ကလေးနဲ့ screen time

ဒီနေ့ခေတ်မှာ လူတိုင်းလို ဖုန်းကိုင်နိုင်ကြပါတယ်။ လူတိုင်းဖုန်းကိုင်နိုင်ခြင်းရဲ့ ကောင်းကျိုးတွေလည်း ရှိသလို ဆိုးကျိုးလည်း ရှိပါတယ်။ အဲဒီ့ထဲကမှ ကလေးငယ်တွေကို ဖုန်းပေးသုံးခြင်းက ကလေးရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ဦးနှောက်ဖွံ့ဖြိုးမှု၊ အတွေးအခေါ်ပိုင်းမှာ ချို့တဲ့မှုဖြစ်နိုင်ပါတယ်။ အမြဲတက်ကြွပြီး ဆော့ကစားနေတတ်တဲ့ကလေးတွေကို ထိန်းရခက်တဲ့အခါ မိဘတွေက ငြိမ်ဆေးသဘောမျိုးနဲ့ ဖုန်းပြထားတာမျိုးလုပ်တတ်ပါတယ်။ အဲဒီ့အခါ ကလေးက ဖုန်းမရတဲ့အခါ ဂျီကျတာမျိုး၊ အော်ဟစ်ငိုယိုတာမျိုးလုပ်တတ်ပါတယ်။ ဖုန်းကိုများများကြည့်တဲ့ကလေးက အာရုံစူးစိုက်မှုအားနည်းပါတယ်။ အကြောင်းကျိုးပြဆိုဆုံးမမှုကို နားထောင်မှုအားနည်းလာပါတယ်။ မျက်လုံးနဲ့အခြားအာရုံကြောတွေပျက်စီးနိုင်ပါတယ်။ အဲဒါကြောင့် ကလေးတွေကို အသက်အရွယ်အလိုက် screen time ပြသင့်တဲ့အချိန်လောက်ကိုပဲ အချိန်လေးသတ်မှတ်ပြီးပြသင့်ပါတယ်။


Toddlder (၁နှစ်မှ ၂နှစ်)
ဖုန်းလုံးဝမပြသင့်သေးပါဘူး။ မိဘတွေနဲ့သာ အပြန်အလှန်ဆော့ကစားတာ၊ စကားပြောပေးတာမျိုးတွေ ၊ ရုပ်ပိုင်းဆိုင်ရာအရ အထိအတွေ့တွေလုပ်ပေးတာမျိုးပဲလုပ်သင့်ပါတယ်။

မူကြိုအရွယ် (၃နှစ်မှ ၄နှစ်)
တစ်နာရီခန့်သာ သုံးသင့်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ မိဘနဲ့ နွေးထွေးစွာဆက်ဆံပေးတာမျိုးအရေးကြီးပါတယ်။ မိဘနဲ့ ကလေးအတူတကွ ကစားတဲ့ကစားနည်းတွေသုံးပြီး ကလေးကို ထိန်းကျောင်းသင့်ပါတယ်။ ပုံပြင်စာအုပ်လေးတွေ၊ ပုံပြင်လေးတွေဖတ်ပြသင့်ပါတယ်။ စာဖတ်ပြသင့်ပါတယ်။ ပုံပြစာအုပ်လေးတွေလည်း ပြလို့ရပါတယ်။

မူလတန်းအရွယ် (၅နှစ်မှ ၁၀နှစ်)
တစ်နာရီကနေ တစ်နာရီခွဲခန့်တော့ ခွင့်ပြုသင့်ပါတယ်။ နည်းပညာပိုင်းဆိုင်ရာမှာ တတ်ထားသင့်၊ သိထားသင့်တာမို့ သုံးတာကို အချိန်လေးနဲ့ ဂရုတစိုက်သုံးခွင့်ပေးသင့်ပါတယ်။ ဒါပေမယ့် ဖန်တီးနိုင်စွမ်းရှိဖို့သင်ပေးသင့်ပါတယ်။ အိမ်မှာရှိတဲ့မိသားစုလေးတွေစုပြီး ဆော့ကစားတာမျိုးတွေလုပ်ပေးနိုင်ပါတယ်။

အလယ်တန်းအရွယ် (၁၁နှစ်မှ ၁၃နှစ်)
တစ်နေ့လျှင် ၂နာရီနီးပါး အသုံးပြုနိုင်ပါတယ်။ ကလေးက အသုံးပြုနိုင်ပြီဖြစ်ပေမယ့် ကလေးရဲ့ကြည့်ရှုတဲ့အရာ၊ ကလေးရဲ့စိတ်ပါဝင်စားမှုကိုသိအောင် စနည်းနာသင့်ပါတယ်။ ကလေးတော့ အရွယ်ရောက်ပြီမို့ သူ့ဖုန်းကိုသူကိုင်သင့်တယ်လို့ လွှတ်မထားသင့်ပါဘူးနော်။
မိသားစုတစ်ခုလုံးကတော့ ဖုန်းကိုအလျဉ်းသင့်သလို သုံးနိုင်ပေမယ့် ကိုယ့်ရဲ့အပြုအမူအတိုင်း ကလေးက ဖြစ်လာမယ်ဆိုတာမမေ့သင့်ပါဘူး။ သင်ကဖုန်းကိုချည်းအသုံးပြုနေတယ်ဆိုရင် သင့်ကလေးက အထီးကျန်မှု့ကို ခံစားရပါလိမ့်မယ်။ သင့်ကလေးအထီးကျန်တာများလာတဲ့အခါ စိတ်အလိုမကျမှုတွေများလာပါလိမ့်မယ်။

ဖုန်းကိုချည်း စွဲမြဲစွာသုံးတဲ့ကလေးတွေအနေနဲ့ ခဏတဖြုတ်တော့ ငြိမ်သွားတာမျိုးဖြစ်နိုင်ပေမယ့် ရေရှည်မှာတော့ ကလေးကို ကဏှာမငြိမ်ဖြစ်စေတတ်ပါတယ်။ ကလေးရဲ့အာရုံစူးစိုက်နိုင်စွမ်းလည်း လျှော့နည်းလာနိုင်ပါတယ်။ အဲဒါကြောင့် အထက်ကဖော်ပြထားတဲ့အချက်လေးတွေအတိုင်း ကလေးကို အချိန်သတ်မှတ်ပြီး ပေးသုံးသင့်ပါတယ် လို့ တိုက်တွန်းလိုက်ရ့ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။