတည်တယ်၊ မဟုတ်မမှန်တာမပြောဘူးဆိုတဲ့ အတွေးမျိုးဝင်မှာဖြစ်ပါတယ်။ ဥပမာ။ သားရေ ဒီသချာ်တွေပြီးအောင်တွက်နိုင်ရင် မေမေကစားကွင်းလိုက်ပို့မယ်ဆိုရင် ကလေးက တယ်စာပြီးအောင်လုပ်နိုင်ခဲ့ရင် တကယ်လိုက်ပို့ပေးသင့်ပါတယ်။ အဲဒါက ကလေးကိုနောက်အခေါက်တွေမှာလည်း မိဘခိုင်းတာလုပ်ဖို့တွန်းအားပေးပြီးသားဖြစ်စေပါတယ်။ အဲလိုမဟုတ်ဘဲ မိဘက ကတိပျက်ရင်တော့ နောက်အခေါက်တွေကျရင် ကလေးက မိဘစကားကို အလေးမထားသလို လေးလည်းလေးစားတော့မှာမဟုတ်ပါဘူး။ အဲဒါကြောင့် အပြန်အလှန်လေးစားခြင်းဟာ ကတိတည်ဖို့လည်းလိုပါတယ်။

၅) အပြောနဲ့အလုပ်ညီပါစေ။
ကတိတည်တာနဲ့အလားတူပါပဲ။ အပြောနဲ့အလုပ်ညီဖို့လည်းလိုပါတယ်။ ကလေးရဲ့ပတ်ဝန်းကျင်က အိမ်သားအားလုံးက သကြားလုံး တစ်နေ့ကို တစ်လုံးပဲစားရမယ်လို့ စည်းကမ်းသတ်မှတ်ထားရင် အခြားတစ်ယောက်က တိတ်တိတ်လေး သကြားလုံး ထပ်ပြီးခိုးကျွေးလို့မဖြစ်ပါဘူး။ ကလေးကိုချမှတ်ထားတဲ့စည်းကမ်းကို ဘယ်သူကမှ ဖောက်ဖျက်ပြလို့မရပါဘူး။ အဲဒါဆိုရင် စည်းကမ်းဆိုတာ လွယ်လွယ်ဖောက်ဖျက်လို့ရတယ်ဆိုတဲ့အကျင့်ကိုသင်ပေးလိုက်သလိုပါပဲ။ လူကြီးတွေကိုယ်တိုင်က အပြောနဲ့အလုပ်ညီပါမှ ကလေးကလည်း သူ့အလုပ်နဲ့အပြောနဲ့ညီအောင် ဂရုစိုက်စောင့်ထိန်းမှာပါ။ အပြောနဲ့အလုပ်နဲ့ညီတဲ့လူကြီးကို ကလေးကလည်း “အော်....ငါ့အဖေနဲ့အမေက ပြောရင်ပြောသလိုလုပ်တယ်” ဆိုတဲ့အတွေးနဲ့ လေးစားမှာဖြစ်သလို သူကိုယ်တိုင်လည်း အပြောနဲ့အလုပ်နဲ့ညီတဲ့လူကြီးကောင်းတစ်ယောက်ဖြစ်လာစေပါတယ်။ အပြောနဲ့အလုပ်နဲ့ညီတဲ့လူတိုင်းကို အခြားလူတွေကလည်း လေးစားတယ်မဟုတ်လား။ မပြောနဲ့အလုပ်မညီရင် အလကားလေပွကြီးလိုလူမျိုးအဖြစ်တွေးပြီး မလေးစားတတ်တော့ပါဘူး။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။