ဘဝမှာ သင်ကိုယ်တိုင်တည်ဆောက်ယူရမယ့်စိတ်ထားများ

“I am the master of my fate; I am the captain of my soul.” William Ernest Henley ကဗျာဆရာကြီးက ကိုယ့်ဘဝရဲ့ပဲ့ကိုင်ရှင်က ကိုယ်တိုင်ပဲဖြစ်ပြီး ကိုယ့်ဘဝရဲ့အနာဂတ်ကိုလည်း ကိုယ်ပဲပိုင်တယ်လို့ ပြောထားပါတယ်။ ဘဝမှာ တခါတလေ ကိုယ့်ပယောဂကြောင့်မဟုတ်ဘဲ အခြားသူတွေကြောင့် ဒါမှမဟုတ် ကိုယ်တိုင်ပြုပြင်ပြောင်းလဲဖန်တီးပေးလို့မရတဲ့အခြေအနေမျိုးတွေကို ကြုံလာတတ်ပါတယ်။ လူရယ်လို့ဖြစ်လာတာနဲ့ အသက်ဝိဉာဉ်မချုပ်ငြိမ်းခင်ထိ အခက်အခဲဆိုတာ ရှိနေအုံးမှာပါပဲ။ အဲဒီလိုအခြေအနေမျိုးမှာ ထိုစာသားလေးကို ရွတ်ကြည့်လိုက်ပါ။ သင့်ရဲ့မသိစိတ်ထဲမှာကော၊ သိစိတ်ထဲမှာကော ခွန်အားတွေတိုးလာသလို ခံစားရပါလိမ့်မယ်။ တကယ်တော့ ကျွန်တော်တို့ရဲ့ဘဝကို ကိုယ်တိုင်ကလွဲပြီး ဘယ်သူကမှ မကူညီ မဖေးမနိုင်ပါဘူး။ အဲဒီ့အတွက် အခက်အခဲတွေနဲ့ကြုံလာတိုင်း တစုံတယောက်က လာပြီး ကူညီပေးမှာ ၊ ကယ်ဆယ်ပေးမှာကို ထိုင်စောင့်နေတာထက် ကိုယ့်ကိုကိုယ်ကယ်တင်ဖို့သာ ကြိုးစားသင့်ပါတယ်။ အဲဒါကြောင့် ဘဝမှာ သင်ကိုယ်တိုင်တည်ဆောက်ယူရမယ့်စိတ်ထားတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) စိတ်ဓာတ်ကြံ့ခိုင်စေဖို့
ဘဝက နိမ့်လိုက်မြင့်လိုက်နဲ့မို့ မှန်ကင်းတလှည့်ထင်းတလှည့်ဖြစ်နေမှာပါပဲ။ သာတဲ့အခါရှိသလို နာတဲ့အခါလည်းရှိမှာပါပဲ။ ဘဝရဲ့တက်လိုက်ကျလိုက်ဒဏ်ကို ခံနိုင်ရည်ရှိဖို့က စိတ်ဓာတ်ကြံ့ခိုင်မှုရှိဖို့ အဓိက လိုအပ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်ခြင်းက ဘဝရဲ့အခက်အခဲပေါင်းစုံကို ကျော်ဖြတ်နိုင်ဖို့ အခြေခံဖြစ်သလို၊ အောင်မြင်ခြင်းရဲ့အခြေခံပါပဲ။ စိတ်ဓာတ်ပျော့ညံ့သူက မပြိုင်ခင်ရှုံးနှင့်သူပဲဖြစ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်ဖို့ကို အခြားသူများဆီက မျှော်လင့်နေလို့မရပါဘူး။ သင်ကိုယ်တိုင် တည်ဆောက်ယူရမှာဖြစ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်မှုရှိတဲ့လူတစ်ယောက်က ဘဝမှာ ဘယ်လိုအခက်အခဲမျိုးကြုံပါစေ ပြန်လည်နလန်ထူပြီး ဘဝကို ရှေ့ဆက်နိုင်မှာပါ။

၂) ကိုယ့်ကိုကိုယ်လက်ခံတတ်ဖို့
အမြဲလို မကျေမနပ်ဖြစ်နေတတ်တဲ့လူတွေက ကိုယ့်ကိုကိုယ်မကျေမနပ်ဖြစ်နေတတ်တဲ့သူတွေများပါတယ်။ သူတို့မှာ ပိုင်ဆိုင်ထားသမျှ ၊ ရှိထားသမျှလေးတွေကို သူတို့မတင်းတိမ်သလို၊ အမြဲလို မရနိုင်တာတခုခုကို လိုချင်နေတဲ့သူတွေလည်းဖြစ်ပါတယ်။ အဲဒီလိုလူမျိုးက ကိုယ့်ကိုကိုယ်လက်မခံတတ်တဲ့သူတွေဖြစ်ပါတယ်။ ဥပမာ။ ကိုယ်ကအသားမည်းတယ်..ဒါပေမယ့် အသားဖြူတာလိုချင်တယ်၊ ကိုယ်က သွားခေါတယ်….ဒါပေမယ့် သွားလေးတွေစီတန်းနေချင်တာ၊ ကိုယ်က အရပ်ပုတယ်…..ဒါပေမယ့် ကိုယ်က အရပ်ရှည်ချင်တယ် စသဖြင့်ပေါ့။ ကိုယ်မရနိုင်တာဖြစ်ဖြစ်၊ မရထားတာဖြစ်ဖြစ် လိုချင်စိတ်ဖြစ်နေတဲ့အခါ ကိုယ့်မှာရှိနေတာကို လက်မခံနိုင်တော့ပါဘူး။ အဲဒီ့အခါမှာ မကျေမနပ်စဖြစ်တော့တာပါပဲ။ အဲဒီ့စိတ်က ကိုယ့်တိုင်ပြုပြင်ယူမှရမယ့်စိတ်ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်လက်ခံတတ်ဖို့က ကိုယ်ပဲကျင့်ယူမှရတာပါ ။ အခြားသူက လာပြီး လက်ခံတတ်အောင် ပြုပြင်ပေးလို့မရပါဘူး။

၃) အမှားတွေထဲက သင်ခန်းစာယူတတ်ဖို့
ဘဝမှာ လူတိုင်းအမှားမလုပ်ဖူးတဲ့သူမရှိပါဘူး။ အမှားနည်းအောင်နေထိုင်တဲ့သူရယ်၊ အမှားများတဲ့သူရယ်၊ အမှားတွေကို သင်ခန်းစာယူပြီး ပြုပြင်တတ်တဲ့သူရယ် စသဖြင့်ပေါ့။ အမှားနည်းအောင် နေထိုင်တတ်ဖို့က အမှားတွေထဲက သင်ခန်းစာယူတတ်မှဖြစ်တာပါ။ အမှားတွေလုပ်မိတယ်ဆိုပေမယ့် ကိုယ်မှားနေတဲ့အမှားကို ကိုယ်တိုင်တောင် မသိရင်၊ ဒါမှမဟုတ် ကိုယ်တိုင်မပြုပြင်ချင်ရင် အလားတူအမှားတွေချည်းဆက်ဖြစ်နေအုံးမှာပါပဲ။ အမှားကိုသိပြီး သင်ခန်းစာယူ၊ နောက်တစ်ခါမမှားအောင် ပြုပြင်လိုက်တဲ့အခါကျရင်တော့ အမှားက အမှန်ဖြစ်သွားပါတယ်။ အဲဒီ့လို ဖြစ်လာဖို့က ကိုယ်တိုင်ပဲ ပြုပြင်တည်ဆောက်ယူရမှာပါ။ ဘယ်သူကမှ လုပ်ကြံပေးလို့မရပါဘူး။

၄) ကိုယ်မထိန်းချုပ်နိုင်တဲ့ကိစ္စတွေမှာ အာရုံနှောက်မခံခြင်း
ဘဝမှာ ကျွန်တော်တို့က တစ်ယောက်ထဲ နေထိုင်လို့မဖြစ်နိုင်ပါဘူး။ အဲဒီ့အခါ ပတ်ဝန်ကျင်၊ အပေါင်းအသင်း၊ အခြားပတ်သက်ရာပတ်သက်ကြောင်းတွေအများကြီးရှိကြပါတယ်။ ဒါပေမယ့် အဲဒီလို ပတ်သက်ရာပတ်သက်ကြောင်းတွေ များလေလေ အာရုံနှောက်စရာတွေ များလေလေပါပဲ။ အဲဒီလို အာရုံနှောက်စရာတွေကို သိပြီး ရှောင်နိုင်ဖို့ကတော့ ကိုယ်တိုင်နားလည်ဖို့ပဲလိုပါတယ်။ ကိုယ်မထိန်းချုပ်နိုင်ဘူး ဒါမှမဟုတ် ကိုယ်ဝင်ပြုပြင်ပေးလို့မရဘူး ဒါမှမဟုတ် ကိုယ်က ပြောရုံပြောလို့ပဲရမယ် ကာယကံရှင်ကိုယ်တိုင်က မလုပ်ယူဘူး စသဖြင့် မျိုးစုံအောင်ပါပဲ။ ကိုယ်တိုင် ပြုပြင်တည်ဆောက်ပေးလို့မရတဲ့ ကိုယ်ထိန်းချုပ်ပေးလို့မရတဲ့ကိစ္စမျိုးတွေကို သိဖို့ပဲဖြစ်ပါတယ်။ အဲဒီလို ကိုယ်မထိန်းချုပ်နိုင်တဲ့ကိစ္စတွေမှာ ကိုယ်က စိတ်ညစ်မခံဘဲ ကိုယ်တတ်နိုင်တာကိုသာ အာရုံစိုက်သင့်ပါတယ်။ အဲဒါကလည်း ကိုယ်တိုင်တည်ဆောက်ယူရမယ့် စိတ်ထားတစ်မျိုးပါပဲ။

၅) လက်ရှိကာလမှာပဲ အာရုံစိုက်ဖို့
စိတ်ဖိစီးမှုများတဲ့လူတွေက အတိတ်ထဲမှာနေထိုင်တဲ့သူ ဒါမှဟုတ် အနာဂတ်ကို ကြိုတွေးနေတဲ့သူတွေပဲဖြစ်ပါတယ်။ ထိုသူတွေက ထိုအချိန်ကာလနှစ်ခုမှာ နေထိုင်တာဖြစ်တဲ့အတွက် ခုလက်ရှိအချိန်က ထိုကာလနှစ်ခုကိုတွေးနေတာနဲ့တင် အချိန်ပုပ်သွားပါတယ်။ အဲဒီ့တော့ ဒီနေ့မှာ ကောင်းကောင်းမရှင်သန်နိုင်တော့ပါဘူး ။ စိတ်ပိုင်းဆိုင်ရာအရလည်း ပူပန်သောကရောက်နေရပါတယ်။ အဲဒီလို စိတ်မျိုး ကိုယ်ဖြစ်နေတယ်ဆိုရင်တော့ ပြုပြင်ယူရမှာ ကိုယ်ကိုယ်တိုင်ပါပဲ။ အခြားဘယ်သူကမှ လာပြုပြင်ပေးလို့မရပါဘူး။ အဲဒီလိုအတွေးတွေ ဝင်ပြီဆိုတာနဲ့ ကိုယ့်ကိုကိုယ် ပြန်သတိပေးပါ။ ခုလက်ရှိလုပ်နေတဲ့အလုပ်ကိုပဲ အကောင်းဆုံးလုပ်မယ်။ အဲဒါက ကိုယ့်အတွက် အကျိုးပိုရှိတယ်လို့ သတိပေးလိုက်ပါ။ အဲဒီ့စိတ်ကို ကျင့်ယူပေးပါ။

အထက်က စိတ်ထားတွေကတော့ သင်ကလွဲပြီး အခြားဘယ်သူကမှ လာပြုပြင်တည်ဆောက်ပေးလို့မရပါဘူး။ သင်ကိုယ်တိုင် ပြုပြင်ပြီး သင့်စိတ်ထားကို ပြောင်းလဲပါ။ အဲဒါမှ သင့်ဘဝက ငွေမချမ်းသာ၊ လူမချမ်းသာပေမယ့် ပျော်စရာဖြစ်လာပါလိမ့်မယ်။ ပိုပြီးလည်း စိတ်ညစ်စရာတွေ နည်းပါးလာပါလိမ့်မယ်။ လဲကျနေရင်တောင် ပြန်ထပြီး ရှေ့ဆက်လျှောက်ချင်စိတ်ဖြစ်လာပါလိမ့်မယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။