ကလေးကို ချစ်ခြင်းမေတ္တာအခြေခံဖြင့် ပြုစုပျိုးထောင်ပေးပါ။

ဒီစကားလေးကတော့ လူတိုင်းသိပြီးသား ရိုးရှင်းတဲ့စကားလေးပါပဲ။ ဒါပေမယ့် လိုက်နာဆောင်ရွက်ဖို့ကျတော့ ခက်ခဲသလို၊ လွယ်လည်းမလွယ်ကူသလို ရိုးလည်းမရိုးရှင်းပါဘူး။ ဘာကြောင့် အချိန်တိုင်းကလေးကို ချစ်ခြင်းမေတ္တာတွေနဲ့ချည်းဆက်ဆံရတာ မရိုးရှင်းရမှာလဲဆိုရင် ကလေးထိန်းဖူးတဲ့ ကလေးအမေတွေက ပိုပြီးသိမယ့်ထင်ပါတယ်နော်။ ကလေးကိုတော့ချစ်ပါရဲ့၊ အချိန်တိုင်း ချစ်ခြင်းမေတ္တာအပြည့်အဝနဲ့တော့ ဆက်ဆံဖို့က မဖြစ်နိုင်ပါဘူး။ ကိုယ့်က အလုပ်ရှုပ်နေတဲ့အချိန် ကလေးက ဂျီကျတာမျိုးရှိမယ်၊ ကိုယ်ကမလုပ်စေချင်တာကို ကလေးက အတင်းလုပ်ချင်လို့ ဆူရပူရတာမျိုးရှိမယ်၊ ကိုယ်က မအားသေးတဲ့အချိန်မှာ ကလေးက အိပ်ချင်လို့ စိတ်ဆိုးစိတ်ကောက်တာမျိုးရှိမယ်၊ ကိုယ်က အလုပ်အတွက်မီတင်လုပ်နေချိန်မှာ ကလေးက နားမလည်ဘဲ အတင်းငိုယိုနေလို့ ချော့မရတာမျိုးရှိမယ် စသဖြင့်ပေါ့။ အဲဒီလိုအခြေအနေမျိုးတွေမှာ ကလေးကို ချစ်ခင်ပေမယ့် စိတ်ကတော့ မရှည်နိုင်တော့သလို၊ စကားလည်း ချိုသာစွာပြောဖို့က အင်မတန် စိတ်ရှည်ပြီး လေ့ကျင်ယူထားမှရနိုင်တာပါ။


အဲဒါဆိုရင် အဲဒီလိုအခြေအနေမျိုးမှာ ကလေးမိခင် ဒါမှမဟုတ် ဖခင်တွေ ဘာလုပ်မိမယ်ထင်သလဲ။ ကလေးကို အော်မိရင်အော်မိမယ်၊ စိတ်ဆိုးရင်ဆိုးမယ်၊ တချို့ဆို ကိုယ်ထိလက်ရောက် ရိုက်နှက်တာမျိုးတွေထိ ဖြစ်လာနိုင်ပါသေးတယ်နော်။ များသောအားဖြင့်က လူကြီးမှန်ရင် ကလေးကို ရိုက်နှက်ဆုံးမခွင့်ရှိတယ်လို့ ယူဆနေတာမျိုးပါပဲ။ ဆရာမဆိုရင်လည်း “ကလေးမလိမ္မာရင် နာနာလေးသာချပါ” ဆိုပြီးလည်း ဆရာမထံ ကလေးကို အပ်လေ့ရှိပါသေးတယ်။
ဒါဆိုရင် ကလေးကို အဲဒီလို ကိုယ်မလုပ်စေချင်တဲ့အရာတွေ၊ အပြုအမူတွေအတွက် ရိုက်နှက်လိုက်မှ ကလေးကို တားဆီးနိုင်မှာလား။
ကလေးမိဘတွေအနေနဲ့လည်း စိတ်အခန့်မသင့်တဲ့အချိန်မှာ စိတ်ဆိုးပြီး ကလေးကို ရိုက်နှက်မိလိုက်ပေမယ့် ရိုက်ပြီးတဲ့နောက် စိတ်မကောင်းဖြစ်ရလေ့ရှိပါတယ်။ အဲဒါအပြင် ကလေးကို ရိုက်နှက်ဆုံးမခြင်းဟာ ကလေးရဲ့စိတ်မှာ ကြောက်လန့်တဲ့စိတ်ကြောင့် ကလေးကို စိတ်ပိုင်းဆိုင်ရာအားဖြင့် “မိဘက ကလေးကိုမချစ်ပါဘူး။ အမှားလုပ်မိရင် မိဘက ရိုက်မှာပဲ၊ လူကြီးဖြစ်ရင် ကလေးကို ရိုက်နှက်လို့ရတယ်” စတဲ့စိတ်ဒဏ်ရာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အဲဒါအပြင် ကလေးကို ဆူပူအော်ဟစ်ခြင်းကြောင့် ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုလည်း ဆိုးဝါးတဲ့ထိခိုက်မှုဖြစ်လာစေပါတယ်။ ပြီးတော့ ကလေးတွေက ရိုက်နှက်ဆုံးမခြင်းကို ကြောက်ဲ့အတွက် လိမ်ညာတတ်လာတာမျိုးတွေပါဖြစ်လာနိုင်ပါသေးတယ်။
အတတ်နိုင်ဆုံး စိတ်ရှည်ဖို့ ကြိုးစားကြည့်ပါ။
အဲဒါဆိုရင် ကလေးကို မထိခိုက်စေချင်တဲ့အခါ မိဘက ကိုယ့်ရဲ့အပြုအမူကိုသာ အထူးသတိထားပြီး ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ဖို့ကြိုးစားရပါလိမ့်မယ်။ အဲဒီ့အတွက် ကလေးရဲ့စိတ်ထားနဲ့အမူအကျင့်ကို နားလည်သဘောပေါက်ဖို့လိုပါတယ်။ အဲဒီ့မှာ ကိုယ်တိုင်မိဘဖြစ်လာတဲ့အခါ ကိုယ့်ငယ်ဘဝတုန်းက ရိုက်နှက်ခံရတာ၊ အော်ငေါက်ခံရတာတွေက ကိုယ့်ကိုနာကျင်စေတယ်မဟုတ်လား။ အဲဒါဆို ကိုယ့်ရဲကလေးကျရင်ရော.....ရိုက်နှက်ခြင်းနည်းလမ်း၊ အော်ငေါက်ခြင်းနည်းလမ်းမဟုတ်ဘဲ ချစ်ခြင်းမေတ္တာနဲ့ ပြုစုပျိုးထောင်ရင်ရော ကလေးက ကိုယ့်ရဲ့စကားကိုနားမထောင်နိုင်ဘူးလို့ တွေးမိခဲ့ပါတယ်။
အဓိကက ကလေးကိုသင်က အရမ်းချစ်တယ်.....ဆိုတာကို ကလေးရဲ့နှလုံးသားထဲကနေ သိပြီးခံစားတတ်အောင်လုပ်ဖို့ပါပဲ။ အဲဒီ့အခါ ကလေးကိုသင်ကချစ်တယ်၊ ကလေးကလည်း သင့်ကိုချစ်တယ်ဆိုတဲ့အခါ ကိုယ်ချစ်တဲ့လူကို နာကျင်အောင်မလုပ်ရက်တော့ဘူးဆိုတဲ့စိတ်က ကလေးမှာလည်းဖြစ်ပေါ်လာပါတယ်။ အဲဒီ့စိတ်လေး ကလေးမှာဖြစ်ပေါ်လာဖို့အတွက် သင်က ကလေးကို ချစ်ခြင်းမေတ္တာအပြည့်အဝပေးတတ်ဖို့ပဲလိုတာပါ။
ချစ်ခင်ကြောင်းလေးနက်စွာသိအောင်် အပြုအမူနဲ့ပြပေးပါ။
ကလေးကို ကလေးအတွေးနဲ့တွေးပြီး ကလေးနေရာကဝင်ကြည့်လိုက်မယ်ဆိုရင် ကလေးကို ဘယ်လိုမျိုး မေတ္တာအခြေခပြီး ပြုစုပျိုးထောင်နိုင်မလဲဆိုတာ သိလာပါလိမ့်မယ်။ ကလေးရဲ့စိတ်ထဲမှာ မိဘလုပ်သူတွေက ကလေးကိုအရမ်းချစ်ပါလားဆိုတာက ရုပ်ပိုင်းဆိုင်ရာဖြည့်ဆည်းပေးမှုတွေနဲ့ လုံးဝမသက်ဆိုင်ပါဘူး။ ကလေးကိုလည်း အငိုမခံဘဲ လုပ်သင့်တာရော၊ မလုပ်သင့်တာရော အားလုံး ကလေးအလိုကျ လိုက်လုပ်ပေးပြီး အလိုလိုက်တာမျိုးကလည်း ကလေးကို ချစ်တာမဟုတ်ပြန်ပါဘူး။
ကလေးကို ချစ်ခင်တဲ့အမူအရာမျိုးနဲ့ပြသမယ်၊ စကားနဲ့နေ့တိုင်းချစ်တယ်ဆိုတာပြောပေးမယ်၊ ကလေးကအမှားတစ်ခုခုလုပ်မိရင် ကလေးကို အရင်စိတ်ဆိုးမာန်ဆိုးအော်ငေါက်လိုက်မယ့်အစား သင့်ကိုယ်သင်အရင်ဆုံးစိတ်ရှည်အောင်လုပ်လိုက်ပါ၊(အသက်ပြင်းပြင်းရှုလိုက်တာ၊ ရေတစ်ခွက်သောက်လိုက်တာ၊ နံပါတ်စဥ်တွေရွတ်လိုက်တာမျိုးပေါ့) ပြီးမှ ကလေးကို နားလည်အောင်သေချာရှင်းပြပေးပါ။ ကလေးကိုအချိန်ပေးတာ၊ ကလေးနဲ့စကားပြောပေးတာ၊ ကလေးနဲ့ဆော့ကစားပေးတာ၊ ကလေးကိုစာဖတ်ပြတာ၊ ကလေးကိုပုံပြင်ပြောပြတာ၊ ကလေးပြောချင်တဲ့အကြောင်းအရာတွေကို ကလေးတစ်ယောက်လိုနားထောင်ပေးတာမျိုးတွေပါ။
ကလေးဆိုတာ စူးစမ်းတတ်တဲ့အမျိုးဆိုတာ သင့်စိတ်ထဲလုံးဝ မှတ်ထားပါ။ သူတို့လုပ်မိတဲ့အမှားဟာလည်း အမှားမှန်းမသိလို့လုပ်မိတာဖြစ်တဲ့အတွက် အမှားဆိုတာသိအောင် သင်ကပြောပြပေးမှသိမှာပါ။ ကလေးနေရာကနေ များများဝင်ပြီးခံစားပေးပါ။ ဒါဆိုရင် ကလေးကို နားလည်လာပါလိမ့်မယ်။
အရိုက်ခံရမှာကြောက်နေတဲ့ကလေးနေရာမှာ ကိုယ့်ကလေးဘဝကို မြင်ယောင်ကြည့်ပေးပါ။ အဆူခံရတဲ့ကလေးနေရာမှာ ကိုယ်သာဆိုရင်....တွေးကြည့်ပေးပါ။ အရိုက်ခံ၇မယ့်အစား အရိုက်ခံ၇မှာစိုးလို့ ကြောက်လန့်နေတဲ့ကလေးကို ဖက်ထားပေးလိုက်ပါ။ အမှားလုပ်မိလို့ ကြောက်နေတဲ့ကလေးကို ဖက်ထားပေးကြည့်ပါ။ ပြီးမှ ဘာကြောင့်မလုပ်သင့်တာလဲဆိုတဲ့အကြောင်းရင်းကို ကလေးကို နားလည်အောင်သေချာပြောပြပေးပါ။ နားလည်မလည်သေချာမေးပါ။ နားလည်ရင် နောက်တစ်ခါမလုပ်သင့်ကြောင်းပြောပြပါ။ နားလည်ရဲ့သားနဲ့နောက်တစ်ခါ အလားတူအမှားမျိုးထပ်လုပ်ရင်တော့ စိတ်ဆိုး၊ ဒေါသထွက်တာမျိုးတွေ ဖြစ်လာနိုင်ကြောင်း ၊ အဲဒီ့အခါ မိဘက ရိုက်မိတာမျိုးတွေဖြစ်လာနိုင်ကြောင်းပြောပြပေးပါ။ အရိုက်ခံရတဲ့အခါ အသားနာပြီး ဝမ်းနည်းရကြောင်း မိဘကလည်း ရိုက်ရတဲ့အတွက် ဝမ်းနည်းရကြောင်း ၂ဖက်လုံးခံစားရတာမကောင်းကြောင်း။ အဲဒါကြောင့် မလုပ်သင့်ကြောင်းဆိုတာမျိုး ကလေးအရွယ်အလိုက် နားလည်မယ့်စကားလုံးမျိုးရွေးကာ ရှင်းပြသင့်ပါတယ်။
ကလေးက အမှားတွေလုပ်မိတဲ့အခါ ထိ‌ရောက်တဲ့အပြစ်ပေးဖြစ်အောင်ပေးပါ။
တကယ်လို့များ သေချာရှင်းပြရဲ့သားနဲ့ ကလေးဘက်က အလကားတူအမှားမျိုးလုပ်လာခဲ့ရင် မလုပ်သင့်ကြောင်းမှာထားတာကို မှတ်မိရဲ့လားဟု ပြန်မေးပါ။ ပြောထားတဲ့အတိုင်း အပြစ်ပေးရတာဖြစ်ကြောင်း၊ မချစ်လို့ကလေးကို အပြစ်ပေးတာမဟုတ်ကြောင်းရှင်းပြပြီး ကလေးအရမ်းကြိုက်တဲ့အရာတစ်ခုခုနဲ့ အပြစ်ပေးတာမျိုး မှတ်မှတ်ရရဖြစ်အောင်လုပ်ပါ။ ၊ အပြစ်ပေးတဲ့အခါ ကလေးအသားလည်းမနာ၊ စိတ်ဒဏ်ရာလည်းမရဘဲ ကလေးအတွက်လည်းအကျိုးရှိ၊ ကလေးလည်းနောင်ကျဥ်မယ့်နည်းလမ်းမျိုးကို မိဘကရွေးချယ်စဥ်းစားတတ်ဖို့လိုပါတယ်။ ဥပမာ။ ကလေးအရမ်းကြိုက်တဲ့ချောကလက်ကို တစ်ပတ်တိတိ မစားရတော့ဘူးဆိုတာမျိုး၊ တစ်ပတ်တစ်ခါ ဂိမ်းဆော့ခွင့်ကို ပိတ်တာမျိုး၊ ကလေးအတွက် ဝယ်ပေးရမယ့်အရုပ်ကို ဝယ်မပေးတော့ဘူးဆိုတာမျိုးပေါ့။ ကလေးရဲ့သဘောကိုက သူ့အတွက်မှတ်မှတ်သားသားဖြစ်မယ့်အ၇ာမျိုးဆိုရင် မှတ်သားပြီး တကယ်စည်းကမ်းတကျလုပ်တဲ့အခါ နောက်အခေါက်တွေကျ သူ့ဟာသူဆင်ခြင်သွားတတ်ပါတယ်။ အပြစ်ပေးပြီးအပြစ်ကို မိဘကိုယ်တိုင်က မလိုက်နာတာမျိုးမလုပ်သင့်ပါဘူး။ အဲဒါဆိုရင် ကလေးက အပြစ်ပေးတာကို လေးစားမှာမဟုတ်သလို၊ "ငါဘာလုပ်လုပ်အပြစ်ပေးတယ်ဆိုပြီး တကယ်လည်းမလုပ်ပါဘူး" ဆိုတဲ့စိတ်ဖြစ်သွားရင် အလားတူအမှားတွေကို လုပ်မြဲလုပ်နေပါလိမ့်မယ်။ သင်လည်း ထိန်းချုပ်လို့ရတော့မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ပြောပြီးသားစကားကို တည်ပါ။ ကတိပေး၇င် ကတိတည်ပါ၊ အပြစ်ပေးမယ်ပြောထားရင် တကယ်အပြစ်ပေးပါ။ ကလေးကပြောစကားနားထောင်ရင်ချီးကျူူးပေးပါ။ လက်ဆောင်ပေးမယ်ပြောထား၇င် တန်ဖိုးမကြီးရင်နေပါစေ ၊ တကယ်ပေးပေးပါ။ အဲဲဒါမှ ဆုပေးဒဏ်ပေးစနစ်ကို နားလည်ပြီးလိုက်နာမှာပါ၊ သင်တုတ်တစ်ချက်မှမကိုင်ရဘဲ သင့်ထိန်းချုပ်မှုအောက်မှာ အေးဆေးဖြစ်နေပါလိ့်မယ်။
တစ်ခုရှိတာက ကလေးကို ချစ်ခင်ကြောင်းကို အထက်ကပြောတဲ့အပြုအမူလေးတွေကတော့ နေ့တိုင်းကလေးကိုလုပ်ပေးသင့်ပါတယ်။ အပြစ်ပေးတာကေတာ့ ကလေးရဲ့အမှားကြောင့် မလုပ်သင့်တာကိုမလုပ်သင့်ကြောင်းသိဖို့ အပြစ်ပေးတာဖြစ်ကြောင်း မိဘက နားလည်အောင်ရှင်းပြပေးဖို့လိုပါတယ်။ အဲဒါဆိုရင်တော့ မိဘက ကလေးကိုအမှန်တကယ်ချစ်ခင်ကြောင်းကို ကလေးရဲ့နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲကိုနားလည်သွားပါလိမ့်မယ်လို့ ဖော်ပြလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။