ခေါင်းဆောင်ကောင်းမလုပ်ချင်လျှင် နောက်လိုက်ကောင်းဖြစ်အောင် ဘယ်လိုလုပ်မလဲ။

နောက်လိုက်ကောင်းဖြစ်မှ တစ်ချိန်မှာ ခေါင်းဆောင်ကောင်းဖြစ်နိုင်မှာပါ။ ဒါပေမယ့် တစ်ချို့တွေကျတော့ ခေါင်းဆောင်ကောင်းမဖြစ်ချင်ကြပြန်ပါဘူး။ ဘာလို့လဲဆိုတော့ ယူရမယ့်တာဝန်တွေကို မယူချင်ကြလို့ပါ၊ တစ်ချို့တွေကျပြန်တော့ ခေါင်းဆောင်ကောင်းဖြစ်ဖို့ လိုတဲ့အရည်အချင်းတွေကို ဂဃဏနမသိဘဲ ခေါင်းဆောင်ဖြစ်ချင်လွန်းပြန်ပါတယ်။ အဲလိုလူမျိုးကျတော့လည်း ခေါင်းဆောင်ဖြစ်လာပြန်ရင် ခေါင်းဆောင်ကောင်းမဖြစ်နိုင်ပြန်ပါဘူး။ တာဝန်ကြီးမယူချင်လို့ ခေါင်းဆောင်ကောင်းမဖြစ်ချင်တဲ့သူများကျပြန်တော့ နောက်လိုက်ကောင်းတစ်ယောက်ရဲ့တာဝန်ကိုလည်း မသိဘဲ နောက်လိုက်ကောင်းဖြစ်အောင် မကြိုးစားနိုင်တာတွေ ရှိတတ်ပြန်ပါတယ်။ အဲဒါကြောင့် သင်က ဘယ်လိုလူအမျိုးအစားထဲမှာ ပါနေပါသလဲ။


ခုတစ်ခေါက်မှာတော့ ခေါင်းဆောင်တာဝန်ကိုမယူချင်ရင် နောက်လိုက်ကောင်းဖြစ်အောင်ဘယ်လိုကြိုးစားမလဲဆိုတဲ့အချက်လေးတွေဖော်ပြပေးလိုက်ပါတယ်။
၁) နာခံတတ်ပါစေ။
တော်တော်များများ နောက်လိုက်ကောင်းဖြစ်တော့ဖြစ်ချင်ပါတယ်။ ဒါပေမယ့် နာခံတတ်မှုတော့မရှိပါဘူး။ နာခံတတ်မှုဆိုတာ နောက်လိုက်ကောင်းဖြစ်ဖို့ အရေးကြီးတဲ့အချက်ထဲမှာပါပါတယ်။ ပြောလိုက်တဲ့အတိုင်းနားထောင်တယ်၊ နောက်ကွယ်မှာတော့ လုပ်ချင်ရာလုပ်တယ်…..ဆိုရင် နာခံတတ်မှုမရှိပါဘူး။ အဲဒါကြောင့် နောက်ကွယ်မှာဖြစ်စေ၊ ရှေ့တင်မှာဖြစ်စေ၊ အမိန့်ကို သေချာလေး နာခံတတ်ဖို့လိုပါတယ်။ ပြောရင်ပြောတဲ့အတိုင်း လုပ်တတ်ဖို့လည်းလိုပါတယ်။ (လုပ်နေရက်သားနဲ့ အခြားအကြောင်းကြောင့် အနည်းငယ်လွဲချော်တာမျိုးကို မဆိုလိုပါဘူး) တစ်ချို့ကတော့ ဆရာရှေ့မှာ အရမ်းတွေ နာခံပြပေမယ့် နောက်ရောက်တာနဲ့ လုပ်ချင်ရာလုပ်တတ်တာမျိုးကို ပြောတာပါ။
အဲဒါကြောင့် နာခံတတ်ဖို့ကလည်း အရေးကြီးပါတယ်။

၂) တာဝန်ကျေပွန်တတ်ခြင်း။
နာခံတတ်တဲ့နောက်မှာတော့ တာဝန်ကျေခြင်းပါဆက်ပြီး ပါလာပါပြီ။ နာခံတတ်တဲ့ နောက်လိုက်တစ်ယောက်က တာဝန်ကိုလည်း ကျေပွန်အောင် ထမ်းဆောင်နိုင်မှာပါ။

၃) အဖွဲ့အစည်းရဲ့အကျိုးကို မိမိအကျိုးကဲ့သို့တွေးခြင်း
နောက်လိုက်ကောင်းတွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့တစ်ခုက အလုပ်တွေ အမြန်ပြီးမြောက်နိုင်မှာဖြစ်ပါတယ်။ နောက်လိုက်ကောင်းတစ်ယောက်က အဖွဲ့အစည်းတစ်ခုလုံးရဲ့ အောင်မြင်မှုရလဒ်အကျိုးကို သေချာသိမြင်နားလည်ပြီး ထိုရလဒ်အကျိုးသည် မိမိတို့ရဲ့အကျိုးကဲ့သို့ တွေးခေါ်တတ်ပါတယ်။ တကယ်လည်း အဖွဲ့အစည်းတစ်ခုစည်းလုံးမှုကြောင့် အောင်မြင်မှုရလဒ်သည် ထိုအဖွဲ့အစည်းထဲက နောက်လိုက်တွေရဲ့အကျိုးနဲ့ တိုက်ရိုက်ဆက်စပ်နေတာပါပဲ။ အဲဒါကြောင့် အဖွဲ့အစည်းရဲ့အကျိုးသည် မိမိအကျိုးဟု မှတ်ယူတတ်ပြီး ဘယ်အလုပ်မဆို အောင်မြင်အောင် အားသွန်ခွန်စိုက် ကြိုးစားချင်စိတ်ရှိမှ ဖြစ်မှာပါ။

၄) အလုပ်အပေါ်တွင် ဂုဏ်ယူမှုရှိခြင်း။
ဘယ်အလုပ်မဆို ဂုဏ်ရှိပါတယ်။ ဒါပေမယ့် တစ်ချို့နောက်လိုက်တွေကတော့ အလုပ်ကို ဘယ်အလုပ်ကတော့ ငါနဲ့မတန်ဘူး၊ ဘယ်အလုပ်ကိုတော့ ငါမလုပ်နိုင်ဘူး ဆိုတဲ့သူမျိုးတွေရှိပါတယ်။ အဲဒါက နောက်လိုက်ကောင်းတစ်ယောက်မဖြစ်နိုင်ပါဘူး။ ဒီလိုပြောလို့ အလုပ်အားလုံး သင်တစ်ယောက်တည်းသိမ်းကြုံးလုပ်ခိုင်းတာမျိုးမဟုတ်ပါဘူးနော်။ ပေးအပ်လာတဲ့တာဝန်အပေါ်မှာ တာဝန်ကျေပွန်ဖို့အတွက် ထိုအလုပ်အပေါ်မှာ ဂုဏ်ယူတတ်မှဖြစ်မှာပါ။ အဲဒါကြောင့် ပေးအပ်ခံရတဲ့ တာဝန်အပေါ် ဂုဏ်ယူတတ်မှုရှိခြင်းက နောက်လိုက်ကောင်းတစ်ယောက်ဖြစ်လာဖို့ အချက်တွေထဲက တစ်ချက်ပါပဲ။

၅) အဖွဲ့အစည်းနဲ့ စည်းလုံးမှု၊ တက်ကြွမှုရှိခြင်း။
ဘယ်အလုပ်မဆို အောင်မြင်ဖို့အတွက် အဖွဲ့အစည်းတစ်ခုလုံး စည်းလုံးမှုရှိမှ ဖြစ်နိုင်တာပါ။ စည်းလုံးမှုရှိမယ်၊ လုပ်ရမယ့်အလုပ်တွေအပေါ်မှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်မယ်ဆိုရင် အဖွဲ့အစည်းကောင်းတစ်ခုဖြစ်လာမှာပါ။ အဖွဲ့အစည်းကောင်းတစ်ခုဖြစ်လာဖို့ နောက်လိုက်ကောင်းတွေနဲ့ဖွဲ့စည်းထားမှ ဖြစ်နိုင်တာပါ။ ခေါင်းဆောင်ကောင်းပေးအပ်တဲ့တာဝန်တွေ ကျေပွန်စွာထမ်းဆောင်ဖို့ပေါ့။ အဲဒါကြောင့်နောက်လိုက်ကောင်းတွေက စည်းလုံးမှုရှိခြင်း၊ တက်ကြွမှုရှိခြင်း လိုအပ်ပါတယ်။

၆) အမှားပြင်တတ်ခြင်း၊ သင်ယူတတ်ခြင်း။
နောက်လိုက်ကောင်းဖြစ်ဖို့ လိုအပ်တဲ့အချက်တွေထဲမှာ အမှားပြင်တတ်ဖို့လည်း လိုပါတယ်။ တစ်ချို့ရှိပါတယ် တဖက်သားက ပြင်သင့်ကြောင်းပေးလာတဲ့အကြံဉာဏ်မျိုးကို ခေါင်းမာစွာ ငြင်းပယ်တတ်ပါတယ်။ အဲလိုလူမျိုးက နောက်လိုက်ကောင်းမဖြစ်နိုင်ပါဘူး။ အမှန်တကယ် ပြင်သင့်တဲ့အကြံဉာဏ်မျိုးဆိုရင် ခေါင်းမမာသင့်ဘဲ အကြံဉာဏ်ယူသင့်ရင် ယူရပါတယ်။ အမှားကို ပြင်သင်တဲ့နေရာ ပြင်လိုက်မယ်ဆိုရင် ပိုပြီး ကောင်းမွန်တဲ့အနေအထားဖြစ်လာမှာပါ။ သင်ယူတတ်ဖို့လည်း ထိုနည်းလည်းကောင်းပါပဲ။ အဖွဲ့အစည်းတစ်ခုအတွက် ငါတကော ကောနေလို့မရပါဘူးနော်။ ပြန်ပြီး သင်ယူသင့်တာ သင်ယူရမှာပါပဲ။ အမှားထဲကနေ သင်ခန်းစာပြန်ယူ၊ ပြန်ပြီး သင်ယူ၊ အမှားပြင်၊ ဒါမှ တိုးတက်မှာပါ။ နောက်လိုက်တစ်ယောက်ခြင်းတိုးတက်ခြင်းက အဖွဲ့အစည်းကောင်းတစ်ခု တိုးတက်ခြင်းပါပဲ။

၇) အကြံဉာဏ်ကောင်းများပေးနိုင်ခြင်း။
နောက်လိုက်ကောင်းတစ်ယောက်က ခေါင်းဆောင်ကို အဖွဲ့အစည်းတိုးတက်မယ့် အကြံကောင်းတွေ ပေးနိုင်ပါတယ်။ ခေါင်းဆောင်ချပေးတဲ့ တာဝန်ကိုလည်း ကျေပွန်မယ်၊ ဒီထက်တိုးတက်မယ်ထင်တဲ့ အကြံဉာဏ်လေးတွေ မျှဝေဖို့၊ အကြံပေးဖို့လိုအပ်ပါတယ်။ အဲဒါမှ အဖွဲ့အစည်းတိုးတက်နိုင်မှာပါ။ အဖွဲ့အစည်းတိုးတက်ခြင်းက နောက်လိုက်တစ်ယောက်ခြင်းစီရဲ့ တိုးတက်ခြင်းပါပဲ။

ကဲ…..အထက်ပါအချက်လေးတွေဖတ်ကြည့်ပြီး ကိုယ်က ခေါင်းဆောင်မဖြစ်ချင်ဘဲ နောက်လိုက်ဖြစ်ချင်တယ်ဆိုရင်တော့ နောက်လိုက်ကောင်းဖြစ်ဖို့ ကြိုးစားသင့်ပါတယ်။
ကိုယ့်မှာမရှိသေးတဲ့အချက်လေးတွေရှိရင်လည်း ကြိုးစားပြုပြင်ပြီး နောက်လိုက်ကောင်းဖြစ်ဖို့ ကြိုးစားပါလို့။ #Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။