ကော်ဖီကို အလွန်အကျွံစွဲနေလျှင်ဘယ်လိုလုပ်ရမလဲ။

ကော်ဖီက ကမ္ဘာမှာ အရမ်းကို လူကြိုက်များတဲ့သောက်စရာတစ်မျိုးပါပဲ။ ကော်ဖီနဲ့ပတ်သက်ပြီး မကောင်းတဲ့အကျိုးဆက်တွေလည်း တော်တော်များများ ကြားဖူးကြမယ်မထင်ပါဘူး။ ဒါပေမယ့် လူပေါ်မှာ မူတည်ပြီးတော့ ကောင်းကျိုးရယ်၊ ဆိုးကျိုးရယ်ဆိုပြီး ရှိတတ်ပါတယ်။ ကော်ဖီကိုအလွန်အကျွံစွဲလမ်းနေတဲ့အခါမှာတော့ ကောင်းကျိုးထက် ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။ အဲဒီ့ဆိုးကျိုးတွေက ဘာတွေလည်း ဆိုတာကို ပြောပြပေးချင်ပါတယ်။


တစ်နေ့မှာ ကော်ဖီ လေးခွက်ခန့်သောက်သုံးမိနေပြီဆိုရင် သင်က အောက်ပါဆိုးကျိုးတွေကို ကြုံတွေ့ရပါတော့မယ်။ အဲဒါတွေကတော့
ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine headache)
အိပ်မပျော်သည့်ရောဂါ
အာရုံကြောနှင့်ဆိုင်သောရောဂါများ
စိတ်တိုဒေါသထွက်လွယ်ခြင်း
အနားမယူဘဲ အမြဲလှုပ်ရှားနေမိခြင်း (ဂဏှာမငြိမ်ဖြစ်ခြင်း)
မကြာခဏ ဆီးသွားခြင်း ။ ဆီးမထိန်းနိုင်ခြင်း
အစာမကြေခြင်း
နှလုံးခုန်မြန်ခြင်း
ကြွက်သားတွေ တုန်ခါနေတာမျိုးဖြစ်ခြင်း စတဲ့ပြဿနာတွေကြုံတွေ့လာရပါလိမ့်မယ်။ အဲဒါကြောင့် သင့်ရဲ့ကော်ဖီစွဲတဲ့အလေ့အကျင့်ကို ထိန်းချုပ်ဖို့အတွက် အောက်ကအချက်လေးတွေ လုပ်ကြည့်ပေးပါ။
၁) ကိုယ့်ကိုကိုယ် သတိပေးပါ။
တော်တော်များများက သောက်ချင်စိတ်ပေါ်လာတာနဲ့သောက်လိုက်မိတာကြောင့် ကော်ဖီစွဲပြီး သောက်တဲ့ပမာဏများလာတာပါ။ အဲဒါကြောင့် ကော်ဖီ….တစ်နေ့ကို နှစ်ခွက်ပဲသောက်မယ်ကွာ…ဆိုပြီး ကိုယ့်ကိုကိုယ်သတိပေးထားပါ။ ပြီးတော့ “ငါ….ဒီနေ့သောက်တာ ကော်ဖီဘယ်နှစ်ခွက်ရှိပြီ” ဆိုပြီး ကိုယ့်ကိုကိုယ်သတိပေးပါ။ အဲဒါအပြင် ကော်ဖီက ဘယ်နှစ်ခွက်သောက်သလို၊ energy drink ကလည်း ဘယ်လောက်သောက်ထားတယ်ဆိုတာမျိုးလည်း သတိထားသင့်ပါတယ်။ ကော်ဖီမှာလည်း ကဖင်းဓာတ်ပါသလို၊ energy drink တွေမှာလည်း ကဖင်းဓာတ်ပါနေတာမို့ ကဖင်းဓာတ်ပမာဏများခြင်းက ကျန်းမာရေးအတွက်မကောင်းစေလို့ပါ။ ကဖင်းဓာတ်ပါတဲ့သောက်စရာတစ်ခုထပ်သောက်မယ်ဆိုရင် ကော်ဖီကိုလျော့သောက်တာမျိုးလုပ်သင့်ပါတယ်။
၂) အချိန်သတ်မှတ်ပါ။
ကိုယ့်အတွက် ကော်ဖီအသောက်သင့်ဆုံးနဲ့ အသောက်ချင်ဆုံးအချိန်ကိုရွေးချယ်ပါ။ အဲဒီ့အချိန်ရောက်မှာသာ ဥပမာ။ နေ့လည် တစ်နာရီခွဲ နှစ်နာရီခန့်လောက်မှာ အိပ်ချင်စိတ်တွေဖြစ်လို့ မလန်းဆန်းတော့ဘူးဆိုမှ သောက်မယ်ဆိုပြီး ကန့်သတ်ထားတာမျိုးပေါ့။ ကိုယ့်အတွက် လန်းဆန်းဖို့လိုနေတဲ့အချိန်ကို ရွေးတာမျိုးပေါ့။ ညနေ ၃နာရီနောက်ပိုင်းကတော့ ကော်ဖီမသောက်သင့်တော့ပါဘူးနော်။
၃) သင့်ရဲ့ကော်ဖီသောက်ချင်စိတ်ကို ထိန်းချုပ်ပါ။
ကော်ဖီသောက်ပြီး အချိန်ဖြုန်းချင်တာမျိုး၊ အလုပ်လုပ်ရင်းကော်ဖီသောက်ချင်စိတ်ဖြစ်လာတာမျိုးကို ထိန်းချုပ်ပါ။
၄) အစားထိုးပါ။
ကော်ဖီသောက်မယ့်နေရာမှာ အခြား အသီးဖျော်ရည်တစ်ခုခုပြောင်းသောက်လိုက်တာမျိုးလုပ်ပေးပါ။ ဒါပေမယ့် ကဖင်းဓာတ်ပါတဲ့အချိုရည်မျိုးတွေတော့မဖြစ်ပါစေနဲ့။
၅) အာရုံပြောင်းပါ။
ကော်ဖီသောက်ချင်စိတ် ပြင်းပြနေတာကို အာရုံပြောင်းဖို့ တစ်ခြားတခုခုနဲ့ ပြောင်းကြည့်ပါ။ ရယ်စရာဗီဒီယိုဖိုင်အသစ် ဖွင့်ကြည့်လိုက်တာမျိုး၊ တခြား လုပ်စရာတစ်ခုခုထဲကို အာရုံစူးစိုက်လိုက်တာမျိုးလုပ်ကြည့်ပါ။
၆) စိတ်ကလှုံ့ဆော်တိုင်း ကိုယ်က မလိုက်ပါနဲ့။
စိတ်က ကော်ဖီသောက်ချင်တယ်…..ဆိုတာနဲ့ ကိုယ်ကပါ ချက်ချင်းထပြီး ကော်ဖီကောက်ဖျော်တာမျိုးလေ။ အဲဒါကြောင့် စိတ်ထဲမှာ ကော်ဖီသောက်ချင်စိတ်ဘယ်လောက်ပဲ
ဝုန်းဒုန်းကျဲနေပါစေ၊ ကိုယ်က လုံး၀ ထိုင်ရာကမထဘဲ တခြား တစ်ခုခုကို သေချာအာရုံစိုက်ပြီး လုပ်နေကြည့်လိုက်ပါ။ အဓိကကတော့ သင့်စိတ်ကိုသင်အနိုင်ယူနိုင်ဖို့ပါပဲ။
အထက်ကအချက်လေးတွေက အကြမ်းဖျင်းအားဖြင့် ကော်ဖီသောက်ခြင်းကို ကန့်သတ်နိုင်မယ့်အချက်လေးတွေပါ။ အားလုံးပဲ ကိုယ့်ကိုကိုယ်ထိန်းချုပ်ကြည့်ပြီး ကော်ဖီစွဲတဲ့အကျင့်ကိုဖျောက်နိုင်ကြပါစေ။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။