ကလေးမယူမီ စဉ်းစားသင့်သောအချက်များ

လောကမှာ မိသားစုတွေကသာ သင့်ဘဝအတွက် နွေးထွေးမှုအပေးနိုင်ဆုံးလူသားတွေဖြစ်ပါတယ်။ မိသားစုရှိခြင်းက သင့်ဘဝရဲ့ကောင်းခြင်း၊ ဆိုးခြင်းတွေကို အတူမျှဝေခံစားပေးမယ့် ရဲဘော်ရဲဘက်တွေရရှိခြင်းပါပဲ။ သင်က သာယာတဲ့မိသားစုဘဝကို အရမ်းနှစ်ခြိုက်လိုချင်မိလို့ မိသားစုဘဝလေးစတင်ဖန်တီးမယ်လို့ စဉ်းစားထားတယ်ဆိုရင်တော့ အရမ်းကို ပျော်စရာပါပဲ။ ဒါပေမယ့် မိသားစုဆိုတာနဲ့အညီ သင်တစ်ဦးတည်းမဖြစ်နိုင်တော့တဲ့အတွက် အပြန်အလှန်တာဝန်ယူမှု၊ တာဝန်သိတတ်မှု၊ ဖေးမနားလည်စာနမှုတွေ လိုအပ်လာမှာပါ။ အဲဒါအပြင် သင်မိသားစုရဲ့ဆည်းလည်းလေးဖြစ်လာမယ့် သားသမီးလေးလည်း သင်လိုချင်လာမှာအမှန်ပါပဲ။ အဲဒီ့အခါမှာ သင်ရော သင့်အိမ်ထောင်ဖက်ရော စဉ်းစားပြီး တာဝန်ပိုယူရမယ့် ကိစ္စတွေပါလာပါတော့တယ်။ သာယာတဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားသူက ဘဝမှာ ကံအကောင်းဆုံးပါပဲ။ အဲလိုသာယာတဲ့မိသားစုဘဝကို ပိုင်ဆိုင်ဖို့ကတော့ သင်ကော သင့်မိသားစုတွေမှာပါ တာဝန်ရှိပါတယ်။ သင်တာဝန်ယူနိုင်ပြီလို့ သင့်ကိုသင်ထင်တဲ့အချိန်မှာ သင့်ရဲ့မိသားစုဘဝပိုပြီး သာယာလာအောင် စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ သင်ကိုယ်တိုင်လည်း တကယ်ပျော်ရွှင်တဲ့မိသားစုဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ အဲဒီလိုမဟုတ်ဘဲ ပေါ့ပေါ့လေးပဲတွေးလိုက်ပြီး တည်ဆောက်မိတယ်ဆိုရင်တော့ သင့်အတွက် အခက်အခဲတွေ၊ တာဝန်တွေ၊ စိတ်ဖိစီးမှုတွေ၊ စိတ်ရှုပ်ထွေးစရာတွေ အများကြီးပဲ ရရှိလာနိုင်ပါတယ်။ အဲဒါကြောင့် သာယာတဲ့မိသားစုဘဝလေးတည်ဆောက်ဖို့ အတူတကွတာဝန်ခွဲဝေယူနိုင်မယူနိုင် သင့်ကိုသင် ပြန်မေးသင့်သလို သင့်ရဲ့လက်တွဲဖော်နဲ့လည်း သေချာတိုင်ပင် အစီစဉ်ဆွဲပြီးမှ တာဝန်ခွဲဝေယူတာအကောင်းဆုံးပါ။ အဲဒီ့တော့ သင်တို့နှစ်ယောက်လုံး အောက်မှာဖော်ပြထားတဲ့မေးခွန်းလေးတွေကို နှစ်ယောက်တူတူစဉ်းစားတိုင်ပင်ကြည့်ပါအုန်း။ ၁) ကလေးတစ်ယောက်ရဲ့တာဝန်ယူဖို့အဆင်သင့်ဖြစ်ပြီလား ကလေးတစ်ယောက်ရဲ့တာဝန်ဆိုတာထက် လူသားတစ်ယောက်လူကောင်းသူကောင်းဖြစ်အောင် ကလေးတစ်ယောက်ရဲ့ဘဝတစ်ခုလုံးကို ကျွေးမွေးစောင့်ရှောက်ဖို့ တာဝန်ဆိုတာ နည်းတဲ့တာဝန်တော့မဟုတ်ပါဘူး။ ကလေးလေး သင့်ရဲ့ခန္ဓာကိုယ်မှာ သန္ဓေစတည်ကတည်းက သင်က အရေးတယူနဲ့ စောင့်ရှောက်တဲ့တာဝန်ကိုယူရတော့မှာပါ။ သင့်ရဲ့ခန္ဓာကိုယ်မှာ သူကောင်းစွာဖွံ့ဖြိုးနေဖို့၊ အပြင်လောကကို ရောက်လာတဲ့အခါ သူနေထိုင်ကောင်းဖို့၊ ဝတ်ဖို့စားဖို့၊ ကျန်းမာဖို့ စသည်ဖြင့် စုံလို့ပါပဲ။ အဲဒါတွေအတွက် သင်အဆင်သင့်ဖြစ်နေပြီလားဆိုတာ ကြိုတင်တွေးတောထားသင့်ပါတယ်။ ကလေးတစ်ယောက်ကိုပဲ အချိန်အပြည့်အဝပေးထားဖို့ သင့်ရဲ့အချိန်တွေကို ပေးဖို့ကော သင့်အတွက် အဆင်ပြေနိုင်ရဲ့လား။ သင့်ကိုသင်ပြန်မေးသင့်ပါတယ်နော်။ သင့်ဘဝရဲ့အချိန်တော်တော်များများကို သင်ပြန်သုံးသပ်ပြီး စဉ်းစားပါ၊ ကလေးတစ်ယောက်ကို တာဝန်ယူနိုင်ဖို့ အဆင်သင့်ဖြစ်မဖြစ်တွေးပါ။ ၂) စားဝတ်နေရေးအတွက် ငွေကြေးကိစ္စ အဆင်ပြေနိုင်ရဲ့လား ကလေးလေးက လောကထဲကိုရောက်ပြီဆိုတာနဲ့ သင်တို့မိသားစုအတွက် ဘတ်ဂျက်က အရင်ကထက်ပိုပြီးလိုအပ်လာပါပြီ။ သင့်တို့ကိုယ်သင်တို့အချိန်ပေးနိုင်ဖို့ထက် သူ့အတွက်ကို သင်တို့ရဲ့အချိန်တော်တော်များများကို သင်တို့ကိုယ်တိုင်လိုလားစွာပေးနိုင်မှဖြစ်မှာပါ။ အဲဒါက ငွေကြေးနဲ့လည်း သွယ်ဝှိုက်ပြီးပတ်သက်မှုရှိနေနိုင်ပါသေးတယ်နော်။ အကယ်၍များ သင်တို့မှာ လုံလောက်တဲ့ငွေကြေးမရှိဘူးဆိုရင် ငွေကြေးကိုလုံလောက်အောင်အရင်စုဆောင်းထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကလေးတော့ယူလိုက်ပါပြီ၊ ကလေးလေးအတွက် သင်တို့ ငွေကြေးမလုံလောက်နိုင်လို့ သင်တို့နှစ်ယောက်လုံးက အလုပ်ကိုယ်စီထွက်လုပ်နေမယ်ဆိုရင် အိမ်မှာ ဂရုစိုက်ပေးမယ့်သူရှိရင်ကောင်းပါရဲ့၊ ဂရုစိုက်ပေးမယ့်သူမရှိတော့ သင်တို့အတွက် ကသိကအောက်ဖြစ်လာနိုင်ပါတယ်။ ကလေးကိုလည်း စိတ်မချနိုင်၊ ငွေလဲမရှာဘဲနေလို့မရပြန်နဲ့ အရင်ကထက်တောင် စိတ်ဖိစီးမှုပိုတိုးလာနိုင်ပါတယ်။ ၃) အချိန်ပေးနိုင်ရဲ့လား ငွေကလည်းအရေးကြီးတဲ့အထဲပါသလို၊ ကလေးကို တာဝန်ယူပြီးအချိန်ပေးနိုင်ဖို့လည်း အရေးကြီးပြန်တယ်။ အရင်ကလို သင်တို့နှစ်ယောက်တည်း ရုပ်ရှင်ကြည့်မယ်၊ မုန့်တွေဝယ်စားမယ်၊ ဈေးဝယ်ထွက်မယ်၊ သူငယ်ချင်းတွေနဲ့ သောက်မယ်စားမယ် ပျော်မယ်ပါးမယ် ဆိုတာမျိုးတွေ လွတ်လပ်စွာလုပ်လို့မရတော့လောက်အောင် သင့်တို့ရဲ့ကလေးလေးကိုပဲ အချိန်တွေပေးထားရမှာပါ။ သူ့ရဲ့ကျန်းမာရေး၊ သန့်ရှင်းရေး၊ စားသောက်မှု စသည်ဖြင့် အချိန်တိုင်းလိုလိုမှာ သူ့ကိုစောင့်ရှောက်ကြည့်ရှုဖို့ အချိန်တွေချည်းဖြစ်နေမှာပါ။ အဲဒီ့အခါ ငွေကြေးလုံလောက်ဖို့အတွက်လည်း ပူပန်လာရမှာဖြစ်သလို ၊ သင်တို့ရဲ့အနားယူချိန်တွေ၊ အားလပ်ချိန်တွေကိုလည်း သူ့အတွက်ထည့်သွင်းစဉ်းစားလာရမှာဖြစ်ပါတယ်။ အိမ်ပြန်ရောက်ချိန်မှာဆိုရင်လည်း အမျိုးသမီးကလည်း အမျိုးသမီးအလျောက် အမျိုးသားကလည်း အမျိုးသားအလျောက် ကိုယ်စီ တာဝန်တွေခွဲဝေယူရမှာမို့ သင်တို့ကိုယ်ပိုင်အချိန်ဆိုတာလည်း မရှိသလောက်ကို ရှားပါးလာမှာပဲဖြစ်ပါတယ်။ အဲဒါကြောင့် ပိုပြီးလည်း စိတ်ဖိစီးမှုတွေများလာနိုင်တာမို့ သင့်ကိုသင်ပြန်မေးသင့်တဲ့အချက်ထဲမှာလည်း ဒီအချက်ကပါဝင်နေပြန်ပါတယ်။ ၄) ကလေးကို ပြုစုစောင့်ရှောက်၊ သွန်သင်ဆုံးမနိုင်ပြီလား သင့်ရဲ့အသက်အရွယ်နဲ့လည်း သက်ဆိုင်နေပြန်ပါတယ်။ သင်က ခုမှ လူငယ်လူရွယ်ဘဝနဲ့ပဲကုန်ဆုံးရတာပျော်နေသေးတဲ့သူလား၊ ဒါမှမဟုတ် ကလေးယူဖို့ အသက်ငယ်လွန်းနေသေးလား။ ကလေးကို တာဝန်ယူထိန်းကျောင်းဖို့ ကိုယ့်မှာအဆင်သင့်မဖြစ်သေးဘူးလို့ ကိုယ့်ကိုကိုယ်ထင်နေမိလား။ အဲဒါကလည်း သင့်ကိုသင်ပြန်မေးသင့်ပါတယ်နော်။ ကလေးကို တာဝန်မယူနိုင်သေးဘူးလို့ ကိုယ့်ကိုကိုယ်ထင်နေတယ်ဆိုရင် မယူသေးတာအကောင်းဆုံးပါပဲ။ တာဝန်မယူနိုင်သေးချိန်မှာ ကလေးယူမိရင် ကလေးအတွက်ကော ၊ ကိုယ့်အတွက်ကော ပိုပြီး ဖိစီးမှုဖြစ်နိုင်ပါတယ်။ ပြီးတော့ ကိုယ်တိုင်က ကလေးကိုပြုစုစောင့်ရှောက်ဖို့ ၊ လူကောင်းတစ်ယောက်ဖြစ်လာအောင် သွန်သင်ဖို့ အသိဉာဏ်ပိုင်း၊ ဗဟုသုတပိုင်းမှာ လိုအပ်နေသေးတယ်ဆိုရင် မယူသေးတာပိုပြီး ကောင်းပါတယ်။ သင်တို့ခေါ်လို့ လူ့လောကထဲရောက်လာတဲ့ကလေးက အပြစ်မရှိပါဘူး။ ကလေးမှာလည်း မလိုအပ်ပဲ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ ၅) ကလေးကြောင့် ဖြစ်လာတဲ့ ပျော်ရွှင်မှု၊ အံ့သြမင်သက်မှု၊ ဖိစီးမှုတွေ၊ ပင်ပန်းမှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေ ကို လက်ခံနိုင်ရဲ့လား သင့်အိမ်ထောင်ရေးမှာ ကလေးလေးရှိလာတဲ့အခါ အရင်ကထက် ပိုပြီးသာယာတဲ့အိမ်ထောင်ရေးဖြစ်လာမှာလည်း သေချာသလို၊ သူ့ကို ဂရုစိုက်ရတာ၊ အချိန်ပေးရတာပိုများလာမှာ၊ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းမှုတွေများလာမှာလည်း အသေအချာပါပဲ။ အဲဒါတွေကို သင်လိုလားနှစ်သက်နိုင်ရဲ့လား။ အရင်က လကုန်ရက်ဆို သင်တို့နှစ်ယောက်လုံး ပျော်ရွှင်စွာ ဈေးဝယ်မယ်၊ ရုပ်ရှင်ကြည့်မယ်၊ လည်ချင်ရာလည်မယ်ဆိုပြီး လွတ်လပ်နေပေမယ့် ကလေးတစ်ယောက်ရှိလာတဲ့အခါ အိမ်ကိုပဲတန်းပြန်ပြီး သူညနေစာစားပြီးရဲ့လား၊ အာဟာရပြည့်ဝအောင်ကောစားရဲ့လား၊ ထမင်းကောင်းကောင်းစားဝင်ရဲ့လား ဆိုပြီး သင်တွေးတောပူပန်နေရမှာပါ။ သင်တို့ ပင်ပန်းလို့ နားနေမယ့်အချိန်မှာ ကလေးက သင့်ကိုပုံပြောပြဖို့ ဂျီကျနေတာမျိုး၊ အရုပ်တွေနဲ့အတူဆော့ကစားပေးဖို့ အကူအညီတောင်းနေတာမျိုးလည်း ကြုံလာရမှာပါ။ => သင်ကအိပ်ပျော်နေချိန်မှာ ကလေးက နိုးနေပြီး သင့်ကို နိုးနေတာမျိုးကို အမြဲတမ်းလိုလို ကြုံတွေ့ရမှာပါ။ => သင်ကတစ်နေ့လုံး အိမ်အလုပ်တွေနဲ့ ရှုပ်နေပြီး အလုပ်တွေပြီးလို့နားမယ့်အချိန်မှာ သင့်ကလေး ဧည့်ခန်းမှာ ဖွထားတဲ့အရုပ်တွေကို သင်စိတ်ပျက်လက်ပျက်တွေ့ရမှာပါ။ => သင့်အလုပ်ကလုပ်ဖော်ကိုင်ဖက်တွေက ပါတီမှာ အစွမ်းကုန်ကဲမယ့်အချိန်မှာ သင်ကတော့ သင့်ကလေးနေမကောင်းလို့ ပါတီနားတောင် မဝဲသီလိုက်ရဘဲ အိမ်ပြန်ချင်ပြန်ရမှာပါ။ => ပင်ပန်းလွန်းလို့ သင်ခဏလေးမှေးခနဲ အိပ်မယ့်ဆိုရုံရှိသေး ဗြဲကနဲ အော်ငိုလိုက်တဲ့ ကလေးငိုသံက ကြားရလွန်းလို့ မထူးဆန်းတော့တဲ့ အခြေအနေမျိုးလည်းကြုံရမှာပါ။ => ကိုယ်ကခရီးသွားတာဝါသနာပါသလောက် အများဆုံးကိုယ်လုပ်နိုင်တာက သူငယ်ချင်းတွေသွားထားတဲ့ခရီးကပုံလေးတွေကို ဖေ့စ်ဘွတ်မှာ သရေကျရုံလေးသာ တတ်နိုင်မှာပါ။ စသည်ဖြင့်ပေါ့နော်။ ကလးရှိလာတဲ့အခါ သင့်ကလေးလေးရဲ့မပီတပီစကားသံက သင့်ကိုအမောပြေစေနိုင်သလို သူ့ရဲ့ မသိလိုက်မသိဘာသာ ပြုမူလိုက်တဲ့အပြုအမူတစ်ချို့ကြောင့်လည်း သင်ရင်မောချင်ရင်မောရမှာပါနော်။ ဘယ်အရာမဆို အကောင်းနဲ့အဆိုးဒွန်တွဲနေသလိုပါပဲ သင့်ရဲ့အိမ်ထောင်ရေးက ကလေးလေးကြောင့်ပိုပြီးသာယာတည်မြဲလာသလို သင်မထင်မှတ်ထားတဲ့ ဖိစီးမှုတွေ၊ တာဝန်တွေ၊ စိတ်ရှုပ်ထွေးမှုတွေလည်း သင်တစ်ပြိုင်တည်းလက်ခံရမှာဖြစ်ပါတယ်။ အဲဒီ့တော့ အထက်ပါအချက်လေးတွေကို ဖတ်ကြည့်ပြီး လက်တွဲဖော်နှစ်ယောက် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ အိမ်ထောင်ပြုမယ် ကလေးယူမယ်ဆိုရင် ဘာတွေဖြစ်မလဲဆိုတာကို ကြိုတင်သိထားသင့်ပါတယ်။ အချို့ သောလက်တွဲဖော်တွေကတော့ ဘာမှလည်းအဆင်သင့်မဖြစ် ၊ ကလေးတွေကို တပြွတ်ပြွတ်မွေးပြီး ငွေရေးကြေးရေးအဆင်မပြေဖြစ်တဲ့အခါ အိမ်ထောင်ရေးတွေကွဲကြပြဲကြ ပြီးရင် သားသမီးတွေကိုမဲကြပြုကြတာတွေလည်း တွေ့နေကြပဲဖြစ်ပါတယ်။ အပေါ်မှာမေးထားတဲ့မေးခွန်းတွေကို အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ယူကြပါ။ ပျော်စရာကြီးပါ။ အဆင်သင့်မဖြစ်သေးဘူးဆိုရင်တော့ ကိုယ့်ချစ်ရသောသူ ကိုယ့်လက်တွဲဖော်ကိုယ်ဝန်မရလေအောင် ကြိုတင်ကာကွယ်ရမှာပဲဖြစ်ပါတယ်။ ကြိုတင်ကာကွယ်နည်းအမျိုးမျိုးကိုတော့ နီးစပ်ရာကျွမ်းကျင်ဆရာဝန်နဲ့ တိုင်ပင်စုံစမ်းပြီး မိမိချစ်ရသောသူကိုကာကွယ်ကြပါလို့ တိုက်တွန်းအကြံပေးလိုက်ရပါတယ်ခင်ဗျာ။ ယခုပို့စ်ဖြစ်မြောက်စေရန် ဂျာမဏီနိုင်ငံထုတ် နိုင်ငံတကာအရည်အသွေးပြည့်မီတဲ့ Masculan Condom မှကူညီဖော်ပြပေးသွားပါတယ်။ အားလုံးပဲချစ်ရသောသူတွေနဲ့ ပျော်ရွှင်သောမိသားစုဘဝလေးပိုင်ဆိုင်နိုင်ကြပါစေ။ #BAWA101


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။