ကလေးကို လူကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုပျိုးထောင်မလဲ။

များသောအားဖြင့်ကတော့ လူတော်ဖြစ်ရင် ချီးကျူးတတ်ကြပါတယ်။ ဒီကအယူအဆအရ အတန်းတိုင်းမှာဆုတွေတသီကြီးရလာရင်ကို လူတော်အဖြစ်သတ်မှတ်တတ်ကြတာပေါ့။ ဒါပေမယ့် အတန်းထဲမှာ စာတော်တဲ့ကလေးတိုင်း လက်တွေ့ပြင်ပဘဝအရောက်မှာ၊ ဘဝမှာကော အဆင်ပြေကြရဲ့လားဆိုတာက အင်မတန် ယုတ္တိကျတဲ့စဉ်းစားစရာပါ။ ဆယ်တန်းမှာ ဂုဏ်ထူးတွေတသီကြီးရတယ်၊ ကျောင်းကောင်းကောင်းတက်ခွင့်ရတယ်၊ ကျောင်းကဘွဲ့ကောင်းကောင်းရတယ်၊ နောက်ထပ်ဘွဲ့တွေထပ်ရတယ်၊ ထပ်ယူတယ်။ စာမှစာလုပ်နေလို့ အရမ်းတော်တာပဲလို့ အချို့မိဘတွေက သတ်မှတ်တတ်ကြပါတယ်။


ဒါပေမယ့် ထိုကဲ့သို့ စာမှစာဖြစ်နေတဲ့ကလေးတွေမှာ မိဘက အိမ်မှုကိစ္စမှန်သမျှ ဘာဆိုဘာမှမခိုင်းတာ၊ မသင်တာ၊ ကလေးကမိဘကူရမယ်မှန်းနားမလည်တာစတဲ့ပြဿနာတွေအပြင် အိမ်ရဲ့စီးပွားရေးအခြေအနေကိုနားမလည်တာ၊ မိဘကို သူ့လောက်မှမသိမတတ်သူအဖြစ် ဆက်ဆံတတ်တာ၊ ရိုင်းစိုင်းတာ၊ မောက်မာတာစတဲ့အားနည်းချက်တွေကို မြင်ရတဲ့အခါမှာတော့ လူတော်ဖြစ်တိုင်း လူကောင်းဖြစ်ရဲ့လားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ တကယ်တော့ လူတော်နဲ့ လူကောင်းဆိုတာ မတူပါဘူး။ လူတော်ဆိုတာ တဖက်ကမ်းခတ်ထူးချွန်အောင်တော်နေပါလိမ့်မယ်။ ဒါပေမယ့် လူကောင်းတစ်ယောက်ဖြစ်ချင်မှဖြစ်မှာပါ။ လူတော်တွေ လူဆိုးဖြစ်နေရင်တော့ အဆိုးတကာ့ထဲမှာ အဆိုးဆုံးဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ခြင်းထဲမှာ လူတော်ဖြစ်အောင်ပျိုးထောင်သင့်တာမှန်ပေမယ့် လူတော်တစ်ယောက်ဖြစ်ဖို့ထက် ပိုအရေးကြီးတာက လူကောင်းတစ်ယောက်ဖြစ်ဖို့ပါပဲ။ အဲဒါဆိုရင် လူကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ကလေးကိုဘာတွေသင်ပေးသင့်သလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံး။

၁) မိဘက စံပြဖြစ်ပါစေ။
မိဘကိုယ်တိုင်က ကလေးကိုဖြစ်စေချင်တဲ့အတိုင်း နေထိုင်ပြုမူပါ။ ကလေးကို စကားပြောယဉ်ကျေးစေချင်ရင် မိဘကိုယ်တိုင်ယဉ်ကျေးစွာပြုမူပြောဆိုပါ။ ကလေးကို လိမ္မာစေချင်ရင် မိဘကိုယ်တိုင်က လိမ္မာတဲ့သူတွေနေထိုင်ပြုမူသလိုနေထိုင်ပါ။ ကလေးကို မဆဲတတ်၊ မရိုင်းစိုင်းစေချင်ရင် မိဘကိုယ်တိုင်က မဆဲဘဲ စိတ်ရှည်စွာပြုမူပြောဆိုပါ။ မိဘဖြစ်လာတာနဲ့တပြိုင်တည်း ကိုယ်လုပ်သမျှကို ကိုယ့်သားသမီးက လိုက်အတုခိုးနေတယ်ဆိုတာ ဘယ်တော့မှမမေ့ပါနဲ့။ ကလေးကိုဖြစ်စေချင်တဲ့အတိုင်း မိဘက နေထိုင်ပြုမူပေးပါ။ ကလေးဆိုတာ မိဘရဲ့ပုံရိပ်ပါပဲနော်။

၂) ကလေးကို မျှဝေတတ်ဖို့သင်ပေးပါ။
ကလေးကိုမုန့်ကျွေးတဲ့အခါ တခြားတစ်ယောက်ယောက်ကတောင်းစားရင် မကျွေးချင်တာမျိုးကစပြီး ကလေးကိုမျှဝေချင်စိတ်ရှိအောင်သင်ပေးလို့ရပါတယ်။ “သမီးမုန့်ကိုသမီးကမကျွေးချင်ဘူးဆိုရင် အခြားသူကလည်း သမီးကိုမုန့်ပြန်ကျွေးချင်မှာမဟုတ်ဘူး” ဆိုတာမျိုးနဲ့သင်ပေးလို့ရပါတယ်။ မုန့်တစ်ခုကို နှစ်ယောက်ခွဲစားဖို့သင်ပေးတာမျိုးပေါ့။ မျှဝေတတ်တဲ့အကျင့်ရှိတဲ့ကလေးက လူသားချင်းစာနာတတ်လာပါလိမ့်မယ်။ ကိုယ်လည်းမုန့်စားချင်ရင် “အခြားသူလည်းမုန့်စားချင်မှာပဲ”ဆိုတဲ့စိတ်လေးသင်ပေးရမှာပါ။ အရုပ်ဆိုလည်း အတူမျှဝေပြီးဆော့တတ်ဖို့သင်ပေးသင့်ပါတယ်။ အဲဒီလို မုန့်ဝေစားတာ၊ အရုပ်အတူဆော့တာမျိုးတွေကနေ ကလေးကို မျှဝေခြင်းသင်ပေးလို့ရပါတယ်။

၃) ကိုယ်ချင်းစာတတ်ဖို့သင်ပေးပါ။
ကိုယ့်နာသွားရင် အခြားသူလည်း နာတတ်မယ်ဆိုတာမျိုးသိအောင်သင်ပေးပါ။ အဲဒါဆိုရင် ကိုယ်နာကျင်တဲ့ကိစ္စမျိုးကို အခြားသူကိုလည်း မလုပ်သင့်ကြောင်းသိစေပါ။ ကိုယ်မကြိုက်တာမျိုး ကိုယ့်ကိုမလုပ်စေချင်ရင် ကိုယ်တိုင်ကလည်း အခြားသူမကြိုက်တာကိုမလုပ်မိစေဖို့ ပြောပြသင်ပေးပါ။

၄) အနိုင်မကျင့်တတ်ဖို့သင်ပေးပါ။
ကိုယ့်ကလေးအနိုင်ကျင့်မခံရစေဖို့လိုသလို၊ ကိုယ့်ကလေးကိုယ်တိုင်လည်း အခြားသူကို အနိုင်ကျင့်သူမဖြစ်စေဖို့လည်း အရေးကြီးပါတယ်။ အဲဒီ့အတွက် အရေးကြီးတာက ကိုယ့်ကလေးကို လာပြီးအနိုင်ကျင့်တဲ့သူကို ရိုင်းစိုင်းစွာပြန်မတုံ့ပြန်ဖို့ သင်ပေးရမှာပါ။ ပြန်သာချ….ပြန်လုပ်လိုက်….လို့သင်ပေးလိုက်ခြင်းက ကလေးစိတ်ထဲမှာ အနိုင်ကျင့်တတ်ဖို့ အားပေးတယ်လို့အထင်ရောက်သွားစေပါတယ်။ နည်းမှန်လမ်းမှန်သင်ပေးဖို့လိုပါတယ်။

၅) သနားကြင်နာတတ်ဖို့သင်ပေးပါ။
သနားကြင်နာတတ်တဲ့စိတ်က လူသားချင်းစာနာထောက်ထားတတ်တဲ့စိတ်ဖြစ်ဖို့ သင်ပေးရမှာဖြစ်ပါတယ်။ ကိုယ်ချင်းစာစိတ်က သနားကြင်နာစိတ်ကနေဖြစ်ပေါ်လာတာဖြစ်ပါတယ်။ အဲဒါကြောင့်သနားကြင်နာစိတ်ရှိဖို့လည်းလိုပါတယ်။

၆) တွေးခေါ်စဉ်းစားတတ်ဖို့သင်ပေးပါ။
တွေးခေါ်စဉ်းစားနိုင်စွမ်းမြင့်တဲ့ကလေးတွေက အမှန်အမှားခွဲခြားနားလည်နိုင်စွမ်းပိုသာပါတယ်။ အမှန်အမှားခွဲခြားနားလည်နိုင်တဲ့အခါ အမှားကိုရှောင်တတ်သွားပါတယ်။

၇) အမှန်တရားကိုမြတ်နိုးတတ်ဖို့သင်ပေးပါ။
ဘယ်အရာကအမှန်၊ ဘယ်အရာကတော့မလုပ်သင့်၊ မဖြစ်သင့်ဘူးဆိုတာကို ရှင်းပြပြောပြသင်ပေးရပါမယ်။ ပုံပြင်လေးတွေထဲမှာ ၊ ဇာတ်လမ်းတွေထဲမှာ ကလေးနဲ့အတူစာဖတ်ပြခြင်းကနေသင်ပေးလို့ရပါတယ်။ အမှန်တရားကိုမြတ်နိုးတဲ့ကလေးက အမှားကိုလုပ်ဖို့ရွံ့ပါလိမ့်မယ်။ အမှန်ကိုသာလုပ်ဖို့ကြိုးစားပါလိမ့်မယ်။

၈) အမှားကို ဝန်ခံတတ်ဖို့၊ တာဝန်ယူတတ်ဖို့သင်ပေးပါ။
အမှားကို မသိလို့လုပ်မိတာဖြစ်ဖြစ်၊ မတော်တဆလုပ်မိတဲ့အခါမျိုးဆို အမှန်ပြင်ပေးပါ။ အမှားကို-ဝန်ခံတတ်ဖို့သင်ပေးပါ။ ကိုယ့်ကြောင့်အမှားဖြစ်ရတာကို တာဝန်ယူတတ်ဖို့ ပြန်ပြီး ပြုပြင်ဖို့သင်ပေးပါ။ ဥပမာ။ ကလေးကြောင့် အမှိုက်ပွသွားရင် ကလေးကိုမဆူမအော်ပဲ သားရေ အမှိုက်တွေပြန်သိမ်းလိုက်နော်။ သူ့ဟာသူပြန်လုပ်ခိုင်းပါ။ ကော်ပြားနဲ့တံမြက်စည်းယူပြီး သိမ်းခိုင်းပါ။ အဲလိုလုပ်ရင် အဲဒီလိုဖြစ်တတ်တယ်ဆိုတာသိပြီးလား၊ နောက်မဖြစ်စေနဲ့၊ သတိထားနော်လို့ ပြောပြပေးလိုက်ပါ။ အဓိကက သူ့လုပ်တာကို သူပြန်ပြီးတာဝန်ယူရမယ်ဆိုတာကိုသိသွားအောင်သင်ပေးဖို့လိုပါတယ်။
အထက်က အချက်တွေကို တချက်ချင်းအကျယ်ချဲ့ပြီး ပေ့ချ်မှာဖော်ပြထားတဲ့ဆောင်းပါးလေးတွေရှိပါတယ်။ ကလေးတွေအတွက် မှန်ကန်တဲ့အသိဉာဏ်ပညာရှိတဲ့မိဘရှိဖို့က အင်မတန်အရေးကြီးပါတယ်။ လူကြီးကောင်းရဲ့သွန်သင်မှုရှိမှသာ ကလေးကလည်း လူကောင်းလေးတွေဖြစ်လာမှာပါ။ လူကောင်းတစ်ယောက်က သူ့ရဲ့မိဘ၊ ပတ်ဝန်းကျင်၊ မိသားစုကိုလည်း တလေးတစားနဲ့ချစ်ခင်ကြင်နာတတ်မှာဖြစ်ပါတယ်။ လူကောင်းတစ်ယောက်ဖြစ်လာတဲ့ကလေးအတွက် လူတော်တစ်ယောက်ဖြစ်လာစေဖို့က လွယ်ကူသွားပြီဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။