ကလေးကိုပြုစုပျိုးထောင်ရာမှာ မှားယွင်းတတ်သောအမှားများ

ဘယ်မိဘထံမှာ မွေးဖွားမလဲဆိုတာ သားသမီးတွေအနေနဲ့ ရွေးချယ်ခွင့်မရှိကြပါဘူး။ မိဘဖြစ်လာမယ့်သူတွေကသာ ဘယ်အချိန်မှာ သားသမီးယူမယ်၊ သားသမီးမယူသေးဘူးဆိုတဲ့ ဆုံးဖြတ်ချက်မျိုးနဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ အဲဒီလိုအခြေအနေဖြစ်တာကြောင့် ကိုယ်တိုင်စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရရော သေချာကြိုတင်ပြင်ဆင်ပြီးမှ မိဘ ဘဝကိုခံယူသင့်ပါတယ်။ သားသမီးဆိုတာမျိုးက သင့်အပေါ်မှာအများကြီးအားကိုးအားထားပြုပြီး သင့်ရဲ့ထိန်းကျောင်းမှုပုံစံအရ သင်နဲ့တူတဲ့သားသမီးတွေဖြစ်လာနိုင်တာပါ။ အဲဒါကြောင့် သင်ဟာ မိဘကောင်းဖြစ်လာမလား၊ မိဘဆိုးဖြစ်လာမလား ဆိုတာပေါ်မူတည်ပြီး သားသမီးကောင်းဖြစ်လာခြင်းမဖြစ်လာခြင်းဆိုတာ ဖြစ်လာတာပါ။


အဲဒီ့အတွက် သင်ကမိဘအဖြစ်တာဝန်ယူတော့မယ်ဆိုရင်တော့ ကလေးတစ်ယောက်ကို အကောင်းဆုံးဖြစ်အောင် ပြုစုပျိုးထောင်နိုင်မယ့်နည်းလမ်းတွေကို လေ့လာထားသင့်ပါတယ်။ ကလေးတစ်ယောက်ကိုပြုစုပျိုးထောင်ရာမှာ မှားယွင်းတဲ့ပြုစုပျိုးထောင်မှုပုံစံတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁) ကလေးကို လျစ်လျူရှုထားတတ်ခြင်း
ကလေးကို လျစ်လျူရှုထားခြင်းဆိုတာက ကလေးနဲ့ပွေ့ဖက်စကားပြောပေးတာ၊ တစ်နေ့တာ ဖြစ်ခဲ့သမျှကို မိဘနဲ့အပြန်အလှန်ပြောဆိုဆွေးနွေးတာ၊ ကလေးကိုလူကြီးတစ်ယောက်လိုအဖက်လုပ်တာ၊ ကလေးနဲ့အတူအိမ်မှုကိစ္စအတူလုပ်တာစသဖြင့် ကလေးကို လူကြီးမိသားစုဝင်တစ်ယောက်လို အဖက်လုပ်ခြင်းလို့ပြောရင်ရမယ်ထင်ပါတယ်။ မြန်မာနိုင်ငံက လူကြီးတော်တော်များများက ကလေးက ဘာမှနားမလည်ဘူးဆိုတဲ့စကားမျိုးနဲ့ ကလေးက ကလေးဟာကလေးနေ၊ လူကြီးက လူကြီးကိစ္စနဲ့လူကြီးဆိုပြီး ခွဲခြားဆက်ဆံတတ်တာမျိုး၊ ကလေးကိုဖယ်ထားတာမျိုး လုပ်တတ်ကြပါတယ်။ အဲဒီလိုကလေးကို ဖယ်ကျဉ်ထားခြင်းက ကလေးကိုသိမ်ငယ်စေသလို၊ အားငယ်စေပါတယ်။

၂) အဆိုးရွားဆုံးစကားလုံးများဖြင့် ဆူပူအော်ဟစ်တတ်ခြင်း၊ ရိုက်နှက်တတ်ခြင်း
ကလေးကို ထိတွေ့ဆက်ဆံတဲ့အခါမှာလည်း အကောင်းဘက်ကဆက်ဆံတာမျိုးမဟုတ်ဘဲ ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ဆူပူတာမျိုး၊ အော်ဟစ်တာမျိုး၊ ကလေးကိုစိတ်မထင်ရင် ရိုက်နှက်တာမျိုးက ကလေးကို ကြောက်လန့်စိတ်ဖြစ်စေပါတယ်။ အဲဒါအပြင် ကလေးက ဘာကိုမှ လုပ်ရဲကိုင်ရဲမရှိတော့ဘဲ တွန့်ဆုတ်သိမ်ငယ်တာမျိုးဖြစ်လာစေပါတယ်။

၃) အကာအကွယ်ပေးလွန်းခြင်း ၊ အလိုလိုက်ခြင်း
ကလေးကိုချစ်တဲ့အခါမှာလည်း ကလေးနဲ့ပတ်သက်သမျှ ရုပ်ပိုင်းဆိုင်ရာ အားလုံးကိုအလိုလိုက်ခြင်း၊ ငွေနဲ့အားလုံးကိုဖြေရှင်းပေးနိုင်တယ်လို့ထင်မြင်နေခြင်းဟာ မှားယွင်းပါတယ်။ ကလေးရဲ့အမှားကိုသေချာနားလည်အောင်ရှင်းပြရမယ့်အစား ကလေးမို့မသိဘူးဆိုတဲ့စကားနဲ့ကလေးကို အကာအကွယ်ပေးခြင်းကလည်း ကလေးကို ထင်ရာစိုင်းတတ်သူတွေဖြစ်လာစေပါတယ်။ ကလေးလိုချင်တာမှန်သမျှ အားလုံးကို ဝယ်ပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာအားဖြင့် လိုလေသေးမရှိဖြည့်ဆည်းပေးခြင်း
၊ အငိုမခံဘဲ အလိုလိုက်ခြင်းဟာလည်း ကလေးကို စိတ်လုံခြုံမှုပေးနိုင်မှာမဟုတ်ဘဲ ကလေးကို ဘယ်အရာမဆို မိဘကိုပူဆာလိုက်ရင် အားလုံးရနိုင်တယ်လို့ အထင်ရောက်စေပြီး မိဘရဲ့ကြပ်တည်းမှု၊ အဆင်မပြေမှုကို နားမလည်နိုင်တဲ့ကလေးတွေဖြစ်လာစေပါတယ်။ မိဘရဲ့အကူအညီမပါဘဲ မရပ်တည်နိုင်တဲ့ကလေးတွေဖြစ်လာစေပါတယ်။

၄) ကလေးကိုအယုံအကြည်မရှိခြင်း
ကလေး ဘာလုပ်လုပ် လုပ်နိုင်မှာမဟုတ်ဘူးလို့ အထင်သေးခြင်းက ကလေးကိုသူ့ကိုယ်သူယုံကြည်မှုကင်းမဲ့လာစေပါတယ်။ တခုခုဆို ကလေးအရွယ်လေးနဲ့လုပ်နိုင်မယ်ထင်တာကို လုပ်ခွင့်ပေးသင့်ပါတယ်။ ကလေးလုပ်နိုင်သွားတဲ့ ကောင်းသောအရာတွေအတွက် ချီးမွမ်းပေးပါ။ မကောင်းတဲ့အရာတွေကလေးလုပ်မိတဲ့အခါ နားလည်အောင် အကျိုးအကြောင်းရှင်းပြပေးပါ။ ကလေးကိုဘာဆိုဘာမှပေးမလုပ်ဘဲ ကလေးကိုဘာမှဆုံးဖြတ်ခွင့်၊ ကလေးကိုယ်တိုင်ဖန်တီးခွင့်ဘာမှမပေးခြင်းဟာ ကလေးကို သိမ်ငယ်စေပြီး သူ့ကိုယ်သူယုံကြည်မှုကင်းမဲ့လာစေပါတယ်။

၅) အာဏာရှင်ပုံစံဆက်ဆံတတ်ခြင်း
အမိန့်ပေးတာသာ လုပ်ရမယ်ဆိုတဲ့ အာဏာရှင်ပုံစံဆက်ဆံတတ်ခြင်းက ကလေးကို စက်ရုပ်လိုဖြစ်လာစေမှာပါ။ ကလေးဟာ သူ့ကိုယ်သူပျောက်ဆုံးနေသလို ခံစားရနိုင်ပါတယ်။ တခုခုဆို မိဘဆုံးဖြတ်ချက်မပါဘဲ သူ့ကိုယ်ပိုင်အသိနဲ့ ဆုံးဖြတ်နို်င်စွမ်းအားနည်းစေပါတယ်။ အမှားအမှန်ခွဲခြားနိုင်စွမ်းထက် မိဘက ခိုင်းတဲ့အတိုင်းသာ လုပ်ရမယ်လို့အထင်ရောက်လာစေပါတယ်။ ကလေးရဲ့တွေးခေါ်နိုင်စွမ်းကို သတ်ပစ်လိုက်သလိုပါပဲ။ တခုခုဆို ကလေးကိုလုပ်ခိုင်းကြည်ပြီး ကိုယ်တိုင်လုပ်ကြည့်လိုက်တဲ့အရာကနေမှ ကောင်းခြင်းဆိုးခြင်းခွဲခြားနားလည်ခြင်းက ကလေးကို အမှားအမှန်နားလည်စေလာသလို၊ ယုံကြည်မှုလည်းတိုးလာစေပါတယ်။

၆) မိဘကိုယ်တိုင်အပြုအမူအမှားတွေလုပ်နေခြင်း
မိဘဆိုတာ ကလေးအတွက် အနီးစပ်ဆုံးပတ်ဝန်းကျင်ဖြစ်ပါတယ်။ ကလေးက မိဘရဲ့အပြုအမူအလေ့အကျင့်တွေကို မြင်နေတွေ့နေကျဖြစ်နေတဲ့အခါ မိဘရဲ့အကျင့်စရိုက်အတိုင်းဖြစ်လာတာပါပဲ။ အဲဒါကြောင့် ကလေးအတွက် မိဘက စံပြကောင်းဖြစ်ဖို့အရေးကြီးပါတယ်။ ကလေးကို အကျင့်ကောင်းတွေဖြစ်စေချင်ရင် မိဘကိုယ်တိုင်ကလေးရှေ့မှာ အကျင့်ကောင်းတွေ၊ အပြုအမူကောင်းတွေနဲ့ နေထိုင်ပြရမှာဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။