ကလေးကို မူကြိုစောထားသင့်မထားသင့် ဘယ်လိုစဉ်းစားကြမလဲ။

ကလေးကိုဘယ်အရွယ်မှာ မူကြိုထားသင့်သလဲဆိုတာ မိဘတွေတော်တော်များများခေါင်းစားကြတဲ့မေးခွန်းပါပဲ။ တချို့ကတော့ တစ်သက်လုံးစာဆိုတာကြီးကို သင်သွားရမှာဖြစ်တဲ့အတွက် ကလေးသဘာ၀ လွတ်လပ်စွာ ဆော့ကစားခွင့်ပေးချင်တဲ့အတွက် အသက် ၅နှစ်အထက်လောက်မှ မူကြိုပို့မယ်တွေးသလို၊ တချို့မိဘကျပြန်တော့ စားဝတ်နေရေးကြောင့်အလုပ်ထွက်လုပ်တာမျိုး၊ စိတ်ချရတဲ့လူပိုအိမ်မှာမရှိတာကြောင့်ရော၊ အကြောင်းအမျိုးမျိုးကြောင့် ကလေးကို ၂နှစ် ၃နှစ်လောက်နဲ့ မူကြိုပို့ကြပြန်ပါတယ်။ ဘယ်အယူအဆက ပိုမှန်သလဲဆိုတာ မေးစရာဖြစ်လာပါတယ်။ အိမ်မှာ မိဘတစ်ဦးဦးက ရှိနေပေမယ့် ကလေးတိုးတက်မှုအတွက် မူကြိုပို့သင့်သလား၊ မပို့သင့်ဘူးလား၊ ဆိုတဲ့ ဝေခွဲမရနိုင်တဲ့မေးခွန်းတွေဖြစ်လာပါတယ်။


ကလေးယူမယ်ဆိုတဲ့မိဘတွေ အရင်ဆုံးသိထားသင့်တာက ကလေးရဲ့ဦးနှောက်ဘယ်လိုဖွံ့ဖြိုးနေသလဲ၊ ကလေးရဲ့တစ်ဘဝလုံးမှာ အများတန်းတူ သင်ယူလေ့လာနိုင်စွမ်းရှိစေဖို့၊ ကျောင်းမှာအောင်မြင်နိုင်စေဖို့၊ ဘဝတစ်ခုလုံးမှာ စဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိစေဖို့အတွက် ကလေးဦးနှောက်ဖွံ့ဖြိုးမှုကို သိဖို့လိုအပ်ပါတယ်။ ကလေးရဲ့မွေးစကနေ အသက် ၅နှစ်ထိမှာ ကလေးရဲ့ဦးနှောက်အဖွံ့ဖြိုးဆုံးအချိန်ဖြစ်ပါတယ်။ ထိုအချိန်က ကလေးရဲ့တစ်ဘဝလုံးအတွက် အရေးအကြီးဆုံးဖြစ်ပါတယ်။ ကလေးဦးနှောက်အဖွံ့ဖြိုးဆုံးအချိန်မှာ ကလေးဦးနှောက်ဖွံ့ဖြိုးမှုကို အသားပေးတဲ့လေ့ကျင့်မှုမျိုးလိုအပ်ပါတယ်။
ကလေးသူငယ်ဆိုင်ရာကျွမ်းကျင်သူတွေကတော့ kindergarten အတန်းနဲ့အထက် ကလေးတွေကို သေချာစနစ်တကျသင်ကြားပေးဖို့က အရေးကြီးတယ်လို့ ထောက်ခံထားပါတယ်။
childcare နဲ့ preschool က ဘာကွာသလဲ။
childcare နဲ့ preschool က မတူညီပါဘူး။ Childcare ဆိုတာမျိုးက မဖြစ်မနေအလုပ်လုပ်ရမယ့်မိဘတွေအတွက် ကလေးတွေကို ထိန်းကျောင်းစောင့်ရှောက်ပေးတာဖြစ်ပါတယ်။ ကလေးကို တစ်နေ့လုံးအတွက် ထမင်းကျွေးဖို့၊ ထိန်းကျောင်းဖို့၊ ကောင်းမွန်စွာအိပ်စက်ဖို့ စသဖြင့် ကလေးရဲ့ဝေယျာဝစ္စတွေကို အဓိကထားကူညီပေးနိုင်တာဖြစ်ပါတယ်။ အဲဒါကြောင့် child care ဆိုတာက နေ့ကလေးထိန်းကျောင်းလို့ပြောလို့ရသလို၊ ကလေးရဲ့ဝေယျာဝစ္စအားလုံးကို မလုပ်မအားလပ်တဲ့မိဘကိုယ်စားလုပ်ကိုင်စောင့်ရှောက်ပေးတာမျိုးပါပဲ။ အခြားသော ကလေးရဲ့ဖွံ့ဖြိုးတိုးတက်မှု့ကိုတော့ အများကြီးမလေ့ကျင့်ပေးနိုင်ပါဘူး။
Preschool ဆိုတာကတော့ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးနေချိန် အစောပိုင်းကလေးဘဝအတွက် သင်ယူမှုဆိုင်ရာတွေကို စနစ်တကျသင်ကြားပြုစုပျိုးထောင်ပေးတာမျိုးဖြစ်ပါတယ်။ အထူးသဖြင့် ၃နှစ်နဲ့ ၄နှစ်ကြားကလေးတွေအတွက်ဖြစ်ပါတယ်။ Preschool မှာတော့ အရင်ဆုံး ကလေးကို လူမှုဆက်ဆံရေးနဲ့ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်မှုရှိအောင်၊ ဦးနှောက်ဖွံ့ဖြိုးမှုအထောက်အကူဖြစ်တဲ့ကစားနည်းမျိုးတွေ၊ လေ့ကျင့်ပေးမှုတွေ၊ ကလေးရဲ့အာရုံစူးစိုက်နိုင်စွမ်းကောင်းအောင်၊ နားထောင်နိုင်စွမ်းတိုးတက်အောင် စသဖြင့် ကူညီပေးနိုင်ပါတယ်။ preschool မှာက ကလေးအချင်းချင်း မျှဝေတတ်ဖို့၊ ချစ်ခင်ကြင်နာစိတ်ရှိဖို့၊ အရောင်လေးတွေ၊ ပုံသဏ္ဍာန်လေးတွေ၊ သီချင်းသံတွေ၊ အကအခုန်၊ ဆော့ကစားဖို့၊ ကိန်းကဏန်းတွေ၊ စာလုံးလေးတွေ စသဖြင့် သင်ယူရင်း ကလေးဦးနှောက်ကို ဆက်လက်ဖွံ့ဖြိုးစေတာဖြစ်ပါတယ်။ National Institute for Early Education Research (NIEER)ရဲ့လေ့လာချက်အရ အသက်၄နှစ်အရွယ်ကလေးတွေ ၃ပုံ ၂ပုံမှာ preschool ကိုပို့ကြပြီး ၃နှစ်ရဲ့ ၄၀ရာခိုင်နှုန်းခန့်ကလည်း preschool ကိုပို့ကြပါတယ်။ သေချာစနစ်တကျပြုစုပျိုးထောင်ပေးတဲ့ preschool ကိုပိုခြင်းက ကလေးရဲ့ သင်ယူမှုစွမ်းရည်၊ စကားလုံးဝေါဟာရကြွယ်ဝမှု၊ သချာၤစွမ်းရည်ပိုပြီး သာလွန်စေပါတယ်လို့ NIEER အဖွဲ့ရဲ့ဒါရိုက်တာဖြစ်သူ ပရော်ဖက်ဆာ W. Steven Barnett က ပြောပြထားပါတယ်။ ကလေးတိုင်းဟာ အုပ်စုဖွဲ့ကစားခြင်း၊ မျှဝေခြင်း၊ ထောက်ထားညှာတာခြင်းတွေရဖို့လိုသလို၊ အခြားသူကိုလည်း ထိုကဲ့သို့ပြုမူတတ်ဖို့လိုပါတယ်။ ကလေးက လက်ကလေးတွေမြောက်ဖို့၊ ခန္ဓာကိုယ်လှည့်ပတ်ကစားတတ်ဖို့၊ သီဆိုကခုန်တတ်ဖို့၊ အခြားကလေးတွေကို မျှဝေတတ်ဖို့စသဖြင့် သင်ယူတတ်စေပါတယ်။ အပြုအမူကောင်းတွေတိုးတက်စေပြီး လူမှုဆက်ဆံရေးလည်းကောင်းစေပါတယ်။
အထူးသဖြင့်တော့ ကလေးကို စာတွေနဲ့ပိတ်လှောင်ပြီး စိတ်ညစ်စေတာမျိုးမဟုတ်ဘဲ ကလေးရဲ့ပျော်ရွှင်မှုကို ကလေးရဲ့အခြားစွမ်းရည်တွေအတွက် အခြေခံပြီး သင်ယူစေတာဖြစ်ပါတယ်။ အဲဒါကြောင့် အရည်အချင်းရှိပြီးသေချာပြုစုနိုင်တဲ့ preschool ကတော့ ကလေးရဲ့စွမ်းရည်တွေအများကြီးကို အထောက်အကူဖြစ်စေသလို၊ ကလေးရဲ့အရည်အချင်းတွေအများကြီးအတွက် အခြေခံကောင်းဖြစ်စေနိုင်ပါတယ်။
အတော်များများကတော့ ကလေးရဲ့အသက် ၃နှစ်နဲ့ ၄နှစ်ကြားမှာ preschool ပို့ကြပါတယ်။ အချို့ကျပြန်တော့လည်း အသက် ၂နှစ်ခွဲလောက်မှာတင် ပို့တတ်ကြပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရင်ခွင်ပိုက်အရွယ်မို့ မိဘကအလုပ်နဲ့မအားလပ်တာကြောင့်ဆိုရင်တော့ child care ကိုပို့ရတာ အဆင်ပြေစေမှာဖြစ်ပြီး ကလေးရဲ့အသက် ၂နှစ်ခွဲနဲ့အထက်မှာလည်း ကလေးက သူနိုင်သလောက် သူသင်ယူနိုင်သလောက် ဥပမာ။ ဗိုက်ဆာတာကိုပြောတတ်မယ်၊ အိမ်သာသွားချင်တာကိုပြောတတ်မယ်၊ အခြားသူတွေနဲ့ အပြန်အလှန်ဆက်ဆံဖို့ တတ်နိုင်ပြီ၊ နားလည်ပြီဆိုရင် ကလေးရဲ့အသက်၂နှစ်ခွဲနဲ့အထက်မှာတော့ အထက်ကဖော်ပြထားတဲ့ စနစ်တကျပြုစုပျိုးထောင်လေ့ကျင့်ပေးတဲ့ preschool မျိုးကို ပို့ဖို့ အကြမ်းဖျင်းအားဖြင့် အဆင်ပြေနိုင်ပါတယ်။ အချို့သော မြန်မာမိဘအတော်များများရဲ့အမြင်ကတော့ မူကြိုလိုပြောလိုက်တာနဲ့ စာကြိုသင်တာပဲဖြစ်ပါတယ်။ အသက်၂နှစ်ခွဲနဲ့ ၃နှစ်အရွယ်ခန့်ကလေးကို စာတွေကြိုကျက်ခိုင်းတာမျိုး၊ စာတွေ ကြိုရေးသင်ချင်တာမျိုးတွေက အထက်က preschool က စနစ်တကျလေ့ကျင့်ပေးတဲ့ပုံစံမျိုးနဲ့ လုံးဝကိုမတူညီဘဲ ခြားနားပါတယ်နော်။ စာတွေကြိုပြီး အလွတ်သင်အံ့ခိုင်းဖို့အတွက် preschool ကိုတက်ခိုင်းရတာမဟုတ်ပါဘူး။ ကလေးရဲ့ပေါင်းသင်းဆက်ဆံရေးစွမ်းရည်၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးဖို့၊ ကလေးရဲ့နားထောင်နိုင်စွမ်း၊ လေ့လာသင်ယူနိုင်စွမ်း၊ ကြင်နာခြင်းနဲ့မျှဝေနိုင်ခြင်း၊ စကားလုံးကြွယ်ဝမှု၊ အရောင်နဲ့အရေအတွက်၊ စာလုံးလေးတွေသိဖို့စတဲ့ skills ပေါင်းများစွာတိုးတက်ဖို့ စနစ်တကျသင်ပေးတတ်တဲ့ကျောင်းကို ပို့တာမျိုးကို ဆိုလိုချင်တာဖြစ်ပါတယ်။ မိဘက မသင်ကြားပေးနိုင်ရင်တောင် လေ့လာထားတဲ့အခါ မိမိရဲ့သားသမီးအတွက် ဘယ်လိုအချိန်မှာတော့ preschool ပို့ဖို့အဆင့်သင့်ဖြစ်ပြီ၊ ဘယ်preschool ကိုတော့ ကလေးအတွက်ကိုက်ညီမယ်ဆိုတာမျိုး သေချာရွေးချယ်နိုင်မှာဖြစ်ပါတယ်လို့ child care၊ preschool ကိုခွဲခြားနားလည်အောင် ဖော်ပြပေးလိုက်ရပါတယ်။
https://www.parents.com/toddlers-preschoolers/starting-preschool/curriculum/why-preschool-matters/ လင့်မှကိုးကားဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။