ကလေးကို စိတ်ရှည်အောင် ပျိုးထောင်ပေးသင့်တဲ့အကြောင်းပြချက်

စိတ်ရှည်ဖို့က နေ့စဉ်ဘဝမှာ အရေးပါပါတယ်။ အိမ်မှာဆိုလည်း ကျွန်တော်တို့ရဲ့ကလေးတွေအပေါ်မှာ စိတ်ရှည်ဖို့၊ အလုပ်မှာဆိုလည်း လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာ စိတ်ရှည်ဖို့၊ စသည်ဖြင့်ပေါ့။ နေ့စဉ်ဘဝမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ မိသားစုအရေးမှာပဲဖြစ်ဖြစ်၊ ပေါင်းသင်းဆက်ဆံရေးတစ်ခုခုမှာပဲဖြစ်ဖြစ် စိတ်ရှည်တတ်ခြင်းက ကောင်းသောအကျိုးဆက်တွေသာဖြစ်လာနိုင်စေပါတယ်။ လေ့လာတွေ့ရှိချက်တွေအရဆိုရင် စိတ်ရှည်ခြင်းက စိတ်ဖိစီးမှုသက်သာစေတဲ့အတွက် စိတ်ပိုင်းဆိုင်ရာပြဿနာတွေတောင် လျော့နည်းစေပါတယ်တဲ့။ အဲဒါကြောင့် ငယ်စဉ်ကလေးဘဝထဲက စိတ်ရှည်တတ်အောင် သင်ကြားပျိုးထောင်ပေးသင့်ပါတယ်။ ကလေးကိုစိတ်ရှည်အောင် မသင်ကြားပေးတဲ့အခါ ကလေးတစ်ယောက်က ဘာတွေဖြစ်လာနိုင်မလဲဆိုတာ ဖတ်ကြည့်လိုက်ကြရအောင်ပါ။


စိတ်ဖိစီးမှုများတဲ့ လူနေမှုဘဝကြောင့် ကျွန်တော်တို့တွေက ဘယ်အကြောင်းအရာကိုမဆို စိတ်ရှည်စွာနေတတ်ဖို့၊ စောင့်ဆိုင်းတတ်ဖို့ ခက်ခဲလွန်းလှပါတယ်။ အဲဒါကြောင့် ကလေးဘဝအရွယ်ထဲက စိတ်ရှည်သည်းခံတတ်အောင် သင်ကြားပေးသင့်ပါတယ်။
စိတ်ရှည်စွာ စောင့်ဆိုင်းတတ်တဲ့အလေ့အထမရှိတဲ့အခါ စိတ်ဖိစီးခြင်းနဲ့ စိတ်ရှုပ်ထွေးခြင်းတွေက ကျွန်တော်တို့ကို ထိန်းချုပ်သွားပါတယ်။ အဲဒီ့အခါမှာ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်းပျောက်ဆုံးပြီး ဒေါသနဲ့ရိုင်းစိုင်းတဲ့အပြုအမူတွေ လုပ်မိလာစေနိုင်ပါတယ်။ အဲဒါကြောင့် ငယ်ရွယ်စဉ်မှာ စိတ်ရှည်ဖို့သင်ကြားခြင်းမရှိတဲ့ ကလေးငယ်တွေဟာ စိတ်တိုလွယ်သူ၊ စိတ်ဆတ်သူမျိုးဖြစ်လာနိုင်ပါတယ်။
ကျွန်တော်တို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အလျင်စလိုပြုလုပ်ခြင်း၊ အလောကြီးခြင်းက အမှားများဖြစ်လွယ်သလို၊ မူးဝေခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒါက စိတ်ဖိစီးမှုတွေကို မထိန်းသိမ်းနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
သင့်ကလေးငယ်ကိုလည်း စိတ်မရှည်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကို ပြောပြထားဖို့လိုပါတယ်။ သင့်ကလေးငယ်မှာ စိတ်မရှည်နိုင်စရာ ဖြစ်ရပ်မျိုးကြုံတွေ့လာတဲ့အခါ ထိုဖြစ်ရပ်ကနေ အကောင်းမြင်တတ်တဲ့စိတ်ဖြစ်ပေါ်လာအောင် သင်ပေးသင့်ပါတယ်။
စိတ်ရှည်ခြင်းက သင့်ရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို ကူညီပေးနိုင်ပြီး သည်းခံတတ်လာစေနိုင်ပါတယ်။ စိတ်ရှည်တတ်တဲ့လူတွေမှာ လူနေမှုဘဝမှာကော၊ လုပ်ငန်းခွင်မှာကော အကောင်းဘက်က အကျိုးရလဒ်တွေရှိစေပါတယ်။ အိမ်နီးနားချင်းကောင်းတွေရနိုင်သလို၊ လုပ်ငန်းခွင်မှာလည်း လူချစ်လူခင်ပေါများနိုင်မှာပါ။ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေလည်း ကောင်းမွန်စေလို့ သင်ကအမြဲလန်းဆန်းတက်ကြွနေပါလိမ့်မယ်။ ဖိစီးမှုတွေလျော့နည်းစေလို့ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေဖြစ်နိုင်ချေနည်းပါးပါတယ်။ စိတ်ကျန်းမာတဲ့အတွက် ကိုယ်ကျန်းမာခြင်းကိုပါ သွယ်ဝိုက်ပိုင်ဆိုင်နေအုံးမှာပါနော်။
ကဲ….ခုလောက်ဆိုရင်တော့ နေ့စဉ်ဘဝမှာ စိတ်ရှည်တတ်ခြင်းက ဘာကြောင့်လိုအပ်သလဲ။ သင့်ရဲ့ကလေးငယ်တွေကိုလည်း စိတ်ရှည်အောင် ဘာကြောင့်ပျိုးထောင်သင့်သလဲဆိုတာ သိလောက်ပြီထင်ပါတယ်နော်။
https://youaremom.com/children/teach-children-patience/ လင့်မှ မှီငြမ်းဖော်ပြထားခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။