ဘဝရဲ့မထင်မှတ်ထားတဲ့ ထိုးနှက်ချက်တွေကို ကျော်ဖြတ်နိုင်ဖို့……

အကောင်းမြင်တဲ့စိတ်ထားက အောင်မြင်တဲ့ဘဝဖြစ်လာစေဖို့အတွက် အဓိကသော့ချက်ပါပဲ။ အဲဒါကြောင့် ဘဝမှာ ဘယ်လိုအဆိုးဆုံးတွေဖြစ်လာပါစေ။ ကျွန်တော်တို့ရဲ့စိတ်နေသဘောထားကို အကောင်းဘက်က ပြန်လည်ပြုပြင်တွေးတောပြီး ကြံ့ခိုင်စွာရှင်သန်ဖို့လိုအပ်ပါတယ်။ ဘဝမှာ အသေးအဖွဲနာကျင်စရာတွေကြုံမယ်၊ ကြီးကြီးမားမားထိခိုက်စရာတွေလည်း ကြုံနိုင်မယ်၊ ပုံမှန်လို ဖြစ်စဉ်တွေကနေလည်း ထိခိုက်စရာကြုံနိုင်မယ်စသဖြင့်ပေါ့။ ဒါပေမယ့် ဘဝရဲ့ထိုးနှက်ချက်တိုင်းကို အောင်နိုင်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့စိတ်သဘောထားကိုဘယ်လိုထားရမလဲဆိုတာ သိဖို့လိုအပ်ပါတယ်။ အဲဒီ့အတွက်လိုအပ်ချက်တွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးထားပါတယ်။


တခါတလေကျရင် ဘဝမှာ ကိုယ့်ကြောင့်မဟုတ်ဘဲ ကိုယ့်အနီးနားက လူတွေကြောင့်၊ ကိုယ့်ပတ်ဝန်းကျင်ကြောင့်စသဖြင့် ထိုးနှက်ချက်ပေါင်းစုံကို ကြုံရတတ်ပါတယ်။ ခုဖော်ပြပေးမယ့်အချက်တွေက ထိုအခြေအနေမျိုးမှာ သင့်ကို တခုခုရသွားအောင် အထောက်အကူဖြစ်စေမှာပါ။

၁) ကိုယ့်ကိုကိုယ်အချိန်ပေးပါ။
တခါတလေကျရင် ကိုယ်ကြုံတွေ့ရတဲ့သူတွေနဲ့ ပတ်ဝန်းကျင်အခြေအနေတွေက ကိုယ်ထင်မထားတာတွေဖြစ်လာတတ်ပါတယ်။ ကိုယ်မထင်ထားတာတွေဖြစ်လာပြန်တဲ့အခါ “ဒီလိုဖြစ်လာမယ်လို့မထင်မိဘူး” ဆိုပြီး အံ့အားသင့်နေရုံနဲ့ သင့်မှာဆောက်တည်မရဖြစ်နေတတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ သင်ပြန်သုံးသပ်နိုင်ဖို့ အချိန်နည်းနည်းယူလိုက်ပါ။ သင်ပြန်တွေးဖို့ပေါ့။ ရုတ်ချည်းတုံ့ပြန်လိုက်တာက သင့်ရဲ့အားနည်းချက်ကိုပေါ်လွင်စေပါတယ်။ ကိုယ့်ကိုကိုယ်ပြန်လည်သုံးသပ်ဖို့အချိန်လေးအနည်းငယ်ယူလိုက်ပါ။ ခုလက်ရှိကြုံတွေ့နေတဲ့အခြေအနေမှာ ကိုယ်အကောင်းဆုံးလုပ်နိုင်တာက ဘာဖြစ်မလဲလို့ ထိုအချိန်လေးမှာ ပြန်တွေးပါ။ တခါတလေ ဘဝမှာ ကိုယ်မထိန်းချုပ်နိုင်တဲ့အခြေအနေမျိုးဆိုတာ ကြုံလာရစမြဲပါပဲ။ စိတ်အေ
းအေးထားဖို့ သင့်စိတ်ကိုပြေလျော့စေဖို့လိုပါတယ်။ ကော်ဖီဖြစ်ဖြစ် တစ်ခွက်လောက်သောက်ကြည့်ပြီး သင်ပြန်သုံးသပ်ကြည့်ဖို့အချိန်ယူလိုက်ပါ။

၂) သင်ရည်မှန်းထားတာကိုသာ အာရုံစိုက်ပါ။
ပြဿနာနဲ့ကြုံလာရတဲ့အချိန်မှာ အဓိကက သင်အာရုံစိုက်ရမယ့်အရာကို မေ့သွားတာပါပဲ။ သင့်ပတ်ဝန်းကျင်ကြောင့် ပြဿနာတခုခုကြုံရပြီဆိုရင် သင့်ရဲ့အဓိက ရည်မှန်းချက်ကဘာလဲ ဒါမှမဟုတ် သင်ဖြစ်ချင်တာက ဘာလဲဆိုတာ ချရေးကြည့်လိုက်ပါ။ အဲဒီ့ရည်မှန်းထားတဲ့နေရာကို ရောက်ဖို့က ဘာတွေလိုအပ်သလဲ။ ဘယ်လိုရောက်အောင်သွားမလဲဆိုတာကိုသာ အာရုံစိုက်လိုက်ပါ။ သင့်အတွက်အရေးပါတဲ့အရာကိုသာရောက်အောင် အရေးကြီးတဲ့အရာကို အာရုံထားပါ။ ကိုယ်သွားချင်တဲ့နေရာကိုသာ အာရုံစိုက်ပြီး ဘယ်လိုသွားမလဲဆိုတာသာ တွေးပါ။

၃) ဖြေရှင်းဖို့ကိုသာ အာရုံထားပါ။ ပြဿနာအပေါ်အာရုံမထားပါနဲ့။
ပြဿနာတစ်ခုခုနဲ့ကြုံရတိုင်း ဘယ်လိုဖြေရှင်းမလဲဆိုတာကို ချက်ချင်းမတွေးဖြစ်ဘဲ ပြဿနာပေါ်မှာသာ အာရုံရှိတတ်ကြပါတယ်။ ကျွန်တော်တို့ အခက်အခဲတွေ၊ ပြဿနာတွေနဲ့ကြုံရတဲ့အခါ ဘယ်လိုဖြေရှင်းရင်ကောင်းမလဲကိုသာ အာရုံထားလိုက်ပါ။ အဲဒါဆို ပြဿနာအပေါ်မှာ စိတ်ညစ်မှုတွေ၊ စိတ်ဆင်းရဲနေတာတွေပျောက်သွားပါလိမ့်မယ်။ အဖြေရဖို့ကိုသာ အာရုံရောက်သွားပါလိမ့်မယ်။ “ငါ့ကျမှ ဘာလို့ ဒီလောက်ဆိုးဝါးတဲ့အခြေအနေကြုံရတာလဲ” လို့တွေးမယ့်အစား “ဒီပြဿနာ၊ အခက်အခဲကို ဘယ်လိုဖြေရှင်းရင်ကောင်းမလဲ” လို့သာ စဉ်းစားပါ။

၄) သင်ခန်းစာတခုခုရအောင်ယူတတ်ပါစေ။
အဆိုးဆုံးအခြေအနေကြုံနေချိန်မှာတောင် ကျွန်တော်တို့မဖြစ်မနေလုပ်သင့်တဲ့အရာတစ်ခုကတော့ သင်ခန်းစာရအောင်ယူတတ်ဖို့ပါပဲ။ ပတ်ဝန်းကျင်က သင့်ကိုအမျိုးမျိုးထိခိုက်အောင်လုပ်နေတယ်လို့ခံစားရတဲ့အခါ သင့်ကိုအားပေးတတ်တဲ့သူငယ်ချင်းတွေနဲ့တွေ့ပြီး ရင်ဖွင့်လိုက်ပါ။ ဒါမှမဟုတ် စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ စာအုပ်ဖတ်လိုက်ပါ။ ဘယ်လိုဆိုးရွားတဲ့စိတ်ခံစားချက်မျိုးက သင့်ကိုလွှမ်းမိုးထားပါစေ။ သင့်ရဲ့အကောင်းမြင်စိတ်ရအောင် ပြန်လည်တည်ဆောက်ပါ။ အဲဒါက အဆိုးထဲကနေ အကောင်းတစ်ခုခုရအောင် သင်ယူခြင်းပါပဲ။

၅) သင့်ကိုသင်အကောင်းဘက်ကအားပေးပါ။
အတွင်းစိတ်ရဲ့အကြီးမားဆုံးကတော့ ကိုယ့်ကိုကိုယ်အားပေးဖို့ပါပဲ။ သင့်ရဲ့အတွေးတွေကို အကောင်းဘက်မြင်တတ်လာအောင် ထိန်းချုပ်ဖို့အတွက် သင့်ကိုသင်အားပေးပါ။ ဒီအခြေအနေကို ကျော်ဖြတ်နိုင်တယ်၊ သင်လုပ်နိုင်တယ် စသဖြင့်ပေါ့။ သင်ပျော်ရွှင်တဲ့အရာလေးတွေလုပ်ပါ။ သင်လုပ်နိုင်ခဲ့တာလေးတွေပြန်တွေးပြီး သင့်ကိုသင်အားပေးပါ။

၆) ဘယ်အခြေအနေမှ မတည်မြဲဘူးဆိုတာ သတိရပါ။
ခုနာကျင်နေသမျှလည်း မတည်မြဲပါဘူး။ ခုပျော်ရွှင်နေရလည်း မတည်မြဲပါဘူး။ အဆိုးဆုံးလို့ထင်နေလည်း အခိုက်အတန့်ပဲဆိုတာ သတိရပါ။ ပြီးတော့လည်း ပြီးသွားမှာပါပဲ။ ခုနေ ခံစားရသမျှကလည်း နောင်တစ်ချိန်မှာ ဘာမှမဟုတ်တာဖြစ်သွားတာပါပဲ။ အဲဒါကြောင့် ဒါလည်းပြီးသွားမှာပါလို့ တွေးလိုက်ပါ။ သင်ခံစားရသက်သာစေပါလိမ့်မယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။