ကလေးကို ကိုယ်ချင်းစာတရားရှိအောင် ပျိုးထောင်ပေးပါ။

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရခြင်းဟာ အင်မတန်မှ ခက်ခဲလေးနက်ပြီး အရမ်းကိုကျယ်ပြန့်ပါတယ်။ ကလေးကို လိမ္မာယဉ်ကျေးအောင်၊ သိတတ်အောင်၊ ကြင်နာတတ်အောင်၊ ကိုယ်ချင်းစာတတ်အောင်၊ အနိုင်မကျင့်တတ်အောင်၊ ပျော့ညံ့သူမဖြစ်အောင်၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိအောင် ၊ ကိုယ့်တာဝန်ကိုယ်ယူတတ်အောင် စသဖြင့် ပြီးပြည့်စုံအောင် သွန်သင်ပြသဖို့လိုပါတယ်။ အဲဒီလို ၁၀၀ရာခိုင်နှုန်းအပြည့် သင်ထားရင်တောင်မှ အရွယ်ရောက်တဲ့အခါ ပေါင်းသင်းတဲ့အပေါင်းအသင်းပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲသွားနိုင်ပါသေးတယ်။ အဲဒီ့အတွက် ကလေးရဲ့အမှားအမှန်ခွဲခြားချင့်ချိန်နိုင်စွမ်းရှိအောင် ကလေးကို စာဖတ်တဲ့ကလေးဖြစ်အောင်လည်း ပျိုးထောင်ရပါသေးတယ်။ အကြမ်းအားဖြင့်တော့ ကလေးရဲ့ပညာဉာဏ်မြင့်မားအောင် သွန်သင်ပေးရမှာဖြစ်ပါတယ်။


ပညာဉာဏ်ဆိုတာနဲ့ ကလေးရဲ့ကျောင်းပညာရေးကိုပဲပြောချင်တာမဟုတ်ဘဲ အသိဉာဏ်ပညာ၊ လူကောင်းတစ်ယောက်ရဲ့ကျင့်ဝတ်သိက္ခာ၊ အမှန်တရားမြတ်နိုးတန်ဖိုးထားမှု၊ ကိုယ်ချင်းစာနာစိတ်၊ ပညာရေးအဆင့်မီခြင်း၊ ကျောင်းပြင်ပပညာရေး၊ နည်းပညာလိုက်နိုင်စွမ်း စတဲ့ သင်ညာတွေနဲ့ လူပီသတဲ့လူကောင်းတစ်ယောက်ဖြစ်အောင် သွန်သင်ဖို့လည်း အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် လူကောင်းတစ်ယောက်ဖြစ်အောင် မသွန်သင်ထားတဲ့ကလေးတစ်ယောက်ဟာ လူတော်တစ်ယောက်ဖြစ်ချင်ဖြစ်မယ် ဒါပေမယ့် သူ့ရဲ့တော်တဲ့ပညာကို မကောင်းတဲ့နေရာမှာ အသုံးချတဲ့လူဖြစ်လာခဲ့ရင် သူ့ကြောင့် အခြားသူတွေ ဒုက္ခမရောက်နိုင်ဘူးလား။ အဲဒါကြောင့် လူကောင်းတစ်ယောက်ဖြစ်အောင်ပျိုးထောင်ဖို့ လိုပါတယ်။ လူကောင်းဖြစ်တဲ့နောက်မှာမှ လူတော်တစ်ယောက်ဖြစ်အောင် သူ့ရဲ့ပြင်ပစွမ်းရည်တွေကို သင်ကြားနိုင်ပါတယ်။ အဲဒါကြောင့် ကလေးကို လူကောင်းတစ်ယောက်ဖြစ်အောင် ပျိုးထောင်ခြင်းက အင်မတန်အရေးကြီးပါတယ်။ စာမတတ်တာက သင်ပေးလို့ရပါတယ်။ လူသားချင်းစာနာစိတ်မရှိတာက ကြီးလာမှ သင်ပေးလို့မရဘူးဆိုတာ မမေ့သင့်ပါဘူး။ လူကောင်းတစ်ယောက်ဖြစ်လာဖို့အတွက်ကလည်း ကလေးရဲ့လူသားချင်းစာနာတတ်တဲ့စိတ် အထူးသဖြင့် ကိုယ်ချင်းစာစိတ်ကို ပျိုးထောင်ပေးဖို့လိုပါတယ်။ ကိုယ်ချင်းစာတတ်တဲ့အခါ ကိုယ်နာကျင်သလို အခြားသူနာကျင်အောင် မလုပ်ရက်တော့ပါဘူး။ အဲဒါမှသာ နောင်အနာဂတ်မှာ လူကောင်းတွေပေါများလာပြီး တိုင်းပြည်လည်း ပိုအေးချမ်းမှာဖြစ်ပါတယ်။
များသောအားဖြင့် Rich kid တွေကို ပြုစုပျိုးထောင်တဲ့အခါမှာ မိဘတွေကိုယ်တိုင်က rich kid ဘဝကဆင်းသက်လာတဲ့အခါ ဆင်းရဲ့ဒုက္ခနဲ့ အခြားလူရဲ့ အခက်အခဲ၊ အကြပ်အတည်းကို သိပ်နားမလည်နိုင်ပါဘူး။ သူတို့ဘဝမှာ အရမ်းခက်ခဲဆင်းရဲတဲ့၊ ဒုက္ခမျိုးကို ရင်မဆိုင်ဘူးတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် rich kid ကိုမှ အရမ်းကိုနားလည်ပြီး ကိုယ်ချင်းစာတရားရှိတဲ့လူမျိုးတွေလည်း ရှိပါတယ်။ rich kid မဟုတ်ဘဲလည်း ဆိုးတဲ့လူလည်း ရှိနိုင်တာပါပဲ။ အဓိကကတော့ ပြုစုပျိုးထောင်ပုံအမှားကြောင့်ပါပဲ။ rich kid ဖြစ်ဖြစ် ဆင်းရဲတဲ့မိဘကဖြစ်ဖြစ် လူကောင်းဖြစ်အောင်ပျိုးထောင်ဖို့အရေးကြီးတာကြောင့် ကလေးကို ကိုယ်ချင်းစာစိတ်ဖြစ်အောင် ပျိုးထောင်မှုအရေးကြီးပါတယ်။ ဒီနေ့ခေတ်မှာ နည်းပညာတွေ၊ နောက်ထပ်ပေါ်လာတဲ့အသစ်အဆန်းတွေနောက်ကိုလိုက်ရင်းနဲ့ မိဘအတော်များများက ငွေကြေးချမ်းသာဖို့၊ နည်းပညာကိုလိုက်မီဖို့၊ ပညာတွေအများကြီးသင်ယူနိုင်ဖို့ ၊ အထူးသဖြင့် နိုင်ငံခြားထိ ပညာသွားသင်နိုင်ဖို့ စတဲ့အရာတွေ အဓိကထားလာကြပါတယ်။ ဒါပေမယ့်အဲဒါတွေထက် အရေးကြီးတဲ့ ကိုယ်ချင်းစာတရားကိုကျတော့ သင်ပေးဖို့မေ့လျော့နေတတ်ပါတယ်။ အဲဒီ့ကိုယ်ချင်းစာစိတ်ကိုနားလည်ဖို့က ကလေးငယ်ဘဝထဲက သင်ပေးရမှာဖြစ်ပါတယ်။ ပညာဉာဏ်နဲ့ပြည့်ဝတဲ့မိဘဆိုတာ ဘွဲ့ဒီကရီတွေ တစ်ထပ်ကြီးရထားတာကိုပြောတာမဟုတ်ပါဘူးနော်။ ကလေးကို အတန်းပညာရော၊ ပြင်ပသင်ညာရော၊ ကိုယ်ချင်းစာစိတ်၊ လူသားချင်းစာနာစိတ်၊ ရှိအောင်သင်ပေးတတ်တဲ့မိဘမျိုးကို ဆိုလိုပါတယ်။ ကလေးကို တစ်ခုခုလုပ်မယ်ဆိုရင် ကလေးရဲ့ခံစားချက်ကိုပြန်မေးပေးပါ။ အခြားလူတစ်ယောက်ကို အနိုင်ကျင့်တာမျိုးတွေတဲ့အခါ ဒါမှမဟုတ် အခြားလူတစ်ယောက်ယောက်ကို နာကျင်အောင်လုပ်မိတဲ့အခါဖြစ်ဖြစ် ကလေးနာကျင်တဲ့အခါ သတိတရပြန်မေးပေးပါ။ ဥပမာ။ ကလေးက အခြားကလေးတစ်ယောက်ကို ကိုက်လိုက်တယ်ဆိုပါတော့။ “သား..ဘာလို့ ညီလေးကို ကိုက်ရတာလဲ။ သားကိုမေမေရိုက်ရင် နာလား….သား၊ သားကို မေမေကိုက်လိုက်မယ်ဆိုရင်ကော….သားဘာဖြစ်မယ်ထင်လဲ” စသဖြင့် ကလေးကို နားလည်အောင် ရှင်းပြပေးရပါမယ်။ “သားကြိုက်လား…..သားကိုလုပ်တာမကြိုက်ရင် သူများကလည်း သူ့ကိုလုပ်တာကြိုက်ပါ့မလား….” ဆိုတာမျိုးနဲ့ ကလေးကို မေးကြည့်ပေးရပါမယ်။ “သားကိုလုပ်တာမကြိုက်ရင် သူများကလည်း မကြိုက်ဘူးသားရဲ့။ အဲဒါကိုယ်ချင်းစာစိတ်လို့ခေါ်တယ်။ နောက်မလုပ်ရဘူးနော်၊ မေမေသေချာရှင်းပြတာ နားလည်လား။ နားလည်ရင်နောက်တစ်ခါမလုပ်ရဘူး။ သူများကို နာအောင်လုပ်ရင် မေမေကလည်း သားကို နာအောင်ပြန်ရိုက်ရမယ်” ထိုကဲ့သို့ တခါတည်း ရှင်းပြထားခြင်းက ကလေးနားလည်နိုင်ပါတယ်။ ကလေးဘဝထဲက အဲဒီလို သဘောတရားနားလည်သွားတဲ့အခါ ကလေးက အခြားသူကို အနိုင်ကျင့်တတ်တဲ့သူ၊ နာကျင်အောင်လုပ်တဲ့သူ၊ ခိုက်ရန်ဖြစ်ပွားတတ်တဲ့လူမဖြစ်နိုင်တော့ပါဘူး။ ကလေးချင်းက မတူတတ်တဲ့အတွက် ကလေးကိုရှင်းပြတဲ့အခါ ပညာရှိနည်းနဲ့ ဆုံးမမှုပုံစံမျိုးကို ကလေးရဲ့သဘောသဘာဝကိုလိုက်ပြီး ဆုံးမရပါမယ်။ အဲဒါအပြင် မိဘက စံပြဖြစ်တဲ့အတွက် မိဘတွေကိုယ်တိုင်က ကလေးရှေ့မှာ ဆင်ခြင်ရပါမယ်။ များသောအားဖြင့် အိမ်မှာ အိမ်အကူခေါ်ထားတတ်တဲ့မိဘများဟာ (မိဘတိုင်းကိုမဆိုလိုပါဘူးနော်) ကလေးက အရွယ်ရောက်နေပေမယ့် အိမ်အကူကို ထမင်းခွံခိုင်းတာ၊ ဆော့ကစားရင် အိမ်အကူကိုချည်းအနိုင်ကျင့်ခံခိုင်းတာ၊ အိမ်အကူကို ရိုက်ပုတ်ဆူပူပြတာ၊ စားကြွင်းစားကျန်တွေ အိမ်အကူကိုကျွေးပြတာ၊ ကလေးရဲ့ဖိနပ်ကအစ အိမ်အကူမို့သယ်ခိုင်းတာမျိုးတွေကို လုံးဝမလုပ်သင့်ပါဘူး။ အိမ်အကူဆိုတာလည်း လူသားတစ်ယောက်ဖြစ်ကြောင်း နားလည်အောင် သင်ပေးသင့်တာပါ။ မကောင်းတဲ့အိမ်အကူဆိုလည်း အကြောင်းသိတာနဲ့ချက်ချင်းကလေးအနားမထားတာအကောင်းဆုံးပါ။ လူကို လူသားချင်းစာနာထောက်ထားစိတ်နဲ့ဆက်ဆံတတ်အောင် မိဘတွေကသင်ပေးရမှာဖြစ်ပါတယ်။ မိဘက စံပြအဖြစ်နေထိုင်ပြုမူပြရမှာဖြစ်ပါတယ်။
“The highest form of knowledge is empathy.” – Bill Bullard ပြောထားတဲ့စကားကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ် အမြင့်ဆုံးအသိဉာဏ်ပညာက စာနာစိတ်ရှိခြင်းပါပဲတဲ့။
အဲဒါကြောင့် ကလေးတစ်ယောက်ကို လူကောင်းတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ဖို့အတွက် ကလေးကို ကိုယ်ချင်းစာတရားရှိအောင်၊ စာနာစိတ်ရှိအောင် ပျိုးထောင်ဖို့လည်း အရေးကြီးပါတယ်လို့ ဖော်ပြလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။