COVID – 19 ကာလမှ ဖိုးဖိုးဖွားဖွားတွေကို ဘယ်လိုကာကွယ်မလဲ။

အသက်အရွယ်ရလာတဲ့အခါ ခန္ဓာကိုယ်တွင်းယိုယွင်းပျက်စီးမှုတွေရှိလာတာမို့ ကျန်းမာရေးကိုပိုပြီးဂရုစိုက်သင့်ပါတယ်။ ကျွန်တော်တို့ငယ်စဉ်က ကလေးသူငယ်တွေလို သေချာလေးဂရုတစိုက်နဲ့ အရိပ်တကြည့်ကြည့်စောင့်ကြည့်သင့်တဲ့အချိန် ပြန်ရောက်လာတယ်လို့ပြောနိုင်ပါတယ်။ အရိုးအဆစ်တွေကလည်း မသန်မာတော့တာမျိုး၊ ကိုယ်ခံအားကလည်း နည်းလာတာကြောင့် သက်ကြီးရွယ်အိုတွေအတွက် လိုအပ်တဲ့အာဟာရကိုမျှတစွာစားသုံးဖို့ကလည်း ပိုပြီးအရေးပါလာပါတယ်။ အခုလိုမျိုး ကမ္ဘာကပ်ရောဂါဖြစ်ပေါ်နေတဲ့အချိန်မှာ ကိုယ့်အိမ်မှာ သက်ကြီးရွယ်အိုတွေရှိရင် ပိုပြီး ဂရုစိုက်သင့်ပါတယ်နော်။ အသက်အရွယ်ကြီးရင့်သူတွေအနေနဲ့ ပိုပြီးရောဂါကူးစက်ခံရဖို့ အလားအလာပိုများတာကြောင့် COVID – 19 ကာလမှာ ဘယ်လိုနေထိုင်ဖို့ သတိပေးပြောပြသင့်ကြောင်းဖော်ပြလိုက်ပါတယ်။


၁) ရောဂါအကြောင်းကို နားလည်သလို ရှင်းပြပေးပါ။
ရောဂါက တစ်ကမ္ဘာလုံးကူးစက်နေပြီး အင်အားကြီးနိုင်ငံကြီးတွေမှာတောင် မထိန်းနိုင်တဲ့အတွက် မြန်မာပြည်မှာမပေါ့သင့်ကြောင်း နားလည်အောင်ရှင်းပြပါ။ ရောဂါကူးစက်တတ်ပုံကို ရှင်းပြပါ။ သက်ကြီးရွယ်အိုတွေက ကိုယ်ခံအားနည်းနိုင်တာကြောင့် ပိုပြီး ကူးစက်နိုင်ချေရှိတာကြောင့် အပြင်မထွက်ဖို့ သေချာနားလည်အောင်ပြောပြပါ။ အရမ်းကြီးကြောက်လန့်သွားအောင်ပြောတာထက် ရောဂါကူးစက်ပုံ၊ ကူးစက်မြန်ပုံ၊ လူကြီးတွေပိုဂရုစိုက်သင့်ကြောင်းပြောပြပေးပါ။ တစ်ယောက်ကူးစက်ရင် တစ်မိသားစုလုံး ကူးစက်နိုင်ကြောင်းရှင်းပြပေးပါ။ ဖိုးဖိုးဖွားဖွားအရွယ်တွေက သူတို့နဲ့စကားလက်ဆုံပြောပေးမယ့်အဖော်ကိုမျှော်တတ်တာကြောင့် ကိုယ့်အဖိုးအဖွားလည်း အပျင်းပြေ၊ ရောဂါအကြောင်းလည်း နားဝင်သွားအောင် ပြောပြပေးလိုက်ပါ။

၂) အပြင်လုံးဝမထွက်သင့်ကြောင်းပြောပြပါ။
သက်ကြီးရွယ်အိုတွေအနေနဲ့ လုံးဝအပြင်မထွက်သင့်ကြောင်းပြောပြပါ။ ကိုယ်ခံအားကောင်းတဲ့အရွယ်၊ လူငယ်လေးတွေကိုသာ မဖြစ်မနေအပြင်ထွက်စရာရှိရင် ခိုင်းသင့်ကြောင်းရှင်းပြပါ။

၃) အိမ်ရဲ့လူအများသုံးပစ္စည်းတွေကို ကိုင်ပြီးတိုင်းလက်ဆေးဖို့ သတိပေးပါ။
လူကြီးတွေက များသောအားဖြင့် အငြိမ်မနေတတ်ကြဘဲ အိမ်မှုကိစ္စနဲ့ အိမ်သန့်ရှင်းရေး ၊ ဈေးဝယ် အားလုံးကို သူတို့ကိုယ်တိုင်လုပ်ရမှ စိတ်တိုင်းကျတတ်သူတွေဖြစ်ပါတယ်။ ခုလိုအချိန်မှာ လူငယ်တွေကိုသာ အပြင်ကိုခိုင်းဖို့ သတိခဏခဏပေးပါ။ လူအများသုံးပစ္စည်းတွေကိုင်ပြီးတိုင်း ချက်ချင်းလက်ဆေးဖို့ တိုက်တွန်းပါ။ ခုချိန်က လူငယ်တွေက ပွစိပွစိလုပ်သင့်လုပ်ရမယ့်အချိန်ဖြစ်ပါတယ်။

၄) အိပ်ရေး၀၀အိပ်ပါစေ။
လူကြီးတွေက များသောအားဖြင့် နေ့နဲ့ညမမှန်တတ်ပါဘူး။ တခါတလေ ညဘက်အိပ်မပျော်ဘဲ မနက်ဘက်မှ အိပ်မောကျသွားတာမျိုးတွေလည်း ဖြစ်တတ်တာကြောင့် ဖိုးဖိုးဖွားဖွား အိပ်မောကျနေတာတွေ့ရင် မနိုးပါနဲ့၊ လန့်မနိုးအောင်လည်း အိမ်ရှိလူတွေကို သတိထားခိုင်းပါ။ ဥပမာ။ တီဗီသံတိုးတာ၊ စကားတိုးတိုးပြောတာ စသဖြင့်ပေါ့။

၅) အာဟာရပြည့်ဝအောင်ကျွေးပါ။
သက်ကြီး ရွယ်အိုတွေက ကိုယ်ခံအားနည်းနေသလို၊ တော်တန်ရုံအစားအစာဆိုလည်း ခံတွင်းမတွေ့တတ်တော့ပါဘူး။ မတည့်တာကိုမှ စားချင်တာမျိုးလည်း ရှိတတ်ပါတယ်။ အဲဒါကြောင့် ကလေးကိုပြုစုသလို၊ တစ်ထိုင်တည်းအဝမကျွေးဘဲ နည်းနည်းစီ ၊ အာဟာရလည်းမျှတအောင်၊ သူတို့ကြိုက်တာလေးတွေကို အာဟာရပြည့်ဝအောင်ကျွေးတတ်ဖို့လိုပါတယ်။ ဥပမာ။ နို့၊ ဒိန်ချဉ်၊ ကြက်ဥ၊ ငုံးဥ၊ ကြက်စွပ်ပြုတ်၊ အသားကိုနူးအိနေအောင် ချက်ပြုတ်ပေးတာ၊ ငှက်ပျောသီး၊ အသီးဖျော်ရည်စသဖြင့် မျှတအောင် အဝမစားရင်တောင် နည်းနည်းစီဝင်အောင် ကျွေးပေးသင့်ပါတယ်။
၆) အပြင်ကပြန်လာသူတိုင်းကို အဖိုးအဖွားနဲ့တိုက်ရိုက်မထိတွေ့ခိုင်းပါနဲ့။
အပြင်က သူစိမ်းလာတာဖြစ်ဖြစ်၊ အိမ်ကမိသားစု အပြင်ကပြန်လာတာဖြစ်ဖြစ် အဖိုးအဖွားနဲ့အရင်မထိတွေ့ခိုင်းပါနဲ့။ ကိုယ်လက်သန့်စင်သန့်ရှင်းရေးလုပ်ပြီးမှသာ အဖိုးအဖွားနဲ့ထိတွေ့ပါစေ။ လူငယ်တွေက ကိုယ်ခံအားကောင်းတဲ့အတွက် ရောဂါပိုးမွှားပါလာရင်တောင် အဖိုးအဖွားကို အရင်ဆုံးကူးစက်သွားနိုင်တာမို့လို့ပါ။
အထက်ကအချက်လေးတွေကတော့ ဖိုးဖိုးဖွားဖွားတွေကို အပြင်လုံးဝမထွက်စေဘဲ လိုက်နာကျင့်သုံးမယ်ဆိုရင်တော့ ကိုဗစ်ကို ကာကွယ်ပြီးသလောက်ဖြစ်စေမှာပါ။ ကလေးတွေကိုစောင့်ကြည့်သလိုမျိုး အဖိုးအဖွားတွေကိုလည်း အရိပ်တကြည့်ကြည့်စောင့်ကြည့်ပြီး နားလည်အောင်ပြောပြပေးပါလို့ တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။