Covid- 19 ကာလအတွင်း စိတ်ဖိစီးမှုများကို အတတ်နိုင်ဆုံးလျှော့ချဖို့လုပ်သင့်တဲ့နည်းလမ်းများ

တစ်ကမ္ဘာလုံးက ကြောက်လန့်နေရတဲ့ ဒီကပ်ဆိုးရောဂါကြီးကို မြန်မာပြည်သူပြည်သားတွေလည်း စိုးရိမ်ပူပန်နေကြပါတယ်။ ဒါပေမယ့် စိုးရိမ်ပူပန်နေခြင်းက ရောဂါကို ကာကွယ်နိုင်မှာမဟုတ်ဘဲ စိတ်ဖိစီးမှုသာ တိုးလာစေပါတယ်။ အဲဒါကြောင့် မစိုးရိမ်သင့်ဘူးလို့မဆိုလိုချင်ပေမယ့် စိုးရိမ်မှုလွန်ကဲတဲ့အခါ စိတ်ဖိစီးမှုဖြစ်ပေါ်စေပြီး စိတ်ဖိစီးမှုက သင့်ကို အင်အားဆုတ်ယုတ်စေပါတယ်။ အဲဒါကြောင့် ကိုယ်ခံအားတောင် ကျစေနိုင်ပါတယ်။ သင်္ကြန်ရုံးပိတ်ရက်ကလည်း ပြီးဆုံးသွားပြီမို့ အလုပ်ခွင်ပြန်ဝင်ရတဲ့လူတွေမှလည်း ဖိစီးမှုတွေတိုးလာနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့စိတ်ဖိစီးမှုကိုလည်း အတတ်နိုင်ဆုံးလျှော့ချနိုင်ဖို့လိုပါသေးတယ်။ စိတ်ကိုအေးဆေးတည်ငြိမ်အောင်ထားဖို့ကလည်း အရေးကြီးပါတယ်။ စိတ်ဖိစီးမှုလျှော့ကျစေဖို့ လုပ်သင့်တဲ့နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။


၁) ဘာသာရေးပိုလုပ်ပါ။
ကိုယ်နဲ့သက်ဆိုင်ရာဘာသာရေးကို အိမ်မှာ ကိုယ်နိုင်သလောက် အတတ်နိုင်ဆုံးလုပ်ကြည့်ပါ။ အဲဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေသလို၊ စိတ်တည်ငြိမ်စေပါတယ်။ စိတ်ကိုအေးချမ်းစေပါတယ်။

၂) အင်တာနက်ကိုမလိုအပ်ဘဲမဖွင့်ပါနဲ့။
အင်တာနက်ကို အချိန်တိုင်းဖွင့်ကြည့်နေခြင်းကလည်း စိတ်ဖိစီးမှုတိုးစေပါတယ်။ အားတာနဲ့ အင်တာနက်ဖွင့်ပြီး ကြည့်လိုက်မိတာနဲ့ ကိုဗစ်အကြောင်းချည်း တစ်ပိုစ့်မဟုတ် တစ်ပိုစ့်တော့မြင်ရမှာမို့ စိတ်ဖိစီးမှုပိုတိုးနိုင်ပါတယ်။ အဲဒါကြောင့် အင်တာနက်ကို မှန်ကန်တဲ့သတင်းကြည့်ချိန်လောက်သာဖွင့်တာပိုကောင်းပါတယ်။

၃) သတင်းမှန်တွေသာ နားထောင်ပါ။
ဒီလိုအချိန်မှာ စိတ်ဖိစီးမှုတိုးစေတာလည်း သတင်းအမှားတွေကြောင့်လည်းပါပါတယ်။ အဲဒီလို မသေချာ၊ မရေရာတဲ့သတင်းတွေကို ထင်ယောင်ထင်မှားဖြစ်ပြီး မှန်လား၊ မှားလားမသိခင်မှာဘဲ စိတ်ထဲမှာ စနိုးစနှောင့်နဲ့ စိုးရိမ်စိတ်ကြီးလာစေပါတယ်။ အဲဒါကြောင့် သတင်းမဟုတ်မမှန်တွေကို နားမထောင်ပါနဲ့၊ အခြားသူရှယ်လာတာ၊ တင်ထားတာတွေ့ရင် ကျော်သွားလိုက်ပါ။ သေချာတဲ့သတင်းကိုသာ နားထောင်ပါ။ လိုက်နာပါ။

၄) ကိုယ့်စိတ်ကို အကောင်းဘက်ကများများတွေးနိုင်အောင်ကျင့်ပါ။
နောက်တစ်ခုက စိတ်ဖိစီးမှုများလာတဲ့အခါ ဘယ်နေရာမှာမဆို အဆိုးတွေချည်းသာမြင်နေတတ်ပါတယ်။ အဲဒါကြောင့် သတိလေးကပ်ပြီး ကိုယ့်ကိုယ်ကိုယ်စိတ်ပျော်အောင်၊ ကိုယ့်စိတ်ကို အကောင်းဘက်က များများတွေးတတ်အောင် ကြိုးစားပါ။ လူတစ်ယောက်နဲ့တစ်ယောက်တည်း အမုန်းပွားနေ၊ ရန်လိုနေကြမယ့်အစား ဖေ့ဘုတ်ပေါ်မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် အကောင်းဘက်က ဆုတောင်းပေးလိုက်တာမျိုး၊ စေတနာထားလိုက်တာမျိုး ဖေ့ဘုတ်ပေါ်မှာဆိုလည်း အုပ်စုဖွဲ့ငြင်းခုံရန်ဖြစ်နေတာမျိုး၊ ဆဲဆိုနေတာမျိုးတွေကို အတတ်နိုင်ဆုံးရှောင်ပါ။ ကျော်သွားလိုက်ပါ။ စိတ်ကို အကောင်းဘက်က သတိလေးကပ်ပြီးတွေးပေးပါ။

၅) ကိုယ်တတ်နိုင်တာကိုသာအာရုံစိုက်ပါ။
များသောအားဖြင့် စိတ်ဖိစီးတယ်ဆိုတာက ကိုယ်မတတ်နိုင်တာတွေ၊ မလုပ်နိုင်တာတွေကို အာရုံပိုရနေလို့ဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ်မတတ်နိုင်တာကိုချည်းတွေးပြီး စိတ်ဆင်းရဲ၊ စိတ်ဖိစီးတာထက် စာရင် ကိုယ်တတ်နိုင်တာကိုသာ ပိုအာရုံစိုက်ပါ။ ကမ္ဘာနဲ့ချီပြီးဖြစ်နေတဲ့ကပ်ဘေးမှာ ကိုယ်လုပ်နိုင်တာက စားဝတ်နေရေးအရ အပြင်ထွက်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်မယ်၊ လက်အိတ်စွပ်မယ်၊ Mask တပ်မယ်၊ စိတ်ဖိစီးမှုကို သက်သာအောင်နေမယ်၊ အားရှိအောင်စားသောက်မယ်၊ အိပ်ရေး၀၀အိပ်မယ်၊ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင်တောင် အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုယ်ကာကွယ်ပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေးကိုအလေးထားပါ။ သတိလေးကပ်ပြီး ဆင်ခြင်ပါ။ မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့။ အဲဒီလို အတတ်နို်င်ဆုံး ကိုယ်လုပ်နိုင်တာကိုသာ လုပ်ပါ။

၆) စိတ်တည်ငြိမ်မှုရစေတဲ့အရာတွေလုပ်ပါ။
တရားထိုင်တာမျိုး၊ စာဖတ်တာမျိုး၊ အရုပ်ကလေးတွေ ကြိုးနဲ့ထိုးတာမျိုး၊ လက်မှုပညာနဲ့တစ်ခုခုလုပ်နေတာမျိုးပေါ့ ကိုယ့်စိတ်တည်ငြိမ်စေတဲ့အရာတွေကို လုပ်ပေးခြင်းက အာရုံပြောင်းသလို၊ စိတ်တည်ငြိမ်မှုရစေပါတယ်။ စိတ်တည်ငြိမ်လာတဲ့အခါ အခုလိုအချိန်မှာ ကိုယ်ဘာလုပ်သင့်သလဲဆိုတာမျိုးကို ရှင်းလင်းစွာတွေးတောလာနိုင်ပါတယ်။
အခုလိုအချိန်မှာ အထက်ကနည်းလမ်းတွေက အများကြီးမထိရောက်ရင်တောင် တစ်စုံတစ်ခုအကျိုးရှိသွားမယ်ဆိုရင် စိတ်ဖိစီးမှုခဏတဖြုတ်သက်သာလည်းမနည်းဘူးလို့တွေးပြီးဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ အကုန်လုံးက ပူပန်နေကြပြီး ခက်ခဲနေတဲ့အချိန်တွေဖြစ်တာကြောင့် အားလုံးစိတ်အားတင်းပြီးအတူကျော်ဖြတ်ကြပါမယ်လို့ တိုက်တွန်းအားပေးလိုက်ပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။