ဘဝက သင့်ကိုပေးထားတဲ့အရာများ

လူရယ်လို့ဖြစ်လာတဲ့အခါ လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ ရရှိပိုင်ဆိုင်ရတာတွေရှိပါတယ်။ အဲဒီ့အရာတွေကိုအပေါ်မှာ သင်ဘယ်လိုပြုပြင်ပြောင်းလဲယူမလဲဆိုတဲ့ အတွေးနဲ့လက်ခံကျင့်သုံးမှုပေါ်မူတည်ပြီး သင့်ဘ၀ ကောင်းခြင်းဆိုးခြင်းတွေဖြစ်လာနိုင်ပါတယ်။ အဲဒီ့တော့ ဘဝက သင့်ကိုပေးတဲ့အရာတွေကို သင်မြင်လာအောင် ရေးပြလိုက်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး သင်ဘယ်လိုလက်ခံမလဲဆိုတာ ဆုံးဖြတ်တတ်ပါစေနာ်။


၁) ဘဝက ခန္ဓာကိုယ်တစ်ခုကိုပေးပါတယ်။
လူရယ်လို့ဖြစ်လာတာနဲ့ ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ရပါတယ်။ အဲဒီ့ခန္ဓာကိုယ်အစိတ်အပိုင်း၊ မျက်နှာသွင်ပြင်၊ ခန္ဓာကိုယ်အချိုးအစား၊ အသားအရောင်၊ မိဘမျိုးရိုးနဲ့ပတ်သက်ပြီး သင်လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ သင်ပိုင်ဆိုင်ရမှာပါပဲ။ပြောချင်တာက သင့်ကိုယ်သင်လက်ခံတတ်မယ်ဆိုရင် သင်ရရှိထားတာကို ပျော်ရွှင်နေမှာဖြစ်သလို သင်ကိုယ်သင်လက်မခံတတ်ဘူးဆိုရင် ဘဝက ပျော်စရာကောင်းမှာမဟုတ်ပါဘူး။ နေတတ်အောင်နေဖို့ပဲလိုပါတယ်။ အဓိကက သင်ရဲ့ခန္ဓာကိုယ်၊ အပေါ်ယံ ရုပ်သွင်ပြင်ထက် သင့်ရဲ့အရည်အချင်းဆိုတာ မမေ့ဖို့ပါပဲ။

၂) သင်ခန်းစာတွေအမြဲပေးနေပါတယ်။
တစ်ချိန်လုံးသင်ယူလို့မဆုံးနိုင်တဲ့ကျောင်းက ဘဝဆိုတဲ့ကျောင်းကြီးပါပဲ။ ကောင်းတာပဲကြုံကြုံ၊ ဆိုးတာပဲကြုံကြုံ သင်ခန်းစာတစ်ခုခုတော့ ပေးတာချည်းပါပဲ။ သင် ရအာင်ယူတတ်ဖို့လိုပါတယ်။ အဓိကက သင်ကြုံလာသမျှတွေထဲက သင်ခန်းစာရအောင်ယူပြီး အတွေ့အကြုံပေါင်းများစွာနဲ့ အလားတူအမှားတွေ မဖြစ်ဖို့ပါပဲ။

၃) အခုရောက်နေတဲ့နေရာက အကောင်းဆုံးနေရာအဖြစ် ဘဝက သတ်မှတ်ပေးထားပါတယ်။
လူတော်တော်များများ မေ့နေတတ်တာက အခုလက်ရှိရထားတဲ့ နေရာ၊ အခုလက်ရှိရထားတဲ့အခြေအနေတွေကို အားမရတတ်တာပါပဲ။ မကောင်းဘူးလို့ထင်တတ်တာပါပဲ။ “ငါ့ဘဝကတော့ မကောင်းလိုက်တာ၊ စိတ်ညစ်စရာကောင်းလိုက်တာ” လို့တွေးမိနေရင် အခုရောက်နေတဲ့နေရာထက် ပိုကောင်းတဲ့နေရာမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ်သတိပေးလိုက်ပါနော်။ ပြောချင်တာက အခုလက်ရှိရောက်နေတဲ့နေရာမှာ အကောင်းဆုံးဖြစ်အောင်ရှင်သန်နေထိုင်ခြင်းကသာ သင့်အတွကအကောင်းဆုံးနေရာဖြစ်စေမှာပါ။ ခုလက်ရှိနေတဲ့နေရာမှာ စိတ်တိုင်းမကျခြင်းက ခုလက်ရှိအခိုက်အတန့်ကိုလည်း စိတ်ညစ်စေသလို၊ ခုလက်ရှိအချိန်မှာလည်း အကျိုးရှိတာဘာမှမလုပ်ဖြစ်တော့ဘဲ အချိန်တွေစိတ်ညစ်ရင်း၊ စိတ်ပျက်ရင်း အလကားကုန်ဆုံးသွားစေပါတယ်။ အဲဒါကြောင့် အချိန်တိုင်းမှာ ရောက်နေတဲ့နေရာကို အကောင်းဆုံးနေရာအဖြစ်ရှင်သန်ဖို့ပါပဲ။

၄) သင်ပြုသမျှ သင့်ထံပြန်လာဖို့ ဘဝကစီမံပေးထားပါတယ်။
ပြောချင်တာက လူတစ်ယောက်ကို စိတ်ကောင်းစေတနာနဲ့ဆက်ဆံလိုက်ခြင်းဟာ သင်ပေးလိုက်တဲ့လူတစ်ယောက်ဆီက စိတ်ကောင်းစေတနာတွေပြန်ရချင်မှရပါလိမ့်မယ်။ ဒါပေမယ့် ဘဝရဲ့တစ်နေရာရာကနေတော့ သင့်စိတ်ထားအမှန်ကို နားလည်တဲ့သူ၊ သင့်စိတ်ထားကနေ သင့်ကိုပြန်အကျိုးပေးတဲ့အရာတွေ သင်ပြန်ရလာမှာပါပဲ။ သင်ကလူတစ်ယောက်ကို မုန်းတီးတယ်ဆိုရင်လည်း အဲဒီလူက ဘာမှမဖြစ်ခင် သူ့ကိုမုန်းတီးတဲ့အမုန်းကြောင့်ပဲ သင်အရင်ပူလောင်ရတာပဲလေ။ အဲဒါက သင်ပြုသမျှ သင်ပြန်ရတယ်ဆိုတဲ့သဘောတရားပါပဲ။ သင်အရင် စိတ်ကောင်းထားလိုက်ခြင်းက သင်အရင်အေးချမ်းသွားတာပါပဲ။ သင့်စေတနာတကယ်စစ်မှန်ရင် သင့်ကိုတခုမဟုတ်တခုတန်ပြန်လာမှာပါပဲ။

၅) သင်ဖြစ်ချင်တာတွေနဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့အဖြေကို ဘဝကပေးထားပြီးသားပါ။
သင်ဖြစ်ချင်တာတွေကိုလုပ်နိုင်တယ်၊ မလုပ်နိုင်ဘူးဆိုတာက သင့်ရဲ့စိတ်နဲ့ဆိုင်တာလို့ဆိုလိုချင်တာပါ။ သင်လုပ်နိုင်တယ်လို့ ထင်တဲ့အခါ ဘယ်အရာကိုမဆို မကြောက်မရွံ့ တိုးဝင်ဖို့ကြိုးစားပါလိမ့်မယ်။ အဲဒီ့နောက်မှာ ကြုံလာသမျှ အခက်အခဲအနှောင့်အယှက်မှန်သမျှ သင့်ဟာသင် ကျော်ဖြတ်ဖို့ ကြိုးစားသွားမှာပါပဲ။ အဲဒီလိုပဲ သင်မလုပ်နိုင်ဘူးလို့ထင်တဲ့ကိစ္စမှန်သမျှကို သင်လုပ်ဖို့စဉ်းစားမှာမဟုတ်ဘဲ သင်ကိုယ်တိုင်ပယ်ဖျက်မှာပါ။ အဲဒါကြောင့်ကိုလည်း သင်မလုပ်နိုင်ဘူးလို့ လက်ခံရင် ဖြစ်လာမှာမဟုတ်သလို၊ သင်လုပ်နိုင်တယ်လို့ လက်ခံရင် သင်ဖြစ်ချင်တာတွေဖြစ်လာပါလိမ့်မယ်။ အဲဒါကြောင့် ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာက သင့်ထံမှာသာ ရှိတာပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။