ဘဝမှာ ဘယ်တော့မှ ဖုံးကွယ်မထားနိုင်တဲ့အရာ ၃ မျိုး

ဘဝမှာ ဘယ်တော့မှ ဖုံးကွယ်ထားလို့မရတဲ့ အရာတွေရှိပါတယ်။ အဲဒီ့အရာတွေက ဘယ်တော့မှ သင့်ကိုသင် ဟန်ကိုယ်ဖို့ပုံစံနဲ့ဘယ်လောက်ဟန်ဆောင်ပါစေ တစ်ချိန်မဟုတ် တစ်ချိန်တော့ မူရင်းပေါ်လာတတ်တာမျိုးပါပဲ။ အဲဒါက ဘာတွေဖြစ်မလဲဖတ်ကြည့်လိုက်ပါအုံးနော်။


၁) အသိပညာမပြည့်ဝခြင်း
ဒါက လူတစ်ယောက်ရဲ့အပြောအဆို၊ အနေအထိုင်ကို ဟန်ဆောင်ပန်ဆောင် ပညာတတ်သယောင်ဟန်ဆောင်နိုင်ရင်တောင်မှ ထိုရဲ့အသိဉာဏ်ပညာမပြည့်ဝမှန်းကို သူ့ရဲ့ဆုံးဖြတ်ချက်တွေနဲ့ သူ့ရဲ့တွေးတောမြော်မြင်နိုင်စွမ်းတွေကနေ သိနိုင်ပါတယ်။ ပညာဉာဏ်ဆိုတာက ဘွဲ့လက်မှတ်တွေ၊ ပညာတတ်ကြောင်းပြနိုင်တဲ့စာရွက်စာတမ်းတွေမဟုတ်ပါဘူး။ ပြဿနာတစ်ခု၊ အခက်အခဲတစ်ခုကို သင်ဘယ်လိုဖြေရှင်းမလဲ၊ အမှားအမှန်ဘယ်လိုခွဲခြားမလဲဆိုတဲ့ သင့်ရဲ့တွေးတောမြော်မြင်နိုင်စွမ်းပါပဲ။ အဲဒါအပြင် လူသားချင်းစာနာထောက်ထားတဲ့စိတ်လည်း အပါအဝင်ပေါ့။ ပညာတတ်တိုင်း အသိဉာဏ်ပြည့်ဝတယ်လို့ ပြောမရသလို၊ ဘွဲ့လက်မှတ်တွေ သက်သေပြစရာစာရွက်စာတမ်းတွေမပိုင်ဆိုင်လည်း အသိဉာဏ်မပြည့်ဝဘူးလို့ ပြောလို့မရပြန်ပါဘူး။ အသက်ကြီးတာငယ်တာနဲ့လည်း မဆိုင်ဘဲ တွေးတောမြော်မြင်နိုင်စွမ်းနဲ့ ကိုယ်ချင်းစာစိတ်ပြည့်ဝခြင်းပါပဲ။ တကယ့်ကျဉ်းထဲကြပ်ထဲရောက်လာတဲ့အခါ လူတစ်ယောက်ရဲ့အသိပညာပြည့်ဝခြင်း၊ မပြည့်ဝခြင်းဆိုတာ သိသာလာတဲ့အရာပဲမို့ ဟန်ဆောင်မရနိုင်ပါဘူး။

၂) ကိုယ်ကျင့်တရားမကောင်းခြင်း
လူတစ်ယောက်က ဘယ်လောက်ပဲ တန်ဖိုးကြီးအဝတ်အစားတွေဝတ်ပြထားပါစေ၊ လူအထင်ကြီးအောင်ဘယ်လိုပဲလုပ်လုပ် တကယ်တမ်း အခက်အခဲအကြပ်အတည်းနဲ့ကြုံလာချိန်မှာ လူတစ်ယောက်ရဲ့ကိုယ်ကျင့်တရားဟာ သိသာလာပါတယ်။ ဘယ်လောက်ပဲ ဟိတ်ဟန်တခွဲသားနဲ့ အပေါ်ယံအထင်ကြီးအောင် ဟန်ဆောင်ထားပါစေ ကိုယ့်ကျင့်တရားမကောင်းခြင်းဟာ ဘယ်လိုမှဖုံးကွယ်မရ၊ ဟန်ဆောင်မရတဲ့အရာပါပဲ။

၃) အမှန်တရား
ဘယ်လောက်ပဲ ဖုံးကွယ်ပါစေ အမှန်တရားက တနေ့မဟုတ်တစ်နေ့တော့ ပေါ်လာတတ်တာမျိုးပါ။ အချိန်တော့စောင့်ရတာပေါ့။ မဟုတ်တာမလုပ်ထားတဲ့လူတစ်ယောက်ဟာ လက်ရှိအချိန်မှာ ဘယ်လောက်ပဲ အထင်မြင်လွဲမှားခံနေရပါစေ ၊ အချိန်တန် အမှန်တရားဟာ ဗူးပေါ်သလိုပေါ်လာတတ်ပါတယ်။ အဲဒါအပြင် အမှန်တရားကို ပြုလုပ်သူ၊ လက်ကိုင်ထားသူဟာလည်း ဘယ်လောက်စွပ်စွဲခံရ၊ တိုက်ခိုက်ခံရပါစေ၊ သူ့စိတ်ထဲမှာ သူ့ကိုယ်သူလိပ်ပြာလုံနေတဲ့အတွက်ကြောင့်ကို သူဟာ မဟုတ်တာလုပ်တဲ့သူတွေထက်ကို ရဲဝင့်နေပါတယ်။ အမှန်တရားရဲ့မာန်နဲ့ ရဲဝင့်ပြတ်သားပါတယ်။
ဘယ်အရာတွေကို ဟန်ဆောင်မရတဲ့အရာလို့ စာဖတ်သူတွေကရော သတ်မှတ်ပါသလဲ။ အထက်က အရာ ၃မျိုး ကတော့ဘယ်လောက်ဟန်ဆောင်ကောင်းပါစေ အချိန်တန်ဘူးပေါ်သလိုပေါ်လာတတ်တဲ့အရာတွေပါပဲ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။