ဘဝမှာပိုပြီး ပြည့်စုံတယ်လို့ လက်ခံနိုင်ဖို့ အမှန်တရား ၃ခု

သင့်ဘဝရဲ့ပတ်ဝန်းကျင်နဲ့ တချို့အရာတွေကို တိုးတက်လာစေဖို့၊ ပြောင်းလဲမှုဖြစ်စေဖို့ သင်မတတ်နိုင်တဲ့ အချက်တစ်ချို့ရှိမှာပါပဲ။ အဲဒီ့အခါ သင့်ရဲ့ယုံကြည်ချက်ကိုပြောင်းလဲပစ်လိုက်ဖို့လိုပါတယ်။ သင့်ယုံကြည်ချက်ကို ပြောင်းလဲပစ်လိုက်တာက သင့်ရဲ့ဘဝကို ပြောင်းလဲပစ်လိုက်တာနဲ့တူပါတယ်။ သင်လွဲမှားစွာယုံကြည်ထားတဲ့ယုံကြည်ချက်တချို့တလေတွေထဲကအဓိက ပြောင်းလဲသင့်တဲ့ယုံကြည်ချက်တွေလည်း ရှိပါတယ်။ ထိုယုံကြည်ချက်တွေကြောင့်ပဲ သင့်ကိုသင် မသိလိုက်ဘဲ စိတ်ဖိစီးမှုတွေခံစားနေရစေတတ်ပါတယ်။


“အခြားသူတွေတောင် ဝင်ငွေဘယ်လောက်ရှိနေပြီ၊ ငါက ခုထိဘာမှမရသေးပါလား။”
“ဒါတွေ ငါကဘာလို့မလုပ်နိုင်ရတာလဲ”
“ငါ့ဘဝက အခြားသူများထက်ဘာလို့နိမ့်ကျနေရတာလဲ” “အခြားသူတွေမှာက ကာကွယ်ပေးမယ့်အဖေ၊ အမေ၊ ရှိတယ်၊ငါ့ကျမှ ဘာလို့မရှိရတာလဲ” စသည်ဖြင့် ထိုကဲ့သို့သော အတွေးတွေက သင့်ဘဝက ပြည့်စုံမှုမရှိဘူးလို့ ထင်မြင်လာစေပါတယ်။
အဲဒါဆိုရင် သင့်ရဲ့အတွေးတွေ၊ သင့်ရဲ့ယုံကြည်နေမှန်းမသိဘဲ ယုံကြည်မိနေတဲ့ယုံကြည်ချက်တွေကို ပြောင်းလဲကြည့်လိုက်ပါလား။ သင့်ဘဝပါ ပြောင်းလဲသွားတာ သင်တွေ့ရပါလိမ့်မယ်။ ဟုတ်ပြီ….အဲဒါဆိုရင် ဘယ်လိုအရာတွေကို အဓိက ပြောင်းလဲလိုက်သင့်သလဲ။

၁) အခြားသူတွေရဲ့အထင်၊ အမြင်တွေက သင့်ကိုမပြောင်းလဲနိုင်ပါဘူး။
ပြောချင်တာက သင်ကလူတိုင်းကိုအကောင်းမမြင်နိုင်သလို၊ အဆိုးလည်း မြင်မနေနိုင်ပါဘူး။ ဒါပေမယ့် သင့်အပေါ် အကောင်းမြင်နေတဲ့လူတွေကို ပြန်စဉ်းစားကြည့်ပါ။ သင်ဘာလုပ်လုပ် သူတို့က အကောင်းချည်းပဲပြောမှာပါပဲ။ အဲလိုပဲပေါ့….သင့်အပေါ်မကောင်းမြင်တဲ့လူတွေကျတော့ သင်ဘာလုပ်လုပ် အဆိုးချည်းပဲပြောမှာပါပဲ။
ဆရာဖြိုးသီဟရဲ့ဆောင်းပါးတစ်ပုဒ်ထဲကလိုပေါ့။ တချို့ကပြောတတ်ကြပါတယ်၊ လူတိုင်းကိုမှန်လိုကျင့်ကြံတယ်လို့ပြောကြပါတယ် ။
အပြင်ကလူကပြုံးရင် မှန်ထဲကလူကလည်း ပြုံးတယ်၊ အပြင်ကလူကမဲ့ရင် မှန်ထဲကလူကလည်း မဲ့ပြတယ်ပေါ့။ ဆရာဖြိုးသီဟရဲ့ ဆောင်းပါးထဲမှာတော့ ပန်းချီကားလို ကျင့်သုံးပါလို့တိုက်တွန်းထားပါတယ်။ အပြင်ကလူက မဲ့သည်ဖြစ်စေ၊ ပြုံးသည်ဖြစ်စေ ။ ပန်းချီကတော့ လှမြဲလှလျက်ပါပဲတဲ့။ အဲလိုပါပဲ…. အခြားသူတွေ သင့်ကိုဘယ်လိုထင်ပါစေ… အဲဒါက သူတို့ရဲ့အတွေးနဲ့ သူတို့ရဲ့အထင်မြင်တွေပါ။ သင့်ကိုတကယ်ပြောင်းလဲသွားအောင် လုပ်နိုင်တာမဟုတ်ပါဘူး။ အခြားသူက သင့်ကိုမကောင်းတဲ့လူတစ်ယောက်အဖြစ်မြင်လိုက်တိုင်း…..သင်ကတကယ်မကောင်းတဲ့သူဖြစ်သွားတာမှ မဟုတ်တာနော်။ အခြားသူက သင့်ကို သူခိုးလို့စွပ်စွဲတိုင်းလည်း သင်က တကယ့်သူခိုးဖြစ်သွားတာမှမဟုတ်တာပဲလေ။
ကိုယ့်ရဲ့အစစ်အမှန်ကသာ ပန်းချီကားလို လှပနေရင် ဘယ်သူကမှလာပြီး ဖျက်ဆီးလို့ မရနိုင်ပါဘူး။ အခြားသူရဲ့အထင်တွေအမြင်တွေက သင့်ဘဝကို မပြောင်းလဲပစ်နိုင်ပါဘူး။ သင်ကိုယ်တိုင် သင့်တန်ဖိုးကို တိုးမြင့်နေအောင် ကြိုးစားဖို့သာအရေးကြီးပါတယ်။ သင်ကိုယ်တိုင်က မှန်ကန်နေရင် အခြားသူတွေရဲ့အမြင်ကို ဂရုစိုက်နေစရာမလိုပါဘူး။ အဲဒါကြောင့် သင်က တကယ့်အမှန်တရားကို လုပ်နေပေမယ့်လည်း သင့်အပေါ် ရှုံ့ချတတ်တဲ့သူတွေနဲ့ ကြုံရတဲ့အခါ “အခြားသူတွေရဲ့အမြင်တွေက သင့်ကိုမပြောင်းလဲနိုင်ပါဘူး” လို့သာတွေးလိုက်ပါ။ အဲဒါက သင်အမြဲယုံကြည်ထားရမယ့် အမှန်တရားပါပဲ။

၂) ဘယ်သူကမှ မပြည့်စုံနိုင်ပါဘူး။
“ကိုယ့်ဘဝက ဆိုးလှချည်လား…..၊ မပြည့်စုံမှုတွေ များလှချည်လား…..” လို့တွေးမိတာနဲ့ ဒီအကြောင်းကိုတွေးကြည့်လိုက်ပါ။ ငွေသန်းပေါင်းများစွာချမ်းသာနေတဲ့ သူဌေးမှာလည်း လိုအပ်ချက်တစ်ခုခုတော့ ရှိနေလို့ ခံစားနေရတာပါပဲ။ တဲစုတ်နဲ့ကျူးကျော်ရပ်ကွက်မှာနေရတဲ့ ငမွဲဆင်းရဲသားမှာလည်း လိုအပ်ချက်ဆိုတာ ရှိနေတာပါပဲ။ တိုက်ခန်းနဲ့ နေနိုင်ပြီး ကုမ္ပဏီဝန်ထမ်းမှာလည်း လိုအပ်ချက်တော့ ရှိနေသေးတာပါပဲ။ ဘယ်အခြေအနေ ဘယ်လိုနေရာမှာဖြစ်ပါစေ။ လူတွေရဲ့ လိုချင်တပ်မက်မှုကိုလိုက်ပြီး လိုအပ်ချက်ဆိုတာ ရှိနေကြတဲ့လူတွေချည်းပါပဲ။ အဲဒါကြောင့် “ငါကျမှ မပြည့်စုံလေခြင်း….” လို့ စိတ်ဆင်းရဲခံစဉ်းစားမနေပါနဲ့။ လူတိုင်းမှာ လိုအပ်ချက်တွေနဲ့ချည်းပါပဲ။ အဓိကက တင်းတိမ်ရောင့်ရဲတတ်တဲ့စိတ်ပါ။ ကိုယ်ရသင့်ရထိုက်တာနဲ့ ကိုယ်အတွက် ရောင့်ရဲတင်းတိမ်နေတတ်တဲ့သူဆီမှာတော့ လိုအပ်ချက်တေါရှိနေနိုင်ပေမယ့် ဘဝကို ကျေနပ်နိုင်မှာပါပဲ။ ဒါပေမယ့် တင်းတိမ်ရောင့်ရဲခြင်းဆိုတာက ကိုယ်ကြိုးစားနေရက်နဲ့ မပြည့်စုံနိုင်တာကို ကျေနပ်နိုင်ခြင်းပါ။
(မကြိုးစားဘဲ ရပ်တန်နေပြီး အပျင်းကြီးနေခြင်းကိုတော့ တင်းတိမ်ရောင့်ရဲတယ်လို့ မခေါ်နိုင်ပါဘူးနော်။ တင်းတိမ်ရောင့်ရဲခြင်းနဲ့ အပျင်းကြီးခြင်းကိုတော့ ကွဲပြားမှုရှိဖို့လိုပါတယ်။)

၃) အရှိကို အရှိအတိုင်းလက်ခံပါ။
လူတော်တော်များများရဲ့စိတ်ဖိစီးမှုက အရှိကိုအရှိအတိုင်းလက်မခံနိုင်ခြင်းက စတင်တာများပါတယ်။ များသောအားဖြင့် ကိုယ့်မှာမရှိတာကို ရှိနေတဲ့သူတွေကိုကြည့်ပြီး အားကျတယ်။ ကိုယ်မရနိုင်တာကို ရနေတဲ့သူတွေကို ကြည့်ပြီး လိုချင်စိတ်ဖြစ်တယ်၊ ပိုင်ဆိုင်ချင်တယ်။ အဲဒီ့အခါ ကိုယ့်ကိုကိုယ်အားမရဖြစ်တယ်၊ ကိုယ့်လက်ထဲရှိတာကို မမြင်နိုင်တော့ပါဘူး။ ကိုယ့်ဆီမှာရှိတဲ့ တန်ဖိုးရှိတဲ့အရာတွေကို မမြင်နိုင်တော့ပါဘူး။ မရနိုင်တာကို မြင်ပြီး စိတ်ဆင်းရဲ၊ မျှော်လင့်ခြင်းကြောင့် စိတ်ဖိစီးတာ တစ်မျိုး၊ ကိုယ့်လက်ထဲက တန်ဖိုးရှိတာကို မမြင်တတ်ဘဲလက်လွှတ်လိုက်ရတဲ့အတွက် နစ်နာခြင်းကတစ်မျိုးနဲ့ ကိုယ်သာအနာချည်းပါပဲ။ အဲဒါကြောင့် ကိုယ်မရနိုင်တာကို မျှော်လင့်ခြင်းကိုလျှော့ပါ။ ကိုယ့်လက်ထဲမှာ ရထားပြီးသားရဲ့တန်ဖိုးကို ပြန်ရှာပါ။ ဘယ်အရာတွေက ကိုယ့်ဆီမှာသာရှိပြီး အခြားသူတွေဆီမှာ မရှိဘူးလဲ။ ကိုယ့်လိုပဲ တချို့လူတွေက ကိုယ့်ဆီမှာရှိတာကို မျှော်လင့်နေတတ်ကြပါတယ်။ မြင်အောင်ကြည့်ပါ။
ကိုယ့်မှာ ရှိထားသမျှကို ကျေးဇူးတင်စိတ်မွေးပါ။ ကိုယ့်မှာ ရှိထားသမျှကို လက်ခံနိုင်အောင် ကြိုးစားပါ။ အရှိကိုအရှိအတိုင်းလက်ခံနိုင်ခြင်းက သင့်ဘဝရဲ့ ပြည့်စုံမှုပါပဲ။ ကိုယ့်မှာရှိတာကို ကိုယ်တိုင်လက်ခံနိုင်တဲ့အခါ ပိုပြီးပျော်စရာကောင်းလာပါတယ်။ ကိုယ့်ဘဝကလည်း ပိုပြည့်စုံလာပါလိမ့်မယ်။
တကယ်တော့ ဘဝရဲ့ ပြည့်စုံခြင်းဆိုတာက ရှိပြီးသမျှကို လက်ခံနိုင်ခြင်းပါပဲ။ အထက်က အမှန်တရား သုံးခုကတော့ လူတိုင်း နားလည်လက်ခံသင့်တဲ့အချက်တွေ၊ အမှန်တရားတွေပါပဲ။ ထိုအမှန်တရား သုံးခုကို ပြန်လည်ရေရွတ်ကြည့်ပြီး သင့်ကိုသင်ဆန်းစစ်ကြည့်လိုက်ပါနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။