ဒီနေ့ခေတ်လူငယ်တွေ ရင်ဆိုင်နေရတဲ့ ပြဿနာများ

ဒီနေ့ခေတ်လူငယ်တွေက အများကြီး အမြင်ကျယ်လာပါတယ်။ နည်းပညာပိုင်းဆိုင်ရာတွေလည်း တိုးတက်လာတဲ့ခေတ်၊ ဝင်ငွေတိုးပွားအောင် ရှာနိုင်ရင် ရှာနိုင်သလောက်ရနိုင်တဲ့ခေတ်၊ ပညာသင်ယူနိုင်ရင် သင်ယူနိုင်သလောက်ရနိုင်ခေတ် စသဖြင့် အခွင့်အလမ်းကောင်းတွေအများကြီး ပိုင်ဆိုင်ထားကြပါတယ်။ အခွင့်အလမ်းပေါင်းများစွာ ရလာနိုင်တဲ့တစ်ပြိုင်တည်းမှာပဲ ဘေးထွက်ဆိုးကျိုးပေါင်းများစွာကိုလည်း ရင်ဆိုင်လာကြရပါတယ်။ ဖြစ်လာနိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေကို သိထားတဲ့အခါ ဖြစ်လာမယ့်အကျိုးဆက်တွေကနေ ကာကွယ်သင့်တာကာကွယ်လို့ရနိုင်အောင် ဖော်ပြလိုက်ပါတယ်။


၁) ရည်မှန်းချက်ပျောက်ဆုံးခြင်း
ဒီနေ့ခေတ်မှာ အားလုံးက အမြင်ကျယ်လာပြီး တိုးတက်မှုတွေ အသစ်အဆန်းတွေများလာတဲ့အတွက် တော်တော်များများက ငွေနောက်ကိုလိုက်ပါပြီး ကိုယ်တိုင်ဖြစ်ချင်တဲ့ရည်မှန်းချက်ထက် ငွေရလွယ်တဲ့လမ်းကိုသာ လိုက်လာကြပါတယ်။ အဲဒါကြောင့်လည်း တော်တော်များများ ကိုယ်တိုင်ဖြစ်ချင်တဲ့ ရည်မှန်းချက်မျိုးကဘာမှန်းတောင်မသိတော့တဲ့ လူငယ်မျိုးတွေများလာပါတယ်။ ဒီနေ့ခေတ်မှာ ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ကဘာလဲဆိုတာ သေချာသိပြီး သေချာအပတ်တကုတ်ကြိုးစားမယ်ဆိုရင် ပိုပြီးအောင်မြင်တဲ့လူငယ်တွေဖြစ်လာနိုင်ပါတယ်။

၂) အရက်သေစာနဲ့ မူးယစ်ဆေးဝါးများပေါများလာခြင်း
ပွင်းလင်းမှုတွေလည်းများလာသလို၊ ပိုပြီးလည်း လွတ်လပ်လာတဲ့အတွက် အရက်သေစာ သောက်သုံးခြင်းကလည်း လူငယ်တွေကြားထဲမှာ သိပ်ထူးဆန်းတဲ့အရာမဟုတ်တော့ပါဘူး။ တခါတရံ သောက်စားတာက ပြဿနာမဟုတ်ပေမယ့် အရက်သေစာဆိုတာ စွဲလမ်းမိတဲ့အခါ ဆိုးဝါးတဲ့ရလဒ်တွေရှိနိုင်တယ်ဆိုတာမျိုးကို မေ့လျော့လာပါတယ်။ အသက်ငယ်ငယ်နဲ့ အရက်ရဲ့ကျေးကျွန်ဖြစ်တဲ့လူငယ်တွေများလာပါတယ်။ (အရက်သောက်တာကို ပုံမှန်ဖြစ်စဉ်တစ်ခုလို သတ်မှတ်လာတဲ့အတွက် စိတ်ဓာတ်ပျော့ညံ့သူတစ်ချို့အတွက်ကျတော့ စွဲလမ်းလွယ်တာမျိုးပိုပြီး ဖြစ်လွယ်ပါတယ်။ ဘေးထွက်ဆိုးကျိုးဒဏ်ကိုလည်း ပိုပြီးခံစားရနိုင်ပါတယ်)

ဒီနေ့ခေတ်မှာတော့ စိတ်ကြွဆေးတွေကို ပုံမှန်အဖျားကျဆေးသောက်သလို ထမင်းစားရေသောက်သုံးစွဲနေတဲ့လူငယ်တွေများလာပါတယ်။ ပုံမှန် energy drink သောက်သလို စိတ်ကြွဆေးကလည်း ဝယ်ရလွယ်လာသလို၊ စိတ်ညစ်နေတဲ့အချိန်မျိုး၊ ပျော်ချင်တဲ့အချိန်မျိုး၊ စာကျက်မရတာနဲ့ ခေါင်းမကြည်တာနဲ့သောက်တာမျိုးတွေတောင် ကြားသိနေရပါတယ်။ ထိုဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးက အရမ်းကိုဆိုးဝါးပြီး တမြေ့မြေ့လိုက်စားမယ့်ဖွဲမီးလိုမျိုးဖြစ်တယ်ဆိုတာ သိထားပြီး ဝေးဝေးရှောင်နိုင်ဖို့လိုပါတယ်။
အရက်သေစာနဲ့ မူးယစ်ဆေးဝါးတွေကို ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုလို သဘောထားလာခြင်းကိုက စွဲလမ်းတဲ့အဆင့်ထိ ရောက်မှန်းမသိရောက်နိုင်သလို၊ လုပ်ကောင်းတယ်လို့လည်း ထင်မှတ်နေတဲ့အတွက် ရှောင်နိုင်ရန်ခက်ခဲပါတယ်။

၃) မိသားစုပြိုကွဲမှုများလာခြင်း
တိုးတက်မှုတွေများလေ ထိုတိုးတက်မှုတွေနောက်ကို လိုက်ပါနေရင်းနဲ့ မလိုက်နိုင်တော့တဲ့အခြေအနေမျိုးတွေ ဖြစ်လာပါတယ်။ မိသားစုတစ်စုမှာ ရှိသမျှ လူအကုန် ဝင်ငွေရှိနေရင်တောင် သုံးလို့မလောက်တော့တဲ့အခြေအနေမျိုးမို့ အိမ်ထောင်ရေးအဆင်မပြေမှုတွေကလည်း များပြားလာပါတယ်။ အဲဒါအပြင် အရွယ်မတိုင်မီ အိမ်ထောင်ပြုမှုတွေများပြားလာတာကလည်း လူငယ်တွေကြားထဲက ပြဿနာတစ်ခုပဲဖြစ်ပါတယ်။ အချစ်တစ်ခုတည်းကို ကြည့်ပြီး အိမ်ထောင်ပြုလိုက်ပြီးမှ မနိုင်ဝန်တွေထမ်းရသလိုဖြစ်လာတဲ့အခါ အလွယ်တကူအိမ်ထောင်ရေးပြိုကွဲရနိုင်ပါတယ်။

၄) ခွဲခြားဆက်ဆံခံရတာမျိုးများလာခြင်း
ဒီနေ့ခေတ်မှာ တိုးတက်လာမှုတွေကြောင့် တော်တော်များများက ရုပ်ဝါဒီသမားတွေ materialistic များလာကြပါတယ်။ အက်မင်တို့ငယ်တုန်းကအချိန်မျိုးမှာ ဘယ်ဈေးကဘယ်လောက်တန်ပြီး ဘယ်လို brands တွေဆိုတာမျိုးကို သိပ်စိတ်မဝင်စားခဲ့ပါဘူး။ ရိုးသားပြီး ကြိုးစားကြတဲ့သူများပါတယ်။ ဒီနေ့ခေတ်မှာတော့ အကျီ ၤအသစ်တစ်ထည်ဝတ်ထားရင်တော့ ဘာတံဆိပ်မျိုး၊ ဘယ်ဈေးလောက်ရှိမလဲ၊ ဘယ်နာရီဘယ်လောက်တန် ပတ်ထားတာ၊ ဘယ်ဖိနပ်က ဘယ်တံဆိပ်မို့ အရမ်းဈေးကြီးတယ်ဆိုတာမျိုးတွေများလာပါတယ်။ လူငယ်တွေကြားထဲမှာလည်း အင်မတန် ထိုဝါဒီကတော်တော်ခေတ်စားလာပါတယ်။ အဲလိုခေတ်စားလာလေလေ လူတကိုယ်လုံးဝတ်စားထားသမျှ ခေါင်းကနေခြေထောက်အထိ တန်ကြေးတွေပေါင်းပြီးမှ လူရာသွင်းတတ်ကြပါတော့တယ်။ ဘယ်လိုမျိုးအခြေအနေဖြစ်နေပါစေ လူတစ်ယောက်ရဲ့အပေါ်ယံရုပ်ပိုင်းဆိုင်ရာသတ်မှတ်ချက်တွေကြားမှာ အချင်းချင်း ခွဲခြားဆက်ဆံခံရခြင်းတွေများလာပါတယ်။

၅) ပညာကို ငွေနဲ့ဝယ်ယူရသည်ထင်လာခြင်း
ပညာတတ်လည်း ဘာမှလုပ်မရပါဘူး….ဆိုတဲ့အတွေးရှိတဲ့သူတွေကျတော့ ဘယ်ဒေါ်လာဘယ်ပမာဏပေးပြီး တက်ရမယ်ဆိုတဲ့သင်တန်းမျိုးတွေကြောင့် စိတ်ဓာတ်ကျပြီး ထိုစကားမျိုး ပြောလာကြပါတယ်။ ငွေကြေးတတ်နိုင်သူတွေအတွက်တော့ ဘွဲ့ပေါင်းများစွာနဲ့ ဒီပလိုမာပေါင်းများစွာကို ရယူနိုင်လာပါတယ်။ အခြေခံလူတန်းစားတော်တော်များများအတွက်ကျပြန်တော့ အင်မတန်စွန့်စားပြီးမှသာ နိုင်ငံရပ်ခြားက ဘွဲ့တွေကို မျှော်မှန်းရတာမျိုးဖြစ်လာပါတယ်။
အင်္ဂလိပ်စာအရည်အချင်းတိုးတက်အောင်လုပ်ပြီး free website တစ်ချို့ကနေမှ သင်ယူလို့ရတဲ့သင်တန်းမျိုးတွေ၊ ဒါမှမဟုတ် ညနေဘက်အားတဲ့အချိန်ကျမှ အွန်လိုင်းကနေသင်ယူလို့ရတဲ့သင်တန်းမျိုးတွေကနေ ကိုယ့်ဘဝတိုးတက်မှုအတွက် အပတ်တကုတ်ကြိုးစားလေ့လာလို့ရပါတယ်။ အဓိကက ကိုယ်ဘာဖြစ်ချင်တာလဲသိဖို့နဲ့ ကိုယ်သွားမယ်လမ်းကြောင်းအတွက် ဘယ်လိုလျှောက်လှမ်းဖို့ ဘယ်လိုပြင်ဆင်မလဲ၊ ကိုယ့်တတ်နိုင်တာနဲ့ ဘယ်လိုအကောင်းဆုံးဖြစ်နိုင်မလဲဆိုတာမျိုးတွေးတတ်ဖို့လိုပါတယ်။

၆) စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ အကျင့်စာရိတ္တပျက်စီးလွယ်လာခြင်း
တိုးတက်မှုနောက်ကို လိုက်ချင်လာတဲ့အခါ ငွေပေါသူတွေအတွက်က မခဲယဉ်းပေမယ့် သာမန်လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားတွေအတွက်ကျတော့ တပ်မက်မှုနောက်ကိုလိုက်ရင်း နွံနစ်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ တိုးတက်မှုတွေ၊ ဆန်းသစ်မှုတွေနောက်ကို လိုက်ချင်စိတ်များလာတဲ့အခါ အလိုဆန္ဒတွေဖြည့်ဆည်းလို့မကုန်နိုင်တော့ပါဘူး။ အဲဒီ့အခါမှာ လွယ်လွယ်ရရင် လွယ်လွယ်ယူမယ်ဆိုတဲ့စိတ်ဓာတ်မျိုးတွေ၊ အပင်ပန်းမခံရဘဲ ငွေကိုင်သုံးရတာမျိုးတွေနဲ့ ထိန်းသိမ်းသင့်တဲ့အကျင့်စာရိတ္တကို လွယ်လွယ်နဲ့ချိုးဖျက်လိုက်တတ်ကြပါတော့တယ်။ တစ်ချို့ကျတော့လည်း မှားမှန်းသိနေပေမယ့်လည်း အလိုဆန္ဒတွေကြောင့် မရုန်းထွက်နိုင်တော့တဲ့အခြေအနေမျိုးတွေဖြစ်လာပါတယ်။
အထက်ပါအချက်တွေက လူငယ်တွေကြိုတင်ဖတ်ရှုမိထားတဲ့အခါ မဖြစ်သင့်တာတွေမဖြစ်ရအောင် ကြိုတင်တွေးတောထားနိုင်သလို၊ ရှောင်ရှားဖို့ ဒါမှမဟုတ် ဘယ်လိုဖြေရှင်းမလဲဆိုတာမျိုးတွေ သိလာနိုင်ပါတယ်။ လူငယ်တွေအတွက် အတွေးတစ်စုံတစ်ခုလက်သွားတဲ့ဆောင်းပါးလေးဖြစ်ရင်ပဲ ရေးသားလိုက်ရကျိုးနပ်ပါပြီလို့။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။