ကလေးကို စိတ်ရှည်ဖို့ဘယ်လိုသင်ပေးမလဲ။

သင့်ကလေးမှာ ကောင်းမွန်တဲ့အကျင့်စရိုက်တွေဖြစ်အောင် ဘယ်လိုလုပ်ရမလဲ၊ ဥပမာ၊ စိတ်ရှည်ခြင်း၊ ပျော်ရွှင်ခြင်း၊ ချစ်ခင်နှစ်သက်ခြင်း၊ သိမ်မွေ့ခြင်းနဲ့ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်းရှိခြင်း စတာတွေပေါ့။ ဘယ်သူကမှ ကောင်းမွန်တဲ့အကျင့်စရိုက်တွေတခါတည်းမွေးရာပါလာတာမဟုတ်ပါဘူး။ သင်ပေးပြီးတော့ သင်ယူရတာပါပဲ။ စိတ်ရှည်အောင် ဘယ်လိုသင်ပေးမလဲဆိုတာကိုသိဖို့က ခက်ခဲပါတယ်။ အရာနှစ်ခုကို အမြဲတစ်ပြိုင်တည်းမပေးလိုက်ဘဲ တစ်ခုပြီး တစ်ခုရအောင်စောင့်စေခြင်းမျိုးက ကလေးကိုစိတ်ရှည်တတ်စေခြင်းပါပဲ။ အရွယ်ရောက်ပြီးသားတော်တော်များများအတွက်ကတော့ စိတ်ရှည်ဖို့ကြိုးစားရတာ ခက်ခဲတဲ့ကိစ္စပါပဲ။ ဒါပေမယ့် လူတစ်ယောက်ရဲ့အကျင့်စရိုက်အားလုံးအတွက်တော့ ဒီအချက်က အင်မတန်အရေးကြီးပါတယ်။ အောက်မှာဖော်ပြပေးထားတဲ့အချက်လေးတွေကတော့ သင့်ကလေးရဲ့ဘယ်အသက်အရွယ်ပိုင်းခြားမှာမဆို စိတ်ရှည်စွာစောင့်ဆိုင်းတတ်တဲ့အကျင့်လေးဖြစ်ပေါ်စေဖို့ အထောက်အကူဖြစ်စေမှာပါ။


၁) သေးသေးလေးက စတင်ပါ၊ ခဏတဖြုတ်သာဖြစ်ပါစေ။
ကိစ္စအသေးအဖွဲလေးတွေနဲ့ စတင်ကြည့်ပါ။ သင့်ကလေးရဲ့ အစောဆုံးအချိန်ဖြစ်တဲ့ toddler (တစ်နှစ် - သုံးနှစ်) အရွယ်လောက်ကတည်းက စတင်ကြည့်သင့်ပါတယ်။ သူ့ကို နို့ဘူးပေးတယ် ဒါမှမဟုတ် တစ်ခုခုပေးတယ်ဆိုရင် တစ်မိနစ် နှစ်မိနစ်စောင့်ခိုင်းတာမျိုးလေးလုပ်ကြည့်ပေးပါ။ “ခဏလေးစောင့်နော်….” ဆိုပြီး ထားလိုက်တာမျိုးပေါ့။ အဲဒါမှ သင့်ကလေးအရွယ်ရောက်လာတဲ့အခါ တဖြေးဖြေးချင်းအချိန်ကို ပိုကြာအောင်ဆွဲဆန့်ပြီး စိတ်ရှည်ဖို့ကျင့်ယူနိုင်မှာပါ။
၂) ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်ဖို့သင်ပေးပါ။
ကလေးတွေအတွက်က စိတ်ရှည်အောင် သင်ပေးခြင်းက သူတို့ရဲ့စိတ်ခံစားချက်တွေနဲ့ အပြုအမူတွေကို ထိန်းချုပ်တတ်အောင် သင်ပေးတာဖြစ်ပါတယ်။ သူတို့ိစိတ်ရှုပ်နေချိန်၊ ဒေါသထွက်နေချိန် နဲ့ မောပန်းနေချိန်မှာတောင်မှ စိတ်ရှည်တတ်သွားပါတယ်။ သူတို့ရဲ့အလိုဆန္ဒတွေကို သင်မဖြည့်ဆည်းပေးခင် သူတို့ကိုယ်သူတို့ ထိန်းချုပ်တတ်လာပါတယ်။
၃) တမင်နောက်ကျကြည့်ပါ။
ဘယ်အရာမဆို ချက်ချင်းရနိုင်တာမျိုးက ကျေနပ်စရာပါပဲ။ ဒါပေမယ့် အမြဲတမ်းတော့ အဲလိုမဖြစ်နေနိုင်ပါဘူး။ သူ့အလှည့် ကိုယ့်အလှည့်ဆိုတာမျိုးရှိသလိုပဲ စိတ်ရှည်စွာ စောင့်ဆိုင်းတတ်ဖို့တော့လိုပါတယ်။ မိဘတွေက ကလေးတွေကို စိတ်ရှည်တတ်အောင် သင်ပေးဖို့အတွက် တမင်ကို အချိန်ရွေ့ပြီး လုပ်ပေးသင့်ပါတယ်။ ကလေးကို ခုလိုချင် ၊ ခုချက်ချင်းရအောင် လိုတရလုပ်ပေးခြင်းက ကလေးရဲ့အရွယ်ရောက်တဲ့အခါ ဘဝကိုလျှောက်လှမ်းရာမှာ အခက်အခဲဖြစ်စေနိုင်ပါတယ်။ ကလေးက ခွေးလေးတစ်ကောင်လောက်မွေးချင်တယ်ဆိုပါစို့။ ခုလောလောဆယ်တော့မဝယ်ပေးသေးဘူး၊ လာမယ့် ခရစ်စမတ် ဒါမှမဟုတ် သူ့မွေးနေ့ထိ စောင့်နိုင်ရင်ဝယ်ပေးမယ်ဆိုတာမျိုးပေါ့။ အဲဒါမှ ကလေးက သူလိုချင်တဲ့ပစ္စည်းကို ရနိုင်ဖို့ စောင့်ဆိုင်းတတ်မှာပါ။
၄) လမ်းကြောင်းလွှဲပေးပါ။
ကလေးကိုစိတ်ရှည်တတ်ဖို့သင်ပေးမယ်လို့တွေးတဲ့အခါ မတတ်သာလို့ စိတ်ညစ်ညူးပြီး စောင့်ဆိုင်းရတာမျိုးမဟုတ်ဘဲ သူကိုယ်တိုင် ပျော်ရွှင်စွာစောင့်နေတတ်ဖို့က ပိုအရေးကြီးပါတယ်။ အဲဒီ့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ စောင့်ဆိုင်းနေရတဲ့စိတ်ကို လမ်းကြောင်းလွှဲဖို့ပါပဲ။ စောင့်နေတာကိုပဲ အာရုံမရှိဘဲ အခြားတစ်ခုခုကို လုပ်နေစေခြင်းက စောင့်နေရခြင်းကို မသိသာစေတော့ပါဘူး။
၅) အရွယ်ရောက်ပြီးကလေးများကိုလည်း သင်ပေးပါ။
ကျွန်တော်တို့နေ့စဉ်ဘဝမှာ စိတ်ရှည်စွာမစောင့်ဆိုင်းတတ်ခြင်းက ပိုပြီး များလာပါတယ်။ သင့်ရဲ့အရွယ်ရောက်နေတဲ့ကလေးကိုလည်း တခုခုဝယ်ယူတဲ့အခါမှာ စောင့်ဆိုင်းတတ်ဖို့ သင်ပေးပါ။ ပြီးတော့ ကလေးကို တခုခုဝယ်ဖို့အတွက် ငွေစုခိုင်းပြီး လိုချင်တဲ့ငွေပမာဏရမှ ဝယ်ခိုင်းတာမျိုးလုပ်ပေးခြင်းက ကလေးအတွက်လည်း ကောင်းသလို၊ စိတ်ရှည်စွာ စောင့်ဆိုင်းတတ်တဲ့အကျင့်လေးလည်း ဖြစ်လာပါတယ်။
https://www.imom.com/good-character-for-kids-how-to-teach-patience-to-your-kids/#.XH3o64gzbDd လင့်မှ ဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။