ဘဝမှာ ကိုယ်တိုင်ပြုပြင်ဖို့မေ့နေတတ်တဲ့အရာများ

သင့်ဘဝမှာ သင့်ကိုယ်တိုင်ပြုပြင်ဖို့မေ့နေတတ်တဲ့အကျင့်တွေရှိမှာပါ။ တခါတလေဆို အကျင့်ဆိုးမှန်းသိရက်နဲ့ လျစ်လျူရှုပြီးလုပ်မိနေတာမျိုး၊ တခါတလေဆို မကောင်းမှန်းသိရက်နဲ့ စိတ်အလိုလိုက်မိတာမျိုးတွေပေါ့။ အဲီ့အကျင့်တွေက ကိုယ့်ကိုယ့်ကိုယ့်စည်းကမ်းသတ်မှတ်မှုအားနည်းရာကနေမှတဆင့် ကိုယ်တိုင်ပြုပြင်ဖို့မေ့နေတတ်တဲ့အရာတွေဖြစ်လာပါတယ်။ ဘယ်လိုအကျင့်တွေဖြစ်မလဲသိရအောင် ဖတ်ကြည့်လိုက်ပါအုံး။


၁) အခြားလူရဲ့ဘဝကိုသေချာမသိဘဲ ထင်သလိုသုံးသပ်တတ်ခြင်း
ဒါကတော့ ခပ်လွယ်လွယ်ပြုလုပ်တတ်တဲ့အကျင့်တစ်မျိုးပါပဲ။ ကိုယ့်ကိုယ်ကိုယ်ဝေဖန်ဖို့ထက် အခြားသူကို ဝေဖန်ရတာပိုလွယ်ဆိုတဲ့စကားကအမှန်ပါပဲ။ ကိုယ်သေချာမသိပေမယ့် ကိုယ်မြင်နေရတဲ့အခြမ်းကိုသာ ကြည့်ပြီး အခြားလူရဲ့ဘဝကိုသုံးသပ်တတ်တဲ့အကျင့်မျိုးဟာလည်း လူတိုင်းနီးပါး မသိမသာလုပ်တတ်ကြတဲ့အကျင့်ဖြစ်ပါတယ်။ အဲဒါကြောင့် တခါတလေ ကိုယ့်ကိုယ်ကိုယ်တောင်ပြုပြင်ရမယ်ဆိုတာ မေ့နေတတ်တဲ့အကျင့်တစ်မျိုးပါပဲ။

၂) ကိုယ်ကိုယ့်ကိုယ်သာ အမှန်ထင်တတ်ခြင်း
ဒါကလည်း လူတိုင်းနီးပါးလို မပြုပြင်တတ်ကြတဲ့အကျင့်ပါပဲ။ ကိုယ်သာအမှန်လိုတွေးတတ်တာမျိုးပေါ့။ အဲဒါကြောင့်ကိုပဲ ကိုယ်သာအမှန်ဆိုတဲ့မာန်မာနစွဲကိုင်ထားပြီး အမှားတွေကို လျစ်လျူရှုထားတတ်ကြပါတယ်။ အဲဒါကြောင့် ဒီအကျင့်ကလည်း ကိုယ်တိုင်ပြုပြင်ရကောင်းမှန်းမေ့နေတတ်တဲ့အကျင့်ထဲမှာပါဝင်ပါတယ်။

၃) ကိုယ့်စိတ်ကိုယ်မသိခြင်း
ဒါကတော့ လူငယ်တွေကြားထဲမှာ အဖြစ်များဆုံးပြဿနာလို့ပြောရမယ်ထင်ပါတယ်။ တချို့လူကြီးပိုင်းတွေမှာလည်း ဖြစ်နေတတ်ပါတယ်။ ကိုယ့်စိတ်သဘောကို ကိုယ်တိုင်နားမလည်နိုင်တာပါ။ လူတစ်ယောက်မှာ ကိုယ့်စိတ်ကိုယ်သိနိုင်သွားတဲ့အခါ ကိုယ့်ဘဝတိုးတက်ဖို့အလေ့အကျင့်ကောင်းတွေကို ပြုပြင်ယူနိုင်လာပါတယ်။ ကိုယ့်ရည်မှန်းချက်ကို ကိုယ်တိုင်သိလာပါတယ်။ ကိုယ်တိုင် ပြုပြင်သင့်တာတွေကိုလည်း နားလည်လာပြီး ကိုယ့်စိတ်ကို ကိုယ်တိုင်နားထောင်တတ်လာပါတယ်။ ဥပမာ။ ကိုယ့်စိတ်ဖိစီးမှုကို ဘယ်လိုပြေပျောက်အောင်ကြိုးစားမလဲဆိုတာမျိုးနားလည်လာခြင်း၊ ကိုယ့်အတွက် အဆိပ်အတောက်လိုလူတွေကို ရှောင်ကျဉ်တတ်လာခြင်း၊ ကိုယ့်ကိုယ်ကိုယ်အားပေးတတ်လာခြင်း၊ အရှုံးတွေကနေ ပြန်ပြီးသင်ခန်းစာယူတတ်လာခြင်း

၄) ကိုယ့်ကိုယ်ကိုယ်မထိန်းချုပ်နိုင်ခြင်း
ဒါကအထက်ကအချက်နဲ့ဆက်စပ်နေပါတယ်။ ကိုယ့်စိတ်ကိုယ်သိတဲ့လူမှာ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီးထိန်းချုပ်တတ်လာစေပါတယ်။ ကိုယ့်စိတ်ကိုယ်မသိတဲ့လူမှာတော့ ကိုယ့်ကိုယ်ကိုယ်မထိန်းချုပ်နိုင်ပါဘူး။ တခါတလေ ကိုယ့်ဟာကိုယ်တောင်မသိလိုက်ဘဲ ကိုယ်မလုပ်ချင်တဲ့ကိစ္စမျိုး၊ ကိုယ်မလုပ်သင့်တဲ့ကိစ္စမျိုးကို လုပ်မိသွားတတ်လို့ အမှားတွေလည်း များလာတတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်မထိန်းချုပ်နိုင်တဲ့အကျင့်ကလည်း ကိုယ်တိုင်ပြုပြင်ဖို့မေ့နေတတ်တဲ့အကျင့်ထဲမှာ အပါအဝင်ပါပဲ။

၅) အကျင့်ဆိုးမှန်းသိရက်နဲ့ မပြုပြင်နိုင်ခြင်း
ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်စွဲခြင်းကနေ ဆေးသုံးခြင်းအထိသာမက ကိုယ့်ရဲ့အသေးအဖွဲအကျင့်ဆိုးလေးတွေအထိ ကိုယ့်ဟာကိုယ်သိရက်နဲ့မပြုပြင်နိုင်ခြင်းကလည်း ကိုယ့်ကိုယ်ကိုယ်မထိန်းချုပ်နိုင်ခြင်းတစ်မျိုးပါပဲ။ အဲဒီလိုအကျင့်ဆိုးမှန်းသိနေပေမယ့် ကိုယ်တိုင်က ပြုပြင်ဖို့ ခက်နေတာ၊ ကိုယ်တိုင်က လျစ်လျူရှုထားပြီးလုပ်နေမိတဲအကျင့်တွေရှိမှာပါ။ ဥပမာ။ မနက်စောစောအိပ်ရာထသင့်တာ သိပေမယ့် Alarm ပိတ်ပြီးပြန်အိပ်နေမိတာမျိုး၊ မနက်စာ မစားဘဲနေမိတာမျိုးတွေပေါ့။ အဲဒီ့လိုအကျင့်လေးတွေကနေစပြီး မူးယစ်ဆေးသုံးမိတာကအစ မပြုပြင်ဘဲ လျစ်လျူရှုထားရာကနေ ကိုယ်တိုင်ပြုပြင်ဖို့မေ့နေသလိုဖြစ်လာတတ်ပါတယ်။

၆) ကိုယ့်ကိုယ်ကိုယ်သတိပေးဆုံးမဖို့မတတ်နိုင်ခြင်း
ဒါသည်လည်း အထက်က ကိုယ့်စိတ်ကိုယ်သိခြင်းနဲ့ဆက်စပ်နေတာပါပဲ။ ကိုယ့်စိတ်ကိုယ်သိနေတဲ့သူမှာ ကိုယ့်အမှားတွေကို ပြုပြင်ဖို့ ကိုယ့်ကိုယ်ကိုယ်ဆုံးမတတ်လာပါတယ်။ ကိုယ့်ကိုယ်ကိုယ်မသိတဲ့သူမှာတော့ ကိုယ့်ဘဝကို အမှောင်ထဲလမ်းလျှောက်နေသလိုဖြစ်နေပြီး ဘယ်ဆီရောက်အောင်သွားနေမှန်းတောင်မသိနိုင်ပါဘူး။ အဲဒါကြောင့် ကိုယ့်ရဲ့အမှားတွေကိုလည်း မမြင်နိုင်သလို ကိုယ့်ကိုယ်ကိုယ်လည်း သတိပေးမဆုံးမနိုင်ပါဘူး။
အထက်က အချက်တွေ သင့်မှာရှိနေတယ်ဆိုရင်တော့ သင့်စိတ်ကိုသင်သိအောင်အရင်ဆုံးသုံးသပ်ပါ။ အမှားတွေကို မြင်အောင်ကြည့်ပါ။ ကိုယ့်စိတ်ကို သတိလေးထားပြီးဆင်ခြင်ကြည့်ပါလို့တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။