ဘဝကမှန်းထားသလိုဖြစ်မလာတဲ့အခါ……

ဘဝက ပုံစံခွက်ထဲက ရေလိုဖြစ်ပါတယ်။ ဖန်ခွက်ထဲ ထည့်ထားရင် ရေက ဖန်ခွက်ရဲ့ပုံစံအလိုက် ပြောင်းလဲနေမှာဖြစ်ပါတယ်။ ရောမရောက်ရင် ရောမလိုကျင့်ရမှာဖြစ်ပါတယ်။ အမြဲတမ်း ပုံသေကားချဖြစ်နေမယ်လို့ ဘယ်သူကမှမပြောနိုင်ပါဘူး။ ဒီနေ့ အဆင်ပြေနေပေမယ့်မနက်ဖြန် အဆင်ပြေချင်မှပြေတော့မှာပါ။ ဒီနေ့ ပျော်ရွှင်နေရပေမယ့် နောက်နေ့ ဝမ်းနည်းစရာတွေကြုံချင်ကြုံရနိုင်ပါတယ်။ ဒီနေ့ရှင်ဘုရင်ဖြစ်နေနိုင်ပေမယ့်မနက်ဖြန် သူဖုန်းစားဘဝလည်းရောက်သွားနိုင်တာပါပဲ။ အဲဒါကြောင့် ဘဝမှာ ဘယ်အရာကိုမှ တသတ်မတ်တည်း မသတ်မှတ်နိုင်ပါဘူး။


ဒါပေမယ့် လူတော်တော်များများက လက်ရှိရထားတဲ့အခြေအနေကောင်းတယ်ဆိုရင် ထိုကောင်းတဲ့အခြေအနေပေါ်မှာ သာယာနေတတ်ပြီး ဒီအခြေအနေဟာ မကြာခင်အချိန်မှာတင် ပျောက်ပျက်သွားနိုင်တယ်ဆိုတာကို မေ့လျော့နေတတ်ကြပါတယ်။ အဲဒါကြောင့်ကိုပဲ ဘဝမှာ ကိုယ်မှန်းထားသလိုဖြစ်မလာတဲ့အခါ မျှော်လင့်ချက်မဲ့သွားတာ၊ စိတ်ဆင်းရဲတာ၊ စိတ်ဒုက္ခရောက်ရတာ၊ စိတ်ဓာတ်ကျတာ စတဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေ စုံလင်အောင် ခံစားကြရတာပဲဖြစ်ပါတယ်။ ဒါဆိုရင် ဘဝမှာ ဘယ်အရာမှ မတည်မြဲဘူးဆိုတဲ့အတွေးကြီးလက်ကိုင်ထားရမှာလား၊ အဲဒါဆို ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ပြည့်ပြည့်၀၀ ပျော်နိင်ပါတော့မလားလို့ ပြောစရာရှိပါတယ်။
တကယ်တော့ ဘယ်လိုအခြေအနေမျိုးကြုံကြုံ အကောင်းဆုံးပြင်ဆင်ပြီး အဆိုးဆုံးကို မျှော်လင့်ထားရမှာပဲဖြစ်ပါတယ်။ ခုလက်ရှိ သင်ရည်မှန်းထားတာလေးတွေ ဖြစ်မြောက်နေတယ်၊ သင့်အတွက်အရာရာ အဆင်ပြေအောင်မြင်နေတယ်ဆိုရင် သင်ကျေနပ်ပြီး သင့်ဘဝကိုပျော်ရွှင်နေပါလိမ့်မယ်။ ဒါပေမယ့် ထိုအပျော်တွေထဲမှာပဲ နစ်မွန်းနေပြီး ရှေ့အတွက်ဘာမှ ကြိုတင်မပြင်ဆင်ထားဘဲနေလို့မဖြစ်ပါဘူး။ ခုလက်ရှိ အဆင်ပြေနေတာသည် ကောင်းတဲ့အခြေအနေဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ဘဝကိုယ်ကျေနပ်စရာကောင်းပါတယ်။ ဒါပေမယ့် ဒီလိုကောင်းမွန်နေတဲ့အခြေအနေသည် အမြဲမဖြစ်နိုင်တဲ့အတွက် ရေရှည်အတွက် အဆိုးဆုံးဖြစ်လာမယ့်အခြေအနေကို ကြိုတွေးပြီး ပြင်ဆင်မှုမျိုး ပြုလုပ်ထားရမှာဖြစ်ပါတယ်။ အဲဒါမှ လက်ရှိအခြေအနေထက် ဆိုးဝါးသွားတဲ့အခါ သင်ထင်ထားတာထက်ပိုပြီး ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။
ခုလက်ရှိမှာ သင်မမှန်းထားတဲ့အဆိုးဆုံးတွေ ကြုံနေရတယ်ဆိုရင်ကော……။ လက်ရှိမှာ ကောင်းမွန်တဲ့အခြေအနေကြုံနေရတာကို ရင်ဆိုင်ဖို့က သင့်အတွက် ခက်ခဲမှာမဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိမှာ သင်လုံးဝမမှန်းထားတဲ့ အဆိုးဆုံးဆိုတဲ့အခက်အခဲမျိုးတွေကို ရင်ဆိုင်တဲ့အခါမှာတော့ သင်ဆောက်တည်မရဖြစ်ရပါလိမ့်မယ်။ နာကျင်ရမယ်၊ ကြေကွဲမယ်၊ စိတ်ထိခိုက်ပူဆွေးမယ် စသဖြင့် အနုတ်သဘောခံစားချက်တွေသာ ခံစားရမှာဖြစ်ပါတယ်။ အဲဒါဆို ဘယ်လိုရင်ဆိုင်ကြမလဲ။ အထက်ကလိုပဲ….ခုကြုံနေရတာသည်လည်း ခဏတာဖြစ်ပါတယ်လို့ သင့်ကိုသင်ပြန်တွေးပြီး ဖြေသိမ့်ပါ။ ခုကြုံနေရတဲ့ပြဿနာတိုင်းမှာ အဖြေတစ်ခုတော့ရှိပါတယ်။ အကောင်းဆုံးအဖြေက ဘာဖြစ်မလဲလို့ စဉ်းစားပါ။ စိတ်တည်ငြိမ်ခြင်းကသာ သင့်အတွက် ပိုကောင်းတဲ့အဖြေကို ရလာစေနိုင်ပါတယ်။ ကိုယ်ထိန်းချုပ်နိုင်တဲ့ပြဿနာမျိုးလား ဥပမာ။ ကိုယ်တိုင်လုပ်ယူနိုင်တဲ့ပြဿနာ၊ ကိုယ်တိုင်ဖြေရှင်းနိုင်တဲ့ပြဿနာမျိုးလား၊ ကိုယ်မထိန်းချုပ်နိုင်ဘဲ တပါးသူကြောင့်ဖြစ်ရတဲ့ပြဿနာမျိုးလား ပြန်တွေးပါ။ အဆိုးထဲက အကောင်းဖြစ်အောင် ခုပြဿနာတွေထဲက သင်ခန်းစာယူလို့ရအောင်ယူခဲ့ပါ။ စိတ်ထိခိုက်နာကျင်ကြေကွဲမှုကိုချည်း အာရုံမထားပါနဲ့၊ အဖြေရှာဖို့သာ အာရုံထားပါ။ စိတ်ထိခိုက်နာကျင်ကြေကွဲမှုတွေချည်း အာရုံထားနေတဲ့အခါ အဖြေရှာမတွေ့နိုင်တော့ပါဘူး။ အဲဒါကြောင့် ဘဝက သင်မှန်းထားသလို ဖြစ်မလာတဲ့အခါ သင့်ကိုသင်တည်ငြိမ်အောင် စိတ်ထိန်းပါ။ အဖြေရှာဖို့ကို အာရုံစိုက်ပါ၊ ဒါလည်းမကြာခင် ပြီးသွားမှာပါလို့ နှလုံးသွင်းကြည့်လိုက်ပါ၊ အဆိုးတွေထဲက သင်ခန်းစားရအောင်ယူပြီး နောက်ထပ်အလားတူမျိုးမဖြစ်အောင် ကြိုးစားပါ။ နောက်တစ်ကြိမ်ပြန်လည်ပြင်ဆင်ခွင့်၊ ကြိုးစားခွင့်ရရင် အကောင်းဆုံးကြိုးစားဖို့ကို အာရုံစိုက်ပါလို့တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။