ကလေးတွေ ကိုယ့်ကိုကိုယ်စည်းကမ်းသတ်မှတ်နိုင်စေဖို့ လျှို့ဝှက်နည်းလမ်း

ကလေးဘဝမှာ ပထမဆုံးဖွံ့ဖြိုးအောင် သင်ထားပေးသင့်တဲ့တာဝန်ကတော့ သူ့ကိုယ်သူ စည်းကမ်းသတ်မှတ်ဖို့ပါပဲ။ မိဘတွေက တခါတလေ အလုပ်များတဲ့အခါ ကလေးကို အော်ခြင်း၊ မိဘညွှန်ကြားတာကို နားမထောင်တဲ့အခါ သူတို့ရဲ့ပါးစပ်နဲ့ လက်ကို မထိန်းချုပ်နိုင်ဘဲ ရိုက်နှက်တာမျိုးတွေလုပ်မိတတ်ပါတယ်။ အဲဒါက မိမိကိုယ်ကိုကိုယ်ထိန်းချုပ်ခြင်းလိုအပ်နေတာပါ။ ကလေးက သဘာဝအရ တက်ကြွပါတယ်။ တချို့ကလေးတွေမှာ တက်ကြွလွန်ပြီး အာရုံစူးစိုက်မှုမလွယ်ခြင်း(ADHD)ရောဂါမျိုးရှိနေတဲ့အခါမှာလည်း တက်ကြွလွန်းတာမျိုး ဒါမှမဟုတ် အခြားဇီဝဗေဒဆိုင်ရာအကြောင်းအရာတွေကြောင့် တက်ကြွလွယ်တာမျိုးဖြစ်နိုင်ပါတယ်။ အဲဒါကို ထိန်းချုပ်နိုင်စွမ်းရှိဖို့က ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်တဲ့ ကိုယ့်ကိုကိုယ်စည်းကမ်းသတ်မှတ်နိုင်ခြင်းပဲဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်ခြင်းက အခြားသော လူမှုရေးပြဿနာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေ၊ ပြဿနာတွေမဖြစ်ပေါ်လာအောင် ကာကွယ်ပေးနိုင်ပါတယ်။


၁) ခေါ်တဲ့အခါ ချက်ချင်းလာဖို့ သင်ကြားထားပါ။
မိဘတွေက ကလေးကိုခေါ်တဲ့အခါမှာ ကလေးတော်တော်များများက ချက်ချင်းမလာတတ်ပါဘူး။ “ဘာလဲမေမေ….”ဆိုပြီး အရင်ပြန်မေးတတ်ကြပါတယ်။ ကိုယ့်ကိုကိုယ်ထိန်းချုပ်တတ်စေဖို့ မိဘက ကလေးနာမည်ကိုခေါ်တာနဲ့ မိဘရှိရာကို ချက်ချင်းလာတတ်ဖို့ ကလေးကိုသင်ကြားထားပေးပါ။ အဲဒါက ကလေးကို ကိုယ့်ကိုကိုယ်ထိန်းချုပ်တတ်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ ဘာလို့လဲဆိုတော့ မိဘခေါ်သံကြားတာနဲ့ ကလေးက သူလုပ်လက်စတွေကို ရပ်တန့်ပစ်ဖို့ သူ့ကိုယ်သူထိန်းချုပ်လိုက်ရတာမို့ပါ။
၂) မှားနေတာတွေကို ပြုပြင်ဖို့ သင်ပေးပါ။
ကလေးတော်တော်များများက တုံ့ပြန်မှုမှားယွင်းနေတာတွေရှိပါတယ်။ ဥပမာ၊ ဒေါသထွက်တာမျိုး၊ မကောင်းတဲ့နည်းလမ်းနဲ့ ပြန်တုံ့ပြန်လိုက်တာမျိုးပါ။ ထိုအမှားတွေကို မိဘကထောက်ပြလိုက်တဲ့အခါ ချက်ချင်းအမှားပြင်တတ်ဖို့ သင်ပေးပါ။ အဲဒါက အမှားတွေဆက်လုပ်မိနေမယ့် ကိုယ့်ကိုကိုယ့်ထိန်းချုပ်ရမှာဖြစ်တဲ့အတွက် သူတို့ကို ကိုယ့်ကိုကိုယ်စည်းကမ်းသတ်မှတ်ဖို့အထောက်အကူဖြစ်စေပါတယ်။ “ငါ့ကိုမေမေက မှာထားတယ်။ ဒါမလုပ်ရဘူး” ဆိုတဲ့အတွေးလေးနဲ့ သူ့ဟာသူပြန်ပြီး ထိန်းချုပ်တတ်သွားရင် အချိန်တန်အရွယ်ရောက်တဲ့အခါ သူ့ကိုယ်သူ စည်းကမ်းသတ်မှတ်နိုင်လာပါလိမ့်မယ်။
၃) လူမှုဆက်ဆံရေးတော်တော်များများမှာ ကိုယ့်ကိုကိုယ်ထိန်းချုပ်ဖို့လိုအပ်ကြောင်းသင်ပေးပါ။
ကလေးတွေကို လူမှုဆက်ဆံရေးမှာ ကိုယ့်ကိုကိုယ်ထိန်းချုပ်ဖို့က ဘာလို့အရေးကြီးသလဲဆိုတာရှင်းပြပေးပါ။ သူတို့ဆက်ဆံနေတဲ့ပတ်ဝန်းကျင်မှာ ဒေါသထွက်တဲ့အခါ ဒေါသအလျှောက်လုပ်မိတာတွေအတွက် ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေ၊ ဒေါသကိုထိန်းချုုပ်လိုက်တဲ့အခါ ဖြစ်လာတဲ့ကောင်းကျိုးတွေ၊ ကြမ်းတမ်းမှုကို ထိန်းချုပ်တဲ့အခါ ဖြစ်လာတဲ့ကောင်းကျိုးတွေ၊ မထိန်းချုပ်နိုင်တဲ့အခါ ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေ စသည်ဖြင့် သူတို့ကိုလည်း လေ့လာခိုင်းပါ။ ကိုယ်တိုင်လည်း သက်သေပြပါ။ အဲဒါက သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်လာစေပါတယ်။ ထိန်းချုပ်နိုင်လာခြင်းက ကိုယ့်ကိုကိုယ်စည်းကမ်းသတ်မှတ်လာနိုင်စေပါတယ်။
၄) ကိုယ့်ကိုကိုယ်စည်းကမ်းသတ်မှတ်စေဖို့ လုပ်ဆောင်ချက်တွေကို အားပေးပါ။
အားကစားလေ့ကျင့်တာမျိုး၊ ကျောင်းစာလေ့ကျင့်ခန်းတွေလုပ်တာမျိုး၊ အိမ်နီးချင်းသူငယ်ချင်းရဲ့ အိမ်မွေးတိရိစ္ဆာန်ကို ထိန်းကျောင်းတာမျိုး၊ အခန်းကိုသန့်ရှင်းရေးလုပ်တာမျိုး၊ အခြားလုပ်ဆောင်ချက်တွေလုပ်တာမျိုး စတဲ့နေရာတွေမှာ ကိုယ့်ကိုကိုယ်စည်းကမ်းသတ်မှတ်တာမျိုးလုပ်ဖို့ ကလေးကို ပြောပြပါ။ ကလေးက လုပ်နိုင်တဲ့အရာတွေရှိလာရင်လည်း အားပေးပါ။ ဥပမာ ။ “သားရေ ဒီနေ့ စာနှစ်မျက်နှာလောက်ရေးပြီးမှ ဖုန်းသုံးရမယ်နော်” “ကျောင်းကအိမ်စာတွေပြီးမှ ကာတွန်းကားကြည့်မယ်နော်” စသည်ဖြင့် ထိုစည်းကမ်းလေးတွေကို လိုက်နာဖို့အကျင့်လုပ်ပေးပါ။ အဲဒါမှ သူ့ကိုယ်သူလည်း စည်းကမ်းသတ်မှတ်တတ်လာမှာဖြစ်ပါတယ်။
၅) ဇယားလေးဆွဲထားပါ။ စတေကာတွေကပ်ပြီး ကလေးလုပ်နိုင်တာကို အသိအမှတ်ပြုပါ။ ဆုပေးဒဏ်ပေးစနစ်ကျင့်သုံးပါ။
ကလေးကို သတ်မှတ်ထားတဲ့စည်းကမ်းတွေ ဖြစ်အောင်လုပ်နိုင်တဲ့အခါ ဆုချပေးတာမျိုး၊ ကလေးရဲ့တစ်နေ့တာဇယားမှာ ကလေးက သူကိုယ်သူသတ်မှတ်ထားတဲ့စည်းကမ်းတွေကို လုပ်နိုင်တဲ့အခါ စတေကာလေးတွေကပ်ပေးတာမျိုး ချီးကျူးပေးတာမျိုးလုပ်ပါ။
၆) အိပ်ရာဝင်ချိန်မျိုးမှာ ကလေးကို ကိုယ့်ကိုကိုယ်စည်းကမ်းသတ်မှတ်ခြင်းအကြောင်းပြောပြပေးပါ။
ကလေးတွေအတွက် အိပ်ရာဝင်ချိန်မှာက ပုံပြင်လေးတွေပြောရင်းဆုံးမတာမျိုး၊ သွန်သင်ပေးတာမျိုးလုပ်လို့ရပါတယ်။ ထိုအချိန်မှာပြောပြခြင်းက ပိုပြီး အာရုံ စူးစိုက်မှုကောင်းနိုင်ပါတယ်။ နောက်ဆိုရင် မိဘမပါဘဲ တစ်ယောက်တည်းအိပ်ရာဝင်တတ်ဖို့ သင်ပေးပါ။ လုပ်နိုင်တဲ့အခါ ချီးကျူးပေးပါ။
၇) မိသားစုတွင်းစည်းကမ်းတွေသတ်မှတ်ပါ။
ဘယ်သူကမှ စောင့်ကြည့်မနေပေမယ့် မှန်ကန်တဲ့အရာကိုသာ ပြုလုပ်ခြင်းက ကိုယ့်ကိုကိုယ်စည်းကမ်းသတ်မှတ်နိုင်ခြင်းပါပဲ။ မိသားစုတွင်းမှာ သတ်မှတ်ထားတဲ့စည်းကမ်းတွေကို လိုက်နာစေခြင်းက ကိုယ့်ကိုကိုယ်လည်း စည်းကမ်းသတ်မှတ်လာနိုင်စေပါတယ်။ ဥပမာ ၇နာရီခွဲမှာ မနက်စာ စားရမယ်၊ ည ၈နာရီအတိမှာ အိပ်ရာဝင်ရမယ်။ စသဖြင့်ပေါ့။ တချို့သောမိဘတွေက ကလေးတွေကို ချစ်ခင်ခြင်းကြောင့် အရာအားလုံးကို အဆင်သင့်လိုက်လုပ်ပေးတတ်ပါတယ်။ အဲဒါက ကလေးတွေကို ပိုပြီး ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်းမဲ့စေပါတယ်။ ဉာဏ်ရှိတဲ့မိဘတွေက ကလေးဘဝကတည်းကနေ အရွယ်ရောက်တဲ့အထိ ကိုယ့်ကိုကိုယ်အားကိုးတတ်အောင်သာသင်ပေးတာဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်စည်းကမ်းသတ်မှတ်ပြီး လိုက်နာနိုင်ခြင်းက ကလေးရဲ့အကျင့်ကောင်းတွေထဲက အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။
အဲဒါကြောင့် ကိုယ့်ကိုကိုယ်စည်းကမ်းသတ်မှတ်နိုင်ခြင်း၊ လိုက်နာနိုင်ခြင်းက ကလေးရဲ့ဘဝမှာ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်အောင်ဖို့ လိုအပ်တဲ့ ကနဦးအရည်အချင်းတစ်ခု ဖြစ်ပါတယ်။
http://www.imom.com/7-secrets-to-self-disciplined-kids/#disqus_thread လင့်မှဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။